သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ ရခိုင်အရေး ကြေညာချက် မြန်မာအစိုးရပယ်ချ


မြန်မာ အစိုးရရဲ့အားထုတ်ကြိုးပမ်းမှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းဘက်က လစ်လျူရှုထားတဲ့ အတွက် မြန်မာ အစိုးရဘက်က စိတ်မသက်မသာ ဖြစ်စေတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူဘက်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ရခိုင် အရေးနဲ့ပတ်သတ်ပြီး နိုင်ငံတကာမီဒီယာတွေအနေနဲ့ ဘက်တဖက်ထဲကအသံတွေကိုဘဲ ထုတ်ဖော်ရေးသား တာမျိုးမလုပ်ဘဲ ၂ဖက်မ ျှတအောင်ရေးဖို့ တိုက် တွန်းလိုက်ပါသေးတယ်။ ရခိုင်ဒေသကစွန့်ခွာသွားသူတွေ ပြန်လက် ခံဖို့ကိစ္စမှာ သက်ဆိုင်ရာနိုင်ငံနဲ့ သာညှိုနှိုင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ကြားနိုင်ငံတွေက ပါဝင်ဖို့ကို လက်ခံမှာမဟုတ် ဘူးလို့ အစိုးရဘက်ကပြောဆိုလိုက်ပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းကတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဌ ရဲ့ မြန်မာ့အရေးကြေညာချက်အပေါ်ကို မြန်မာ အစိုးရဘက်က အခုလို တုံပြန်လိုက်တာဖြစ်ပါတယ်။ မနေ့ တနင်္လာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဌ ရဲ့ မြန်မာ့အရေးကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒါကိုအဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။

ဒီကြေညာချက်က နှစ်ပေါင်း ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးကောင်စီဥက္ကဌရဲ့ ကြေညာချက် ဖြစ်ပါတယ်။ ကြေညာချက်ထဲမှာ ရခိုင်ပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်တွေဘက်က အင်အားအလွန်အကျွံသုံးခဲ့ တာမျိုး ထပ်မလုပ်ဖို့၊ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ၊ လူ့အခွင့်အရေး လေးစားလိုက်နာဖို့၊ တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်ဆောင်ဖို့၊ ထွက်သွားသူတွေကို အမြန်ဆုံးပြန်လည်နေရာချဖို့စတဲ့ အချက်တွေ ဖော်ပြပါရှိထားပါတယ်။

ဒီလိုထုတ်ပြန်ချက်ကိုကြည့်မယ်ဆိုရင် နိုင်ငံတကာအနေနဲ့ တော့ မြန်မာအစိုးရ လုပ်ဆောင် ချက်တွေကို လစ်လျူရှု ထားတယ်လို့ သုံးသပ်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးကပြောဆိုလိုက်တာ ဖြစ်ပါ တယ်။

“စိတ်မသက်မသာဖြစ်ရတယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ မဖြစ်ဖြစ်အောင်ပေါ့နော် ကျနော်တို့ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်။ ARSA ကို အကြမ်းဖက်သမားလို့ ကျနော်တို့ အစိုးရက ကြေညာထားတယ်။ ကြေညာထားတဲ့အပေါ်မှာလည်း နိုင်ငံတကာက သတိပြုဖို့လိုတယ်။ နောက်ဆက်တွဲ ဖြေရှင်းချက်တွေကို လုပ်ကိုင်တဲ့အခါမှာ ကျနော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တာ မှန်သမျှကို ကျနော်တို့က ဆောင်ရွက်သွားမယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတာက မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒပေါ့နော် နိုင်ငံခြားဆက်ဆံရေးရယ် ကျနော်တို့က ဆက်လက်ပြီးတော့ တည်ရှိနေမယ်။ သို့သော် မြန်မာနိုင်ငံအနေနဲ့ ကိုယ်လုပ်ဆောင်သင့်တာ မှန်သမျှကို အဲဒါကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်။”

လုံခြုံရေးကောင်စီဥက္ကဋ္ဌ ကြေညာချက်ဟာ မြန်မာနိုင်ငံအတွက် အခက်အခဲဖြစ်စေတယ်လို့ လည်း ပြောဆိုလိုက်ပြီး နိုင်ငံတကာ မီဒီယာတွေအနေနဲ့ ဘက်တဖက်ထဲအသံကိုသာ ရေးသားခြင်းမျိုး မလုပ်ဖို့လည်း တိုက်တွန်းသွားပါသေး တယ်။

“မောင်တောဒေသကို ပြန်ကြည့်လိုက်ရင် မွတ်စလင်တို့က အများစုဖြစ်တယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက လူနည်းစုဖြစ်တယ်။ ဖြစ်စဉ် ဖြစ်ရပ်တွေကို သုံးသပ်တဲ့အခါမှာ လူများစု Majority ဖြစ်တဲ့အတွက် သူတို့အသံကို အလေးပေးရတယ်ဆိုတာကို လက်ခံသော်လည်း တကယ် ပဋိပက္ခမှာ လက်တွေ့ ကြုံတွေ့လာရတဲ့ ရခိုင်တိုင်းရင်းသားတွေ နောက်မြို ၊ ဒိုင်းနက် တိုင်းရင်းသားတွေ ဟိန္ဒူ ဘာသာဝင်တွေရဲ့ ရှုမြင်သုံးသပ်ချက်တွေလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကျနော်တို့က မြင်တယ်။ သူတို့အသံတွေကို လည်း ဖော်ပြပေးသင့်တယ်။စဉ်းစားသင့်တယ်လို့ ကျနော်တို့ကပြောချင်တယ်။ ပါဝင်ပတ်သက်သူအားလုံးနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဟိုထွက်ပြေးသွားတဲ့ လူတွေအတွက်ကို ကျနော်တို့က လုပ်နေတာမဟုတ်ဘူး။ ဒီဘက်မှာနေသွားတယ် နောက်ထွက်ပြေးသွားတယ်။ မှန်တယ်ဆိုရင် နံပတ်၁ ကျနော်တို့ လဝကမှာ အထောက်အထား ရှိတာတွေနဲ့ စိစစ်မယ်၊ ပြန်လည်နေရာချထားတဲ့အခါမှာ ကျနော်တို့ အခုပြောနေတဲ့ သူတို့မူလနေရာနဲ့ အနီးဆုံးပေါ့နော် အဲလိုမျိုး ကျနော်တို့က ခန့်မှန်းပြီး လုပ်နေတယ်။ လုံခြုံရေးအရလည်း ပိုကောင်းမွန်ရမယ်၊ နောက်လမ်းပမ်းဆက်သွယ်ရေး ၊ ကူးလူးဆက်ဆံရေးက လည်း ပိုကောင်းလာမယ်ဆိုတဲ့ ပုံစံနဲ့ ကျနော်တို့က လုပ်နေတယ်။ စိုးရိမ်ပူပန်မှုကလည်း ရှိတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒီလိုမျိုး နောက်တကြိမ်မဖြစ်ရအောင် ပိုပြီးတော့ လုံခြုံဘေးကင်းအောင် ကျနော်တို့ အလေးထားပြီးဆောင်ရွက်နေတာဆိုတာတော့ ကျနော်တို့ ပြောချင်ပါတယ်။”

မကြာခင်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံလာဖို့ဖိတ်ထားပြီး လာရောက်ရင် ရခိုင်ဒေသက စွန့်ခွာသွားသူတွေ ပြန်လက်ခံနိုင်ဖို့ အတွက် နားလည်မှုစာချွန်လွှာထိုးနိုင်ဖို့ မြန်မာအစိုးရဘက်က ကြိုးပမ်းနေပါတယ်။ ဒီလိုလက်ခံရာမှာ သက်ဆိုင်ရာနိုင်ငံနဲ့ သာညှိုနှိုင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ကြားနိုင်ငံတွေက ပါဝင်ဖို့ကို လက်ခံမှာ မဟုတ် ဘူးလို့ အစိုးရသဘောထားကို သူကပြောဆိုလိုက်ပါတယ်။

“ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း ၂ နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု နားလည်မှုနဲ့ ဆောင်ရွက်ရင် ဘယ်ကိစ္စမဆို ကျနော်တို့ ဖြေရှင်းနိုင်တယ် ဒီလိုပဲ ကျနော်တို့ ယုံကြည်တယ်။ အဲလို ယုံကြည်နိုင်လောက်အောင်လည်း ကျနော်တို့ အတိတ်မှာ လုပ်ခဲ့တဲ့ သာဓကတွေရှိတယ်။ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့တယ် အောင်အောင်မြင်မြင်ဆောင်ရွက်ခဲ့တယ်။ ၂ ကြိမ်ရှိတယ်ပေါ့နော် အရင်တုန်းက အောင်မြင်ခဲ့တာက အခုဘာလို့ မအောင်မြင်ရမှာလဲ ။ ကျနော်တို့ သက်သေ သာဓကတွေရှိတယ်။ ၂ နိုင်ငံ သမိုင်းကြောင်းကလည်း ရှိပြီးသားတွေ အဲဒီအတွက် ကျနော်တို့က ဒီအတိုင်းဆောင်ရွက်သွားမယ်။ ၂ နိုင်ငံအကြားမှာ ကျန်တဲ့ အပြင်ကဟာတွေကို ထည့်သွင့်ပြီးတော့ ပါဝင်စေဖို့ ဆိုတာလက်ရှိအနေအထားအရကတော့ လက်ရှိဆောင်ရွက်ချက်မှာတော့ အဆင်မပြေဘူးပေါ့နော်။”

လုံခြုံရေးကောင်စီဘက်ကတော့ ဒီကြေညာချက်ပါအချက်တွေကို မြန်မာနိုင်ငံဘက်က လိုက်နာဆောင်ရွက်မှုရှိ မရှိကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဒါပေမယ့်လည်း လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ချမှတ်တာမဟုတ်ပဲ ဥက္ကဋ္ဌ ကြေညာချက်အဖြစ်သာ ထုတ်ပြန်တဲ့တွက် မြန်မာနိုင်ငံအနေနဲ့ မဖြစ်မနေ လိုက်နာစရာမလိုတဲ့ အနေအထားမှာ ရှိနေပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရခိုင်ဒေသနဲ့ပတ်သတ်လို့ ကုလအတွင်းရေးမှုးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန် ကော်မရှင်ကညွှန်ကြားချက်တွေနဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင် ကညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေအတိုင်းသာလိုက်နာဆောင်ရွက်မယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

လုံခြုံရေးကောင်စီဘက်ကထုတ်တဲ့ကြေငြာချက်ဟာ မြန်မာနိုင်ငံအတွက် ဒုတိယမြောက်ထုတ်တဲ့ကြေငြာချက်ဖြစ်ပြီးလွန်ခဲတဲ့၂၀၀၈ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကြပ် ပြဌာန်းဖို့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ပထမဆုံးထုတ်ပြန်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG