သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ခရီးစဉ် ကုလလုံခြုံရေးကောင်စီ သုံးသပ်ဆွေးနွေး


ကုလလုံခြုံရေးကောင်စီ
ကုလလုံခြုံရေးကောင်စီ

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းပဋိပက္ခရဲ့ ဒေသတွင်း အပျက်အစီးပမာဏကိုကြည့်မယ်ဆိုရင် ဒေသခံမွတ်ဆလင်တွေဟာ Ethnic Cleansing လူမျိုးနွယ်စုလိုက်ရှင်းလင်းတာမျိုး ခံခဲ့ရဖွယ်ရှိတယ်လို့ အဲဒီ ဒေသကို သွားရောက်လေ့လာခဲ့တဲ့ သံတမန်တွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရှင်းလင်းပြောဆိုခဲ့ကြပါတယ်။ ဒုက္ခသည်တွေအနေနဲ့ နေရပ်ကို ဘေးကင်းကင်း ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်မယ့်အခြေအနေလည်း မရှိသေးဘူးလို့ သံတမန်အချို့က ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သံတမန်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး၊ လုံခြုံရေးကောင်စီမှာ မနေ့က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက ပြောပြပါမယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရ်ှမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ရာဒေသ နောက်ပြီး မြန်မာအစိုးရရဲ့ ဒုက္ခသည်လက်ခံရေးပြင်ဆင်ဆောင်ရွက်မှုတွေကို သွားရောက်လေ့လာခဲ့ပြီး၊ မနေ့ တနင်းလာနေ့မှာတော့ လုံခြုံရေးကောင်စီမှာ ဒီ ခရီးစဉ်နဲ့ပတ်သက်လို့ ပြန်လည်ရှင်းလင်း သုံးသပ်မှုတွေ လုပ်ခဲ့ကြတာပါ။ ခရီးစဉ်မှာ ပါသွားတဲ့ ကုလသမဂ္ဂဆိုင်ရာ ကူဝိတ်နိုင်ငံ သံအမတ်ကြီး Mansour Al Otaibi ကတော့ ဒုက္ခသည်တွေအနေနဲ့ သူတို့ဆန္ဒနဲ့သူတို့ နေရပ်ကို ဘေးကင်းကင်း ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်မယ့် အခြေအနေကောင်း မရှိသေးဘူးဆိုပြီး ပြောဆိုသွားပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်မြင်ခဲ့ရတဲ့အနေအထားတွေအရ ပဋိပက္ခအတွင်းမှာ မွတ်ဆလင်ဒေသခံတွေအနေနဲ့ လူမျိုးနွယ်စုလိုက်ရှင်းလင်းတာမျိုး ခံခဲ့ရနိုင်ချေရှိတယ်လို့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုသွားပါတယ်။

“ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာလူနည်းစုကျေးရွာတွေက အပျက်အစီးပမာဏကို မြင်လိုက်ရခြင်းအားဖြင့် ဒီ လူနည်းစုတွေအပေါ် ပစ်မှတ်ထားပြီး အစီအစဉ်တကျ အကြမ်းဖက်တဲ့ လုပ်ရပ်မျိုးတွေ ဖြစ်ခဲ့တယ်ဆိုတာ ပြနေပါတယ်။ ဒီလူတွေဟာ အစ္စလာမ်ဘာသာကိုးကွယ်ကြတဲ့ လူမျိုးတွေဖြစ်တာက လွဲလို့ ဘာရာဇဝတ်မှုမှ ကျူးလွန်ခဲ့တဲ့သူတွေ မဟုတ်ပါဘူး။ ကျေးရွာတွေကို ကျနော်တို့ ဖြတ်သွားတော့ ရွာတွေမှာ မီးလောင်နေတဲ့ ဖျက်ဆီးခံထားရတဲ့ နေအိမ်တွေ တွေ့ပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် သူတို့ဟာ နိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေ ချိုးဖောက်ခံရပြီး၊ သူတို့ကြုံတွေ့ခဲ့ရတာတွေဟာ လူမျိုးနွယ်စုလိုက်ရှင်းလင်းဖယ်ရှားမှု အတိုင်းအတာအထိ ဖြစ်နိုင်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကတော့ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် နှိပ်ကွပ်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန်အရးယူဖို့အရေးမှာ တရုတ်နိုင်ငံက မြန်မာကို အကာအကွယ်ပေးနေတဲ့သဘော သွယ်ဝိုက်ဝေဖန်သွားပါတယ်။ အချို့ကြောင့် ခရီးစဉ်အတွင်း လုံခြုံရေးကောင်စီညီညွတ်မှုပြဖို့ကို ထိခိုက်စေခဲ့ပြီး၊ စာသားပြင်ဆင်မှုတွေကြောင့်လည်း လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ အားပျော့ခဲ့ရတယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Zhaoxu ကတော့ ပြဿနာကို ပိုပြီး မရှုပ်ထွေးလာစေဖို့ မြန်မာနဲ့ဘင်္ဂလားဒေရ်ှ နှစ်နိုင်ငံအကြား ဖြေရှင်းမှုကို အားပေးသင့်တယ်လို့ လုံခြုံရေးကောင်စီမှာ ပြောသွားပါတယ်။ ခရီးစဉ်မှာ ပါသွားတဲ့အထဲ ရခိုင်ပဋိပက္ခနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ပြောလေ့ရှိသူတဦးကတော့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Karen Pierce ပါ။ ဒီလောက် ကြီးမားတဲ့ပြဿနာကို ကိုင်တွယ်ဖို့ဆိုတာ ကုလသမဂ္ဂတခုတည်းကပဲ ကျွမ်းကျင်ပိုင်နိုင်မှုရှိတာမို့ ရခိုင်ဒေသကို ကုလသမဂ္ဂကို အတားအဆီးမရှိ ဝင်ခွင့်ပေးဖို့လိုတယ်လို့ သူက လုံခြုံရေးကောင်စီမှာ ပြောပါတယ်။

“ဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့နေရတာတွေ အစိုးရနဲ့ ကုလသမဂ္ဂ ကြုံတွေ့နေရတာတွေအတွက် ကျမ အင်မတန်တုန်လှုပ်ခဲ့ရပါတယ်။ ကြီးမား ကျယ်ပြန်တဲ့ အပျက်အစီးအတိုင်းအတာတွေ့ခဲ့ရပြီး၊ ဒါဟာ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရ်ှဖက်ကို အစုအပြုံလိုက်ထွက်ပြေးရတဲ့ အကြောင်းရင်းတခုဆိုတာ ထင်ရှားပါတယ်။ ဒီလူတွေ နေအိမ်ပြန်နိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။ ဒုတိယလုပ်ရမှာကတော့ ဒီပြဿနာတွေကို တုန့်ပြန်အရေးယူရေး အစိုးရအာဏာပိုင်တွေအနေနဲ့ တိုးမြင့်လုပ်ဆောင်ဖို့နဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ကုလသမဂ္ဂကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပေးရေးပါ။ ဒီလို ပမာဏာနဲ့ကြုံတွေ့နေရတာကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကုလသမဂ္ဂကပဲ ကျွမ်းကျင်ပိုင်နိုင်မှုရှိတာပါ။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်းကတော့ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခွင့်ပြုမှာမဟုတ်ပဲ၊ စွတ်စွဲချက်တွေကိုလည်း ဥပဒေအတိုင်း စုံစမ်းသွားမှာဖြစ်တယ်လို့ လုံခြုံရေးကောင်စီမှာ ပြောပါတယ်။ အရေးကြီးဆုံးကတော့ ဒုက္ခသည်တွေ ပြန်လက်ခံရေးလုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။

“ ရခိုင်ပြည်နယ်က လက်ရှိ ပြဿနာတွေကို ဖြေရှင်းရာမှာ အရေးတကြီးလုပ်ရမှာက နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ဒုက္ခသည်တွေ ပြန်လက်ခံရေး စတင်ဖို့ဆိုတာကို ကျနော်တို့အားလုံး သဘောထားတူပါတယ်။ ကျနော်တို့ဖက်ကတော့ ဒီလူတွေကို လက်ခံဖို့ အဆင်သင့်ရှိနေတာကြောင့်၊ ဖြစ်နိုင်သမျှ မြန်မြန် ဒီလုပ်ငန်းတွေကို စတင်လိုတယ်ဆိုတာကို ကျနော်တို့ အကြိမ်ကြိမ်ပြောထားပါတယ်။”

ဒုက္ခသည်တွေ ပြန်လာရေးစတင်ဖို့ မြန်မာဖက်က ပြောနေပေမယ့်၊ ဒုက္ခသည်တွေအတွက် ရေရှည်အနာဂတ် ဘေးကင်းလုံခြုံမှု လွတ်လပ်စွာ နေထိုင်သွားလာခွင့်နဲ့ နိုင်ငံသားအခွင့်အရေးတန်းတူရရှိရေးတွေဟာ ဒုက္ခသည်တွေဖက်က လိုလားတဲ့ အာမခံချက်မျိုးဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရ်ှသံအမတ်က ပြောခဲ့ပါတယ်။ အမေရိကန်သံအမတ်ကြီး Haley ကတော့ ခရီးစဉ်မှာ ပါမသွားခဲ့ပါဘူး။ ဒါပေမယ့် ဒီ အကြပ်အတည်းကို ဖြေရှင်းဖို့ လုံခြုံရေးကောင်စီအနေနဲ့နည်းလမ်းရှိတယ်လို့ သူက ပြောပါတယ်။ ဘယ်လိုနည်းလမ်းလဲဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။ လူသားချင်းစာနာမှုကူညီရေးဆိုင်ရာအကြပ်အတည်းကိုရော လူ့အခွင့်အရေးပြသနာကိုပါ ဖြေရှင်းဖို့အတွက် လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ် အလျင်အမြန်ချမှတ်ရလိမ့်မယ်လို့ အမေရိကန်သံအမတ်က မနေ့က လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG