သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လုံခြုံရေးကောင်စီအဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းရောက်ရှိ


ကုလ လုံခြုံရေးကောင်စီအဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းရောက်ရှိ

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ကနေ ထွက်ပြေးခဲ့ကြရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အရေး ကြိုးပမ်းဖြေရှင်းမယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သံတမန် ကိုယ်စားလှယ် အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာ ၇ သိန်းလောက် နေထိုင်နေကြတဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံက အဖြစ်ဆောက်ထားတဲ့ ဒုက္ခသည် စခန်းတွေနဲ့ နယ်စပ်မှာ ခိုလှုံနေကြတာတွေကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခွင့် ရခဲ့တယ်လို့လည်း ကုလ လုံခြုံရေးကောင်စီ သံတမန် အဖွဲ့က ပြောပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကြီးကတော့ သူနဲ့ တခြား အဖွဲ့ဝင်တွေ အနေနဲ့ ဒီပြသနာကို မျက်ကွယ်ပြုထားမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ ဒါပေမယ့် ဒီပြသနာက လွယ်လွယ်နဲ့ ပြေလည်သွားမှာ မဟုတ်ဘူးဆိုတာကိုလည်း သတိပေး ပြောဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် မှာ ဖြစ်ပျက်နေတာတွေကို လာရောက် ကြည့်ရှုဖို့ သိပ်ကို လိုအပ်တယ်၊ ဒါပေမယ့် ဒီပြသနာကို လွယ်လွယ်နဲ့ ပြေလည်သွားမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကြီးက ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက ကူတူးပလောင် ဒုက္ခသည် စခန်းမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သံတမန် ကိုယ်စားလှယ် အဖွဲ့ရဲ့ သုံးရက်ကြာ ဘင်္ဂလားဒေရှ့် နိုင်ငံ ခရီးစဉ်ကို မနက်ဖြန် တနလာင်္နေ့မှာ အဆုံးသတ်မှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေ ပြန်လာရေး အတွက် အဆင့်သင့် ဖြစ်ပြီလို့ မြန်မာဘက်က ပြောဆိုထားပေမယ့် ရိုဟင်ဂျာတွေကတော့ ကုလသဂ္ဂ ဘက်က လုံခြုံရေး ပေးဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် ဘေးကင်းလုံခြုံမှုရှိရှိ၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဆန္ဒ အလျောက် ဖြစ်ရမယ်ဆိုတာကို ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေရှ့်တို့က သဘောတူထားကြပါတယ်။

XS
SM
MD
LG