သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လုံခြုံရေးကောင်စီအဖွဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘာဆွေးနွေးခဲ့လဲ


ကုလ လုံခြုံရေးကောင်စီအဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုရောက်ရှိစဉ် ဒုက္ခသည်များ ဆန္ဒပြ
ကုလ လုံခြုံရေးကောင်စီအဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုရောက်ရှိစဉ် ဒုက္ခသည်များ ဆန္ဒပြ

မြန်မာနိုင်ငံကို ရောက်ရှိသွားပြီဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ဦးလုံးပါဝင်တဲ့ သံတမန်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ခဲ့မယ်လို့ မျှော်လင့်ကြောင်း ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် သံတမန်အဖွဲ့တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာ တွေ့ဆုံခဲ့ချိန် ရခိုင်အကြမ်းဖက်မှုတွင်း သူတို့ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဒုက္ခသည်စခန်းတွင်း အခက်အခဲတွေကို တင်ပြနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ဒီကနေ့ ဧပြီလ ၃၀ရက်နေ့မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ဦးလုံးပါဝင်တဲ့ သံတမန်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဆိုက်ရောက်သွားပြီဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်။ ဧပြီလ ၂၉ရက်နေ့ မနေ့တနင်္ဂနွေနေ့တုန်းကတော့ ဒီကုလလုံခြုံရေးကောင်စီသံတမန်အဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီးက ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့ပြီးတော့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့တဲ့ ကုတုပလောင်ဒုက္ခသည်စခန်းက ဦးအီစလံကတော့ ရခိုင်မြောက်ပိုင်းအကြမ်းဖက်မှုဖြစ်စဉ်အတွင်း သူတို့ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တင်ပြနိုင်ခဲ့တယ်လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"မနေ့ကရောက်လာတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ သံတမန်အဖွဲ့ နဲ့ ကျနော်ကိုယ်တိုင် တွေ့ခွင့်ရခဲ့ပါတယ်။ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ် များ အဓမ္မပြုကျင့် ခံရတဲ့ အမျိုးသမီးများ၊ နှိပ်စက်ခံရတဲ့ လွှတ်မြောက်လာသူများ စုစုပေါင်း လူဦးရေ အမျိုးသမီး အမျိုးသားပေါင်း ၁၅၀ နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူတို့က ၂ နာရီနီးပါးလောက် ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်များနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီလိုဆွေးနွေးပွဲမှာ ကျနော်တို့ ရခိုင်ပြည်နယ်မှာ တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်များကရှင်းပြခဲ့ပြီး သူတို့ဘက်ကလည်း ကျနော်တို့ကို ဆွေးနွေးမှုများကို အပြန်အလှန် ပြုလုပ်ခဲ့ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ ပြန်တဲ့အခါ နိုင်ငံသား အခွင့်အရေးအပြည့်အဝနဲ့ လုံခြုံရေးရရှိဖို့ ကျနော်တို့ တင်ပြခဲ့ပါတယ်။"

ကုလဒုက္ခသည်စခန်းတွေဆီကို ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်သံတမန်အဖွဲ့ ရောက်ရှိချိန်မှာတော့ ဒုက္ခသည်စခန်းအသီးသီးက အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေမှာ နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးဖို့ ကုလဘက်က လုံခြုံရေး တာဝန်ယူပေးဖို့ အပါအဝင် တောင်းဆိုချက်(၁၄)ချက်ပါတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဒုက္ခသည်စခန်းတဝိုက် လှည့်လည်ပြီးတော့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဦးအီစလံကပြောပြပါတယ်။

"ဒုက္ခသည်များက သံတမန်အဖွဲ့ရောက်ရှိသည့်အချိန် မှာ ဒုက္ခသည်စခန်းတဝိုက်မှာ လူ ပေါင်း သောင်းကျော်က တပြိုင်တည်း ဆန္ဒပြပွဲ အကြီးမားဆုံးပြုလုပ်ခဲ့ပါတယ်။ ဒုက္ခသည်များ အဓိက တောင်းဆိုချက်(၁၄)အပါအဝင် ပြန်တဲ့အချိန်မှာ အဓိက ကုလသမဂ္ဂ လုံခြုံရေးအစောင့် အကျပ်အပါအဝင် အတူပါရှိစေရမည်၊ ရိုဟင်ဂျာအနေနဲ့ နိုင်ငံသားအခွင့်အရေးရှိစေဖို့နဲ့ ဆန္ဒပြပွဲတွင်တောင်းဆိုခဲ့ပါတယ်ခင်ဗျား။"

လုံခြုံရေးကောင်စီ ကုလသံတမန်အဖွဲ့ဘက်ကလည်း ဒီကနေ့ မြန်မာနိုင်ငံကိုရောက်ရှိချိန် မြန်မာအာဏာပိုင်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး ဆွေးနွေးညှိနှိုင် းအဖြေရှာခဲ့မယ်လို့ ဒုက္ခသည်တွေကို ကတိပေးခဲ့ကြောင်း ပြောပြပါတယ်။

"လုံခြုံရေးကောင်စီ ကုလသံတမန်အဖွဲ့ဘက်ကတော့ ကျနော်တို့ဒုက္ခသည်များကို ပြောဆိုသွားခဲ့တာရှိပါတယ်။ မြန်မာနိုင်ငံကိုရောက်တဲ့အချိန်မှာ မြန်မာ့အစိုးရအာဏာပိုင်အဖွဲ့အစည်း တွေနဲ့ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကျနော်တို့ကို ပြောဆိုသွားခဲ့တာရှိပါတယ်။ သူတို့ခရီးစဉ်မှာ ကျနော်တို့က အားကိုးအားထားမျှော်လင့်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အဓိက တောင်းဆိုချင်တာကတော့ တရုတ်နဲ့ ရှရှားကို ကျနော်တို့ တောင်းဆိုချင်ပါတယ်။ တရုတ်နဲ့ ရှရှားကို ကျနေ်ာတို့ တောင်းဆိုခဲ့တာတွေလည်းရှိပါတယ်။ ရိုဟင်ဂျာအခက်အခဲကို ဆောင်ရွက်ပေးပါလို့ ကျနော်တို့ ဒုက္ခသည်အားလုံးကထပ်မံ တောင်းဆိုချင်ပါတယ်ခင်ဗျ။"

ဒီကနေ့မှာလည်း ဒုက္ခသည်စခန်းတွေမှာ လေပြင်းဒဏ်နဲ့ မိုးသည်းထန်စွာရွာသွန်းနေတဲ့ ရာသီဥတုဒဏ်ကြောင့် ဒုက္ခသည်တွေရဲ့ နေထိုင်ရေး အတော်လေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဦးအီစလံက ပြောပြပါတယ်။

"အခုအမနဲ့ ကျနော်တို့စကားပြောနေတဲ့အချိန်မှာ လေပြင်းမုန်တိုင်းက လေပြင်းအားကတော့ တော်တော်လေးတိုက်နေပါတယ်။ မိုးလည်းရွာနေပါတယ်။ အခုက မိုးနဲ့ လေပြင်းနဲ့ တိုက်နေ တယ်ဆိုတော့ တောင်စောင်းဒေသမှာရှိနဲ့ မြေမြင့်ဒေသမှာရှိတဲ့ ဒုက္ခသည်တွေအတွက် အလွန်စိုးရိမ်စရာအခြေအနေတွေ ဖြစ်နေပါတယ်ခင်ဗျ။"

မကြာခင်မုတ်သုံမိုးရာသီကာလရောက်လာမယ့် အချိန်ပိုပြီးဆိုးလာတော့မယ့် အခြေအနေကိုလည်း သံတမန်အဖွဲ့ တွေ့ဆုံခဲ့တဲ့အတွက် အလွန်ပဲစိုးရိမ်မကင်းဖြစ်မိကြောင်း ဒုက္ခသည်စခန်းတွေကို ကြည့်ရှု့အပြီး သံတမန်အဖွဲ့နဲ့အတူလိုက်ပါသွားတဲ့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ လက်ထောက် ကုလသမဂ္ဂသံအမတ်ကြီးကလည်းမနေ့ကပြောဆိုထားပါတယ်။ ဧပြီလ ၃၀ရက်နေ့ကစခဲ့တဲ့ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်သံတမန်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မေလ ၂ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG