သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် ပြန်လက်ခံရေး မြန်မာအရှိန်မြှင့်ဖို့ UNSC တိုက်တွန်း


ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် မြန်မာဖက်ကအားထုတ်ဆောင်ရွက်မှုတွေ အရှိန်မြှင့်လုပ်ဖို့ လိုတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဖက်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေး မောတောဒေသမှာ ပြင်ဆင်နေတဲ့ အခြေအနေတွေကို လုံခြုံရေးကောင်စီဝင်ကိုယ်စားလှယ်တွေ အင်္ဂါနေ့က ကိုယ်တိုင်သွားရောက်လေ့လာအပြီးမှာ ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာပြဿနာဖြေရှင်းရေးမှာ လုံခြုံရေးကောင်စီအနေနဲ့ ဘယ်လိုအကောင်းဆုံး အကူအညီပေးနိုင်မလဲဆိုတာ အဖြေရှာဖို့ လာရောက်တဲ့ခရီးစဉ်ကနေ လုံခြုံရေးကောင်စီကိုယ်စားလှယ်တွေ ဘာတွေ တွေ့ရှိခဲ့သလဲဆိုတာကို မစုမြတ်မွန်က ဆက်ပြီး တင်ပြပါမယ်။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး လူသားဘေးဒုက္ခလို့ ဖော်ပြပြောဆိုနေကြတဲ့ ရိုဟင်ဂျာပြဿနာကြီးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဘယ်လိုကူညီနိုင်မလဲဆိုတာ သိနိုင်ဖို့ကြိုးစားနေကြတဲ့ လုံခြုံရေးကောင်စီသံတမန်အဖွဲ့ဟာ အင်္ဂါနေ့က မောင်တောဒေသကို သွားရောက် လေ့လာခဲ့ကြပါတယ်။ Bangladesh နိုင်ငံဖက်က ပြန်လာကြမယ့် ဒုက္ခသည်တွေကို လက်ခံဖို့ ပြင်ဆင်နေတဲ့ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းကို လေ့လာခဲ့ကြသလို။ ပြန်ဝင်လာသူတွေကို နိုင်ငံသားဖြစ်ခွင့်ရှိမရှိစိစစ်မယ့် NVC ကဒ်ပြား ထုတ်ပေးရေး အစီအစဉ်တွေကိုလည်း လေ့လာခဲ့ကြပါတယ်။ မောင်တောဒေသဖက်က မြင်တေ့ွရတဲ့အခြေအနေတွေအရ ဒုက္ခသည်ပြည်လည်ခံရေးအတွက် မြန်မာနိုင်ငံအနေနဲ့ အရှိန်မြှင့်လုပ်ဖို့ လိုနေသေးတယ်လို့ လုံခြုံရေးကောင်စီကိုယ်စားလှယ်တွေကို ဦးဆောင်သူတယောက်ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Karen Pierce ကခုလို ပြောကြားခဲ့ပါတယ်။

"အခက်အခဲ စိန်ခေါ်မှုအတိုင်းအတာ ဘယ်လောက်ကြီးမားနေသလဲဆိုတာကို ဒီကနေ့ လူတိုင်း ခေါင်းထဲထည့်သွားကြလိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့တေ့ွမြင်ရတဲ့ မြန်မာဖက်က အားထုတ်ဆောင်ရွက်မှုအတိုင်းအတာက သိပ်ကို နည်းလွန်းပါတယ်။ ပြန်လာမယ့် လူ ၁ သန်းလောက် ရှိနေချိန်မှာ တနေ့ကို အလွန်ဆုံး ဒုက္ခသည် ၃၀၀ ပဲပြန်လက်ခံနိုင်မယ့် အခြေအနေဆိုတော့ နေရာတိုင်းမှာ အရှိန်မြှင့်လုပ်ဖို့ လိုနေတယ်ဆိုတာ သိပ်ကိုရှင်းပါတယ်။"

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေဟာ မြန်မာနိုင်ငံကို မလာခင် Bangladesh နိုင်ငံကိုသွားရောက်ခဲ့ပြီး Cox’s Bazar မှာရှိတဲ့ Kutupalong ဒုက္ခသည်စခန်းက အခြေအနေတွေကို အရင်လေ့လာခဲ့ကြတာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ရုရှားနိုင်ငံဆိုင်ရာ ဒုတိယသံအမတ်ကြီး Dmitry Polyanskiy က ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ဦးစားပေးလုပ်ရမယ်လို့ ခုလို ပြောပါတယ်။

"သိရတဲ့အချက်အလက်တွေ။ အထူးသဖြင့် ဒုက္ခသည်တွေရဲ့ အခြေအနေကြောင့် ကျွန်တော်သိပ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် ပထမဦးစားပေးလုပ်ရမှာက သူတို့ကို ကူညီဖို့ဖြစ်ပါတယ်။ အချိန်မဆိုင်းဘဲ လူသားချင်းစာနာတဲ့အကူအညီပေးနိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။"

လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ ၂ ရက်နီးပါးကြာတဲ့ မြန်မာနိုင်ငံခရီးစဉ်ကနေ မြန်မာအစိုးရအတွက် ဘယ်လိုအကောင်းဆုံး အကူအညီတွေ ပေးနိုင်မလဲဆိုတာကို အဖြေရှာသွားကြမယ့်အကြောင်းကိုလည်း သူတို့ခရီးစဉ်အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ သံအမတ်ကြီး Karen Pierce က ခုလို ရှင်းပြသွားပါတယ်။

" ပြဿနာဖြေရှင်နိုင်ရေး ကူညီမယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့အပိုင်းမှာ အားလုံးညီညီညွတ်ညွတ်ရှိတယ်ဆိုတာ ကျွန်မတု့ိ ပြောထားပြီးသားပါ။ အခုပြန်သွားပြီးရင် ဘယ်လိုအကောင်းဆုံး ကူညီမလဲဆိုတာကို စဉ်းစားသွားကြပါမယ်။ ပထမအဆင့်အနေနဲ့ Bangladesh နဲ့ မြန်မာအစိုးရတွေကို ကူညီဖို့ဖြစ်ပါတယ်။ ဒီလောက်ကြီးမားတဲ့ပြဿနာကြီးကို ကုလသမဂ္ဂကသာ ဖြေရှင်းနိုင်မှာဖြစ်တာကြောင့် ကန့်သတ်ချက်မရှိ ကုလသမဂ္ဂ သွားလာနိုင်ခွင့်ရဖို့လည်း လုပ်ရပါမယ်။"

Dr. Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့က အကြံပြုထားတဲ့ အစီအစဉ်တွေကို မြန်မာအစိုးရက အကောင်အထည်ဖော်တဲ့နေရာမှာရော။ ဒုက္ခသည်ပြည်လည် လက်ခံရေး Bangladesh အစိုးရနဲ့ သဘောတူထားတဲ့အချက်တွေကို လက်တွေ့လုပ်တဲ့နေရာမှာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကူညီချင်တယ်လို့လည်း ပြောကြားသွားပါတယ်။ ဒါတင်မက ပြန်လာမယ့် ဒုက္ခသည်တွေကို ကုလသမဂ္ဂအဖွဲ့အစည်းတွေ ကန့်သတ်ချက်မရှိ အကူအညီပေးရေးအတွက် ကုလသမဂ္ဂနဲ့ မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာကို အမြန်ဆုံး လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း လုံခြုံရေးကောင်စီသံတမန်တွေက ပြောပါတယ်။

သူတို့အဖွဲ့ဟာ April လ ၃၀ ရက်နေ့မှာ နေပြည်တော်ကို ရောက်လာပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ သီးခြားတေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။ Bangladesh ဖက်ကနေ ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် လုံခြုံရေးအခြေအနေတိုးတက်အောင် လုပ်ဖို့ အင်မတန်အရေးကြီးတဲ့အကြောင်းနဲ့ ဒုက္ခသည်တွေ ထွက်ပြေးရလောက်အောင် ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးဖို့ အရေးကြီးတဲ့အကြောင်းတွေကို ဆွေးနွေးမှုတွေအတွင်း ပြောကြားခဲ့တယ်လို့ လုံခြုံရေးကောင်စီလက်ရှိဥက္ကဋ္ဌ Peru နိုင်ငံ သံအမတ်ကြီးက သတင်းစာရှင်းပွဲမှာ ပြောပြပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ အထောက်အထားတွေရှိရင် မြန်မာအစိုးရကိုပေးဖို့နဲ့ အသေအချာ စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဖက်က တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ သူတို့အနေနဲ့ သက်သေအထောက်အထားတွေ ပြနိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ရသေးဘူးဆိုတာကိုလည်း သံအမတ်ကြီး Karen Pierce က သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လိင်အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ပါတ်သက်လို့ တပ်မတော်အနေနဲ့ ဒီလိုပြစ်မှုမျိုးကို ပိုမိုပြင်းထန်စွာ အပြစ်ပေးနေကြောင်းနဲ့။ မြန်မာ့တပ်မတော် သမိုင်းကြောင်းမှာ လိင်အကြမ်းဖက်မှုတွေ မရှိတဲ့အကြောင်းတွေ ပြန်ပြောခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၇ ခုနှစ် August လတုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်စခန်းတွေအပေါ် ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ဆိုပြီး ရိုဟင်ဂျာမွတ်ဆလင် ၇ သိန်းနီးပါး Bangladesh နိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG