မြန်မာနိုင်ငံကို မကြာခင်ရက်ပိုင်းမှာပဲ ရောက်ရှိတော့မယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သံအမတ်ကြီး ၁၅ ဦးလုံး ပါဝင်တဲ့အဖွဲ့ရဲ့ ခရီးစဉ်ကို တိုးတက်မှုတရပ်အနေနဲ့ကြိုဆိုလက်ခံသလို လာရောက်ခွင့်ပြုလိုက်တဲ့ မြန်မာအစိုးရအနေနဲ့ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်တဲ့ ပကတိဖြစ်စဉ်ကို ပွင့်ပွင့်လင်းလင်း ရှင်းပြသင့်တယ်လို့ လူ့အခွင့်အရေးစောင်ကြည့်အကဲခတ်တွေက တိုက်တွန်း လိုက်ပါတယ်။ လောလောဆယ် ကူဝိတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ မြန်မာခရီးစဉ်မတိုင်ခင်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အရင်ဆုံးသွားမှာဖြစ်ပါတယ်။ ခရီးစဉ်နဲ့ပတ်သက်လို့ တင်ကြိုသုံးသပ်ချက်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။
ရခိုင်မြောက်ပိုင်းပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်သွားကြတဲ့ လူသားချင်းဆိုင်ရာဘေးဒုက္ခကို ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတစ်သန်းကျော်ရဲ့ အခြေအနေကို ကိုယ်တိုင်သွားရောက်ကြည့်ရှုဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သံအမတ်ကြီး ၁၅ ဦးလုံး ပါဝင်တဲ့အဖွဲ့ရဲ့ ခရီးစဉ် ဧပြီလ ၂၆ရက်နေ့ကစတင်လိုက်ပြီး အခုဆိုရင်တော့ ကူဝိတ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ကိစ္စကို မြန်မာအစိုးရက အစောပိုင်းမှာ ငြင်းခဲ့ပေမဲ့လည်း နောက်ပိုင်းမှ သဘောတူ လက်ခံခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဧပြီလ ၃၀ရက်နေ့ ဆိုက်ရောက်ပြီး မေလ ၂ ရက်နေ့မှာ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
အခုလို မြန်မာအစိုးရဘက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သံအမတ်ကြီး ၁၅ဦးစလုံးပါဝင်တဲ့အဖွဲ့ကို လာရောက်ခွင့်ပြုလိုက်တဲ့အပေါ် တိုးတက်မှုတရပ်အနေနဲ့ ကြိုဆိုလက်ခံပေမဲ့လို့ ဒီအချိန်တိုခရီးစဉ်အတွင်းမှာ ဖြစ်စဉ်တခုလုံးကို ခြုံငုံသုံးသပ်မိဖို့နဲ့ အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့နေရာတွေကို သေချာလေ့လာဆန်းစစ်နိုင်မှုကတော့ အချိန်အကန့်အသတ်တွေရှိနိုင်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပါတယ်။
“ အရင်ကလို ငြင်းဆန်ပြီးတော့ လာခွင့်မပြုပဲနဲ့ လက်မခံခဲ့တဲ့ အခြေအနေကနေ အခုလို လာခွင့်ပြုတယ်ဆိုရင်တော့ တိုးတက်မှုတရပ်ပေါ့လေ။ ပထမဦးဆုံး လာခြင်းအားဖြင့် တကယ့်အခြေအနေမှန်ကို အားလုံးသိဖို့ ဆိုတာကတော့ သိပ် မလွယ်ဘူး။ ဘာလို့လဲဆိုတာ့ သိပ်ပြီးတော့ အကန့်သတ် တွေက သိပ်များတယ်။ များတယ်ဆိုတာက အချိန်လည်း ပါပါတယ်လေ။ ၁၅ နိုင်ငံစလုံးက သံအမတ်တွေ ပါတယ်ဆိုတာက တော်တော်လေးကို တောင့်လည်းတောင့်တင်းတယ်၊ အဆင့်လည်း မြင့်တာပေါ့။ ဒါပေမယ့်လည်း အားလုံး အခြေနေမှန်ကိုသိဖို့ ဆိုတာကတော့ ဒီနှစ်ရက်အတွင်းမှာ သိပ်လွယ်မယ် မထင်ဘူး။ လာတာကိုတော့ ကြိုဆိုပါတယ်။ နောက်တခုက မြန်မာအစိုးရနဲ့ ညှိနှိုင်းပြီးတော့ သူတို့က ဘာတွေဆက်လုပ်မလဲ ဆိုတာက ပြောရတော့မယ်လေ ။ အစိုးရအနေနဲ့က အခုလာတဲ့ လုံခြုံရေးကောင်စီအဖွဲ့ လူတွေ အားလုံး၊ သံအမတ်တွေ အားလုံးကတော့ အဓိက ကိုင်တွယ်ရမယ်လို့ ယုံကြည်ပါတယ်။”
အခုလို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သံအမတ်တွေအားလုံးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ တွေ့ဆုံတဲ့အခါမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက် လူသိန်းချီ ထွက်ပြေးသွားကြရတဲ့ မြန်မာနိုင်ငံ ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး ပကတိဖြစ်စဉ်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြသင့်တယ်လို့လည်း ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက အကြံပြုပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအစိုးရကို နိုင်ငံတကာကနေ ဖိအား အတော်များများပေးတာ ကြာပြီ။ နောက်ပြီးတခါ နိုင်ငံတကာကနေ လေ့လာရေးအဖွဲ့တွေ၊ အထူးကိုယ်စားလှယ်တွေ ကုလသမဂ္ဂရဲ့လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ စတာတွေ အသီးသီးလာဖို့ ကြိုးစားခဲ့ ပေမယ့်လည်း မြန်မာအစိုးရက ငြင်းပယ်ခဲ့တာ ဖြစ်တဲ့အတွက်၊ ဒီကုလသမဂ္ဂ လုံခြုံရေးကောင်စီက အဖွဲ့ဝင်(၁၅)ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့က လာပြီးတော့ စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့က မြန်မာနိုင်ငံအတွင်းမှာ တကယ်လက်ရှိ ဖြစ်ခဲ့တဲ့ အမှန်အတိုင်း အခြေအနေတွေကို ချပြရှင်းလင်းဖို့တော့ လိုပါတယ်။ အဲဒီတော့ ကိုယ့်ဖက်က စီမံခန့်ခွဲမှု နည်းပါးတဲ့အတွက် ဖြစ်ခဲ့တဲ့ ပြဿနာရပ်တွေ ရှိတယ်။ ဒါတွေကိုလည်း ရှိခဲ့တယ်ဆိုတာကို အမှန်အတိုင်း တင်ပြနိုင်ရမယ် ရှင်းပြနိုင်ရမယ်။ ရှင်းရှင်းလင်းလင်းသိအောင် ပြောသင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီကိုယ်စားလှယ် အဖွဲ့ကနေပြီးတော့ပဲ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားတွေ လျော့နည်းသက်သာသွားအောင် စီမံဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ အစိုးရအပေါ်မှာ ဆက်လက်အရေးယူနေတာကို ရပ်တန့်သွားအောင် ဒီအဖွဲ့ကပဲ .. ဒီအဖွဲ့ရဲ့ အစီရင်ခံစာကပဲ အဓိကအရေးကြီးတယ်လို့ ကျနော်တို့ မြင်ပါတယ်။”
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်တွေဟာ မြန်မာခရီးစဉ်မတိုင်ခင် ဘင်္ဂလားဒေ့ရှ်ကို အရင်ဆုံးသွားရောက်လေ့လာမှာဖြစ်တဲ့အတွက် သိန်းချီတဲ့ ရိုဟင်ဂျာမူဆလင်တွေ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ရခိုင်အကြမ်းဖက်မှုအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုယ်တိုင် သိရှိနိုင်မှာဖြစ်တယ်လို့လည်း ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။
“ ခရီးစဉ်အနေနဲ့က ဘင်္ဂလားဒေ့ရှ်ကို သွားတာ ကောင်းတယ်လေ။ ဘာလို့လည်းဆိုတော့ တကယ်ကို ခံစားရတဲ့ သူတွေက အဲဒီထဲမှာဖြစ်နေတာကိုး။ ဟိုမှာကျတော့လည်း ဘင်္ဂလားဒေ့ရှ်မှာကျတော့ သူတို့ဝင်တွေ့လို့ရတယ်။ ဆိုတော့ ဟိုကလူတွေရဲ့ တင်ပြချက်တွေကို သူတို့ ကြားလာမှာပဲ။ ကြားတယ်ဆိုတော့ တနည်းအားဖြင့်လည်း မြန်မာပြည်လာတယ် ဆိုတဲ့အခါကျတော့ ဒီကြားလာတဲ့အချက်တွေကို သူတို့ ထပ်ပြီးတော့ လက်ဆင့်ကမ်းမယ် ပြီးတော့ ဟိုဘက်ကပေးတဲ့ သတင်းတွေကို တဆင့် သူတို့ပါးလိမ့်မှာပေါ့။ ပါးပြီးတော့ ဒီလိုဒီလိုအခြေအနေက ဖြစ်နေပြီ။ အဲဒီတော့ မြန်မာအစိုးရအနေနဲ့ ဘာလုပ်မလဲဆိုတာ .. ဒါကိုသူတို့ မျက်နှာချင်းဆိုင်တွေ့ပြီးတော့ ဒီဥစ္စာကိုသူတို့ အဖြေရှာရလိမ့်မယ် နော်။ ကိုယ်ပြောပြီးသား အချက်က ဘာလဲဆိုတော့ မြန်မာအစိုးရကတော့ သူသတင်းမှာ ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ဒီအကြောင်းတွေပဲ ထပ်ပြီးပြောမှာပဲ .. နော်။ ဆိုတော့ ဒါတွေကိုပဲ ပြောနေလို့ မရဘူး။ ခင်ဗျားတို့အနေနဲ့ ဒိထက် တဆင့်မကပေါ့ ဒီဥစ္စာကိုဖြေရှင်းနိုင်ဖို့အတွက် ခင်ဗျားတို့အနေနဲ့ ဘာလုပ်သင့်လဲ ဆိုတာကို လုံခြုံရေးကောင်စီအနေနဲ့က အဓိကကိုင်ပြီး ပြောရလိမ့်မယ်။ အဲဒါက အခရာကျလိမ့်မယ်လို့ ထင်ပါတယ်။”
လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်အရေအတွက် ခန့်မှန်းချေ တစ်သန်းကျော် ရှိသွားပြီဖြစ် ကြောင်း မနေ့ သောကြာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric ကပြောဆိုထားပြီး ဒီနှစ်အစောပိုင်း ဇန်န၀ါရီလကတည်းကနေ အခုချိန်ထိ ရိုဟင်ဂျာ ၈,၀၀၀ လောက် ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၁.၃ သန်းကို ထောက်ပံနိုင်ဖို့ လိုအပ်နေတဲ့ ရန်ပုံငွေ ဒေါ်လာ ၉၅၁ သန်းထဲက ၉% ပဲ ရရှိသေးတယ်လို့ လည်း ကုလအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရက ပြောဆိုထားပါတယ်။