သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး ဆွေးနွေးဖို့ အစိုးရ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားတွေ တွေ့ဆုံ


အစိုးရ၊ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားတွေ ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံ (photo-ဦးညိုအုန်းမြင့်)
အစိုးရ၊ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားတွေ ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံ (photo-ဦးညိုအုန်းမြင့်)

မြန်မာပြည်မှာ ငြိမ်းချမ်းရေးတည်ဆောင်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အတွက် မြန်မာအစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ရဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ စတင်ခဲ့ကြပါတယ်။ ဒီနိုင်ငံရေး ဆွေးနွေးပွဲတွေ ကို အစောဆုံး ရှေ့နှစ်ဆန်းမှာ ပြုလုပ်နိုင်ဖို့ ရည်ရွယ် ဆွေးနွေးနေပေမဲ့ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကတော့ လက်ရှိဆောင်ရွက်တာတွေဟာ အလောသုံးဆယ်နိုင်နေတယ်လို့ယူဆနေပါတယ်။ အကြောင်းစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး အတွက် အစိုးရ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဒုတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဒီကနေ့မနက် ၉ နာရီကနေ ညနေ ၆ နာရီလောက်အထိ ကျင်းပခဲ့တာပါ။

ဒီဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဖွင့် အမှာစကားပြောကြားရာမှာ တနိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် NCA မှာ ပါဝင်တဲ့အတိုင်း နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့်နှစ် ဇန်နဝါရီလ ၁၄ရက်နေ့မှာ စတင်နိုင်ဖို့အတွက် အားစိုက် လုပ်ဆောင်ဖို့ လိုကြောင်း ပြောဆိုပါတယ်။

“နိုင်ငံရေး ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၄ ရက်နေ့အထိ တွက်ရင် ရက်ပေါင်း ၅၀ လောက်ပဲ ကျန်ပါတော့တယ်။ ဒီကြားထဲမှာ ခရစ်စမတ်နဲ့ တခြား ရုံးပိတ်ရက်တွေ ကို ထည့်တွက်လိုက်လို့ရှိရင် ရက်ပေါင်း ၃၀ လောက်ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ အချိန်မှီ ပြီးအောင် ကျနော်တို့ အခုကစပြီး အားစိုက် လုပ်ရမှာပဲခင်ဗျာ။”

နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေ ချမှတ်ရာမှာနိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရမယ် ကိုယ်စားလှယ် ဦးရေ၊ ပါဝင်သူတွေ ရဲ့အချိုးအစား၊ ဆွေးနွေးမည့် အချက်များ၊ ဆွေးနွေးရမယ့် စည်းမျဉ်းစည်းကမ်းများ၊ ဆုံးဖြတ်ချက်ရမယ့် စည်းကမ်းနည်းလမ်းတွေ ပါဝင်မှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ် ဦးဝင်းထိန်ကတော့ လက်ရှိဆောင်ရွက်နေတာတွေဟာ အလောသုံးဆယ်နိုင်လွန်းတယ်လို့ ဝေဖန်ပါတယ်။

“သူတို့လုပ်နေပုံက သွားနေတဲ့ လမ်းကြောင်းက ရွေးကောက်ပွဲကြီး မရှိတဲ့ပုံစံမျိုး သွားနေတယ်။ အခု ရွေးကောက်ပွဲပြီးပြီ ပြီးတဲ့အခါမှာ အသွင်ကူးပြောင်းရေး၊ transition ပေါ့၊ အဲဒါကို ချောချော မွေ့မွေ့ လုပ်မယ်ဆိုတဲ့ အင်မတန်အရေးကြီးတဲ့ ကိစ္စကို ထည့်မတွက်ပဲနဲ့ တွန်းအားပေးပြီးတော့ ဇွတ်တွန်းနေတာမျိုးကို ကျနော်တို့က ဒါ လောကြီးလွန်းအားတယ်လို့ ယူဆတယ်။ ဒါတချက်။

နောက်တချက်က NCA ပေါ့ ။ NCA မှာ လက်မှတ်ထိုးတဲ့အဖွဲ့တွေကိုတော့ တရားဝင်အဖွဲ့အစည်း သတ်မှတ်ပေးပြီးတော့ NC A လက်မှတ်မထိုးတဲ့ ပုဂ္ဂိုလ်တွေကို နင်းကန်ပြီးတော့ တိုက်နေတဲ့ ကိစ္စမျိုးက ဒါမလိုလားအပ်တဲ့ကိစ္စ ၊ အဲဒါတော့ ထည့်ပြီးတော့ ခင်ဗျားတို့ ထည့်ပြီးတော့စဉ်းစားသင့်ပါတယ်လို့ ပြောခဲ့တယ်။”

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကတော့ NCA မှာ သတ်မှတ်ထားတဲ့ရက်အတိုင်း ဆောင်ရွက်ရတာဖြစ်ကြောင်း နဲ့ မူဘောင်ရေးဆွဲရေးကို လာမယ့် ၂၇ရက်နေ့မှာ စတင်ဖို့ သဘောတူခဲ့ကြောင်း ပြောပါတယ်။

“ဒီကနေ့ ဆွေးနွေးပွဲ အဓိက အနှစ်သာရကတော့ NCA timeline အတိုင်းပဲ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ နောက်အစိုးရမှာလည်း ဆက်လက်ပြီးဆောင်ရွက်နိုင်မယ့် အချိန်ကောင်းလုပ်ဖို့ foundation ချဖို့ အတွက် သဘောတူတယ်။ Framework တွေ နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကို အဲဒီ NCA timeline အတိုင်းပဲ သွားအောင် လုပ်ဖို့ သဘောတူတယ်။ ပြီးတော့ နိုဝင်ဘာလ ၂၇ ရက်နေ့ ၁ နာရီမှာ စပြီးတော့ ဒီ framework ရေးဆွဲဖို့အတွက် အစုတစုစီက ၈ ယောက်နဲ့ ၂၄ ယောက်ပါတဲ့ ကော်မတီကို ကျနော်တို့ အခု သတ်မှတ်နိုင်တယ်။ အဲဒါတွေက ဒီနေ့ရဲ့ အဓိက အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါပဲ။"

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့ အစဉ် တစိုက် ဆွေးနွေးခဲ့ကြောင်းနဲ့ လက်ရှိမှာလည်း ရှမ်းတပ်ဖွဲ့နဲ့ အစိုးရဆွေးနွေးနေကြောင်း ပြောဆိုပါတယ်။

“NCA ထိုးပြီးတဲ့နောက်မှာ အဖွဲ့တိုင်း အဖွဲ့တိုင်းကတော့ အဲဒီကိစ္စကိုလည်း ဦးစားပေးဆွေးနွေးပါတယ်။ အခုလောလောဆယ်ဆိုရင် ဒီလက်မှတ် မထိုးသေးတဲ့အဖွဲ့ထဲက SSPP က ကိုယ်စားလှယ်တွေ မနေ့ကလည်း ဆွေးနွေးတယ် ။ ဒီကနေ့လည်း ထပ်ရောက်လာပြီးတော့ ဆွေးနွေးနေကြတယ် ခင်ဗျ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ်တော့ တဖွဲ့ချင်း၊ တဆင့်ချင်း ကတော့ တဖြည်းဖြည်း နီးစပ်လာမယ် လို့တော့ ယုံကြည်ရတာပေါ့။ ဘာကြောင့်လဲဆိုတော့ NCA ဆိုတဲ့ ဒီ စာချုပ်ပေါ် မှာတော့ အဖွဲ့အားလုံးက သဘောတူပြီးသားဖြစ်တာကို ။ ဒါကြောင့် NCA ကို စာချုပ်နဲ့အညီ အလုပ်လုပ်တဲ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းမှာကျတော့ တချို့ မပါနိုင်သေးတာပဲ။ ဒါကြောင့် ကျနော်ထင်တယ် ဒီအကောင်အထည်ဖော်ရင်းနဲ့ အားလုံး လိုက်ပါလာနိုင်တဲ့ အခြေအနေတော့ ဖန်တီးနိုင်မယ်လို့တော့ ယူဆတာပေါ့။”

ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲကို အစိုးရဘက်က ကိုယ်စားလှယ်ဘက်က ၁၆ဦး၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ် ၁၅ဦးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ကိုယ်စားလှယ် ၁၅ဦးတို့ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့တို့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုစာချုပ်ကို သဘောတူ လက်မှတ်ရေး ထိုးပြီးတဲ့နောက်မှာ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေကို ရက်ပေါင်း ၆၀အတွင်း ရေးဆွဲဖို့ နဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ရက်ပေါင်း ၉၀အတွင်း စတင်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG