သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ကျူးလွန်ချိုးဖောက်မှု ကန် အသေးစိတ် စုံစမ်းစစ်ဆေး


ရိုဟင်ဂျာဒုက္ခသည်များ ရေကြောင်းလမ်းကတဆင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြစဉ်
ရိုဟင်ဂျာဒုက္ခသည်များ ရေကြောင်းလမ်းကတဆင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြစဉ်

ပြီးခဲ့တဲ့ သြဂုတ်လက ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာဒုက္ခသည် ၇၀၀,၀၀၀ နီးပါးလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံစေဖို့ အခြေစိုက်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိူးဖောက်မှု အခြေအနေတွေကို အမေရိကန်အစိုးရက ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတာ မှန်ကန်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သလို HRW လူ့အခွင့်အရေးအဖွဲ့ကြီးကလည်း ကြိုဆိုလိုက်ပါတယ်။

အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးမှာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မောင်တောရဲစခန်းတွေကို ဝင်တိုက်ခဲ့တဲ့ နောက်ဆက်တွဲအဖြစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၀၀,၀၀၀ ရှိရာ Cox’s Bazar မှာ အမေရိကန်နိုင်ငံခြားရေးဌာန ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က မတ်လနဲ့ ဧပြီလက သွားရောက်စစ်ဆေးခဲ့တဲ့အကြောင်း အမေရိကန်အစိုးရအရာရှိတွေကို ကိုကားပြီး ရိုက်တာသတင်းမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။

အခုလို အမေရိကန်ရဲ့ စုံစမ်းစစ်ဆေးမှုကို HRW နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကကြိုဆိုလိုက်ပါတယ်။

“အမေရိကန်အစိုးရက အခုလို စုံစမ်းစစ်ဆေးတာကို ကြိုဆိုပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က လူ့အခွင့်အရေးကောင်စီရဲ့ တာဝန်ပေးချက်အရ စုံစမ်းစစ်ဆေးနေသလို HRW အပါအဝင် NGO အဖွဲ့အတော်များများကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံကြီးတွေက ဒီကိစ္စကို အလေးထားကိုင်တွယ်ကြဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက အလေးထားဖို့လိုအပ်ပါတယ်။ ဒီသတင်းပတ်ကုန်မှာလည်း အဖွဲ့ဝင်နိုင်ငံတွေ အဲဒီဒေသကို သွားကြဖို့ရှိပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာပဋိပက္ခအကြောင်း အသေအချာ အချက်အလက်တွေသိနိုင်မှပဲ မြန်မာနိုင်ငံကို ICC ခုံရုံးတင်သင့်သလား၊ မြန်မာစစ်တပ်ရဲ့ အဆင်မြင့်အရာရှိတွေ၊ ဒါမှမဟုတ်အရပ်အသားအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သင့်သလား ဆိုတာကို ဆုံးဖြတ်စေနိုင်မှာဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် (၂၀)ဦးဟာ နိုင်ငံတကာဥပဒေတွေအပြင် ပြစ်မှုဆိုင်ရာ ဥပဒေရေးရာ နောက်ခံရှိသူတွေဖြစ်ကြပြီး ရဝမ်ဒါနဲ့ ယူဂိုဆလားဗီးယားနိုင်ငံဟောင်းတွေကို ခုံရုံးတင်ခဲ့စဉ်က ပါဝင်လုပ်ဆောင်ခဲ့ကြ သူတွေလည်းဖြစ်ပါတယ်။ ဒါအပြင် ဆူဒန်အစိုးရအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ကြေညာနိုင်ခဲ့တဲ့ ၂၀၀၄ခုနှစ် ဆူဒန်ရဲ့ ဒါဖေါခရိုင်မှာ ရက်စက်ကြမ်းကြုတ်မှုတွေကျူးလွန်စဉ်က စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ခဲ့တဲ့ အမေရိကန်မှုခင်းဆိုင်ရာ ဆေးပညာကျွမ်းကျင်ပညာရှင်တွေလည်း ဒီစုံစမ်းမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

HRW အဖွဲ့ရဲ့ Brad Adams ကတော့ အခုလိုကျွမ်းကျင်သူတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးမှုကနေ ထွက်ပေါ်လာတဲ့ အထောက်အထားတွေဟာ မြန်မာအစိုးရကို အရေးယူနိုင်ဖို့ အထောက်အကူပြုစေလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အခုလိုပြောပါတယ်။

“တာဝန်သိတဲ့ အစိုးရတရပ်အနေနဲ့ စုံစမ်းစစ်ဆေးရာမှာ ကျွမ်းကျင်သူနားလည်တဲ့သူတွေ အသုံးပြုရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကလည်း ဒီလိုလူတွေကိုပဲ အသုံးပြုတာပါ။ ဒါကြောင့် ဒီလူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေဟာ မမှန်ကန်ဘူးလို့ ဆက်ပြီး ငြင်းလို့ရတော့မှာ မဟုတ်ပါဘူး။”

ခုလိုစုံစမ်းစစ်ဆေးမှုအသေးစိတ်အချက်အလက်တွေ ရိုက်တာသတင်းမှာဖေါ်ပြချက်နဲ့ ပတ်သက်လို့ မှန်ကန်ကြောင်း နိုင်ငံခြားရေးဌာနအစိုးရအရာရှိတဦးက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့သလို မြန်မာအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်နိုင်ငံတွင်းမှာရှိနေသူတွေ အားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကိုလည်း အရေးယူနိုင်လိမ့်မယ်လို့ ယူဆတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်စုံစမ်းစစ်ဆေးသူတွေဟာ Cox’s Bazar ရှိဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာအမျိုးသမီးနဲ့ အမျိုးသားပေါင်း ၁,၀၀၀ ကျော်တို့ကို တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ အခုလို အသေးစိတ်အချက်အလက်တွေကို ကောက်ယူရာမှာ နယ်မြေရှင်းလင်းရေးမှာ ပါဝင်ခဲ့တဲ့ လုံခြုံရေးတပ်တွေရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ Brad Adams က-

“အမေရိကန်စုံစမ်းစစ်ဆေးရေးအရာရှိတွေက ပြစ်မှုကျူးလွန်သူအတွက် တာဝန်ရှိတဲ့ မြန်မာစစ်အရာရှိတွေရဲ့ နာမည်တွေ၊ စစ်သားတွေရဲ့ နာမည်တွေ၊ ယူနီဖောင်းမှာ တပ်ထားတဲ့ တံဆိပ်တွေ၊ စစ်တပ်ရဲ့ အမိန့်ချမှတ်တဲ့စနစ် ၊ တပ်ခွဲတွေရဲ့ တံဆိပ်တွေ၊ ဒီတပ်ခွဲတွေက ဘယ်သူ့အမိန့်အောက်မှာ ရှိတယ်ဆိုတာတွေကို စုံစမ်းစစ်ဆေးနေတာပါ။ ဒီစုံစမ်းတွေ့ရှိချက်အရ အပေါ်ပိုင်းက ဘယ်သူမှ တာဝန်ရှိတယ်ဆိုတာ အဖြေထွက်လာမှာပါ။ ရွာတွေကို မီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ၊ အဓမ္မပြုကျင့်တာတွေကို ကျူးလွန်ခဲ့ကြတဲ့စစ်သားတွေဟာ ဘယ်တပ်ရင်းမှူးအောက်မှာ ရှိနေတယ်ဆိုတာသိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ဒီ စုံစမ်းတွေ့ရှိမှုတွေဟာ မြန်မာအဆင့်မြင့် စစ်အရာရှိတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အခုလိုစုံစမ်းစစ်ဆေးမှုတွေကို ပြန်လည်စိစစ်ပြီး မေလ ဒါမှမဟုတ် ဇွန်လစောစောပိုင်းမှာ အစီရင်ခံစာပြုစုဖို့ရှိကြောင်း သိရပါတယ်။ ထရမ့်အစိုးရအနေနဲ့ ဒီအစီရင်ခံစာကို အများသိအောင် ထုတ်ပြန်မလား၊ ဒါမှမဟုတ် တွေ့ရှိချက်တွေကို မြန်မာအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေချမှတ်ဖို့ အသုံးပြုမှာလား၊ ဒါမှမဟုတ် နိုင်ငံတကာခုံရုံးတင်နိုင်ဖို့ အကြံပြုမှာလားဆိုတာကတော့ သဲကွဲစွာမသိရသေးပေမယ့် ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာနိုးကြားမှု ရှိစေဖို့နဲ့ အမှန်တရား ထုတ်ဖေါ်နိုင်ဖို့အပြင် ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ တွေ့ရှိချက်တွေဟာ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG