သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ ရိုဟင်ဂျာအရေးထပ်မံ ဆွေးနွေးမည်


လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီး Koro Bessho
လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီး Koro Bessho

ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်လို့ ဒီကနေ့ အင်္ဂါနေ့မှာ ကုလသမဂ္ဂလုံခြံရေးကောင်စီမှာ ဆွေးနွေးဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက လုံခြုံရေးကောင်စီဥက္ကဌ ရဲ့ မြန်မာ့အရေးကြေညာချက်ထွက်လာပြီး တလအကြာ အခုလို ထပ်မံ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အခုချိန်ထိ ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားပြီး လူမျိုးစုအလိုက်ရှင်း လင်းဖယ်ရှားမှုကို ထိထိရောက်ရောက်အရေးယူကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီဘက်က ပျက်ကွက်မှုဟာ ရှက်ဖွယ်ကောင်းကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကလည်း ဝေဖန်ခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ လုံခြုံရေးကောင်စီမှာပြုလုပ်မယ့်ရိုဟင်ဂျာအရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အသေးစိတ်အစီအစဉ်ကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က လုံခြုံရေးကောင်စီဥက္ကဌ ရဲ့ မြန်မာ့အရေးကြေညာချက်နဲ့ ပတ်သက်လို့ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် လက်ထောက် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Jonathan Allen ကတော့ ကြေညာချက်ပါအချက်တွေကို မြန်မာနိုင်ငံဘက်က လိုက်နာဆောင်ရွက်မှုရှိ မရှိ တလအကြာမှာ ပြန်လည်သုံးသပ်ဖို့ရှိတယ်ဆိုတာမျိုး အခုလိုပြောသွားခဲ့ပါတယ်။

“ဒါဟာလုံခြုံရေးကောင်စီအနေနဲ့ ဆယ်နှစ်အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒီလိုမျိုး ပထမဆုံးထုတ်ပြန်တဲ့ ကြေညာချက်ဘဲဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံ ရဲ့ လုပ်ဆောင်ချက်ကို အကဲခတ်စောင့်ကြည့်မှာဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကို အစီရင်မခံမှီ မြန်မာနိုင်ငံက လိုက်နာဖို့ ရက် ၃၀ အချိန်ရမှာဖြစ် ပါတယ်။ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို အရှင်းဆုံး အသိပေး လိုက်တာပါပဲ။”

ဒီဇင်ဘာလအတွက် လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌက ဂျပန်ဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီး Koro Bessho အနေနဲ့ ကမ္ဘာ့လူသားချင်းဆိုင်ရာ အကျပ်အတည်းအကြီးမားဆုံးဖြစ်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လက်တွေ့ပြသသင့်ကြောင်း AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သုံးလခွဲကြာမြင့်လာတဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုတွေ အဆုံးသတ်ဖို့ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်းလည်း တောင်းဆိုထားပါတယ်။

မနေ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ AI ရဲ့ ကြေညာချက်မှာ ရိုဟင်ဂျာအကျပ်အတည်းကို လုံခြုံရေးကောင်စီအနေနဲ့ ထိထိရောက်ရောက် အရေးယူကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်နေကြောင်း ဝေဖန်ရှုတ်ချထားပါတယ်။ အလွန်ဆိုးရွားလှတဲ့ ညှမ်းပန်းနှိပ်စက်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်ခြောက်သိန်းကျော် သြဂုတ်လကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အခြေအနေအတွက် လုံခြုံရေးကောင်စီဘက်က ကြေညာချက်တခုလောက်ပဲ ထုတ်ပြန်နိုင်ခဲ့ကြောင်းနဲ့ ဒါဟာလည်း ထိရောက်မှုမရှိကြောင်း AI လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သတင်းပတ်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ကနေ မြန်မာ စစ်တပ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုနဲ့အတူ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်တဲ့ ကန့်သတ်ချက်တွေ ပါဝင်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့ လည်း လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်လိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကို ပစ်မှတ်ထားအရေးယူသင့်ကြောင်း AI အဖွဲ့က အကြံပေးထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုအတွက် တာဝန်ခံဖို့ လုံခြုံရေးကောင်စီအနေနဲ့ ထိထိရောက်ရောက် တဆင့်ပြီးတဆင့် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ရဲ့ မြန်မာ့အရေး ကြေညာချက်မှာ ရခိုင်ပြည်နယ်မှာ နောက်ထပ် လုံခြုံရေးတပ်အင်အားတွေ အလွန်အကျွံအသုံးမပြုရေး သေချာအောင်ဆောင်ရွက်ဖို့၊ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ဖွဲ့စည်းဖို့၊ တရားဥပဒေ စိုးမိုးမှုရှိစေဖို့၊ လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတွေနဲ့ တာဝန်ရှိသူတွေကို ချက်ချင်းအရေးယူဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

ဒါအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် ကလေးတွေအပေါ် ညှမ်းပန်းနှိပ်စက်မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေအပေါ် ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့နဲ့ ဒီအတွက်လည်း မြန်မာအစိုးရဘက်က သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီဥက္ကဌ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG