သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေလွှမ်းပြီး သီပေါတံတားကျိုး


သီပေါရဲစခန်းအနီးက နှစ် ၁၀၀ ခန့်သက်တမ်းရှိတဲ့ နမ့်ပေါ့တံတား။ (ဓာတ်ပုံ MOI)
သီပေါရဲစခန်းအနီးက နှစ် ၁၀၀ ခန့်သက်တမ်းရှိတဲ့ နမ့်ပေါ့တံတား။ (ဓာတ်ပုံ MOI)

မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တံတားပြိုကျပြီး လူအသေအပျောက်ရှိခဲ့သလို ရွှေလီမြစ် ရေလျှံတဲ့အတွက်လည်း မူဆယ်ဘက်မှာ ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့သိရပါတယ်။ ဒီသီတင်းပတ်တွင်း မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းစတဲ့မြန်မာနိုင်ငံတဝှမ်း ဒေသအတော်များများမှာ မိုးများပြီး ရေကြီးရေလျှံဖြစ်နေတဲ့အပေါ် သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုမရှိအောင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုတွေ အရေးတကြီးလုပ်ဆောင်ထားကြဖို့ကိုလည်း မိုးလေဝသပညာရှင်က သတိပေး ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့ စနေနေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် တောင်ကျချောင်းရေတွေ ပြင်းထန်စွာစီးဆင်းလာလို့ သီပေါရဲစခန်းအနီး သီပေါမြို့နဲ့ နမ္မတူမြို့ကို ဆက်သွယ်ထားတဲ့ နမ့်ပေါချောင်း တံတားကျိုးကျပြီး လူအသေအပျောက်ရှိခဲ့ပါတယ်။ နမ့်ပေါတံတားဟာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိပြီး တံတားကျိုးချိန် ရေကြီးနေတဲ့အချိန် တံတားပေါ် တက်ကြည့်နေကြတဲ့သူတွေနဲ့ ဖြတ်ကူးနေသူတွေ တံတားနဲ့အတူ ရေထဲမျောပါသွားတဲ့အတွက် ပြန်လည်ဆယ်ယူရနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ဦးစောသန်းမြင့်က ရှမ်းပြည်နယ်အတွင်း ရေကြီးရေလျှံဖြစ်နေတဲ့အခြေအနေနဲ့ ဒေသခံတွေနဲ့ပါတီဝင်တွေဘက်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

“ပုံမှန်မိုးတွင်းဆိုရင်တော့ ချောင်းရေတွေက သူ့ဟာသူပဲ ဆင်းသွားတာပေါ့။ အခုဟာက မိုးက တော်တော်ကြီးကို ကြီးလာတာ၊ တောက်လျှောက်ပဲ။ မိုးကြီးတဲ့ဒဏ်နဲ့ ရေက ရုတ်တရက်ဆိုတော့ အားလုံး လျှောမဆင်းနိုင်တာကြောင့် ရေတွေက ထောက်လာပြီးတော့လေ - တောက်လျှောက် ရေကြီးတာပါ။ မူဆယ်ဘက်မှာလည်း ဒီအတိုင်းပဲဖြစ်တယ်၊ သီပေါဘက်မှာလည်း ဖြစ်တယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်ဘက်မှာလည်း ရွှေလီမြစ်ရေကြီးနေတဲ့အတွက် မူဆယ်ခရိုင် ရွှေလီNမို့ ရေမြုပ်ပြီး ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အတော်များနေပြီး အခုအချိန်အထိ ရေကျဆင်းမှုမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်ပြည်နယ်ဘက်ခြမ်း ဂျယ်ဂေါင်ဘက်မှာလည်း ရေကြီးနေပြီး မြန်မာပြည်ဘက်ခြမ်း ပန်ခမ်းတံတားမှာ ရေတက်လာနေလို့ မူဆယ် နမ့်ခမ်း ပြည်ထောင်စုလမ်းကို အခုယာယီပိတ်ထားတယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် မူဆယ်မြို့ထဲမှာလည်း ရွှေလီမြစ်ရေကြီးလာနေတဲ့အတွက် ကားလမ်းမတွေ ရေလွှမ်းမိုးနေပြီး ရပ်ကွက်လူနေအိမ်တွေထဲအထိ ရေနစ်မြုပ်မှုတွေဖြစ်နေသလို အုတ်တံတိုင်းပြိုကျတဲ့အတွက် လူသေဆုံးမှုအထိရှိခဲ့ပါတယ်။

ဒါ့အပြင် မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ နယ်ထဲမှာလည်း ဒီနေ့စနေနေ့ ဇူလိုင်၂၅ ရက်နေ့မှာ မြေပြိုကျမှုတွေဖြစ်ပွားနေလို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြပြီး ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ ရပ်နားထားရလို့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲ ရှိနေပါတယ်။

မြန်မာနိုင်ငံတဝှမ်း မိုးရွာသွန်းမှုအခြေအနေနဲ့ ရှေ့သီတင်းပတ်တွေအတွင်း ဖြစ်လာနိုင်ခြေရှိတဲ့ ရာသီဥတုအနေအထားကို မိုးလေဝသပညာရှင်ဦးထွန်းလွင်က အခုလိုသုံးသပ်ပါတယ်။

“ဒီနှစ်က အယ်လ်နီညို ဖြစ်တဲ့နှစ်လည်းဖြစ်တယ်။ ဒါပေမယ့် မိုးကတအားများနေတယ်။ များတာကလည်း ကျနော်တို့နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပဲရှိတယ်။ အာရှတိုက်တခုလုံး မိုးလျော့နေတယ်။ ရေကြီးတာတော့ လောလောဆယ်တော့ ကျနော် ရှမ်းပြည်က ပြန်လာတာ- မနေ့ကမှ ပြန်ရောက်တာ။ ဒါပေမယ့်မနေ့ကစပြီး မိုးတွေရွာတယ်။ မိုးတွေရွာတော့ အဓိက ပြောစရာတချက်ကတော့ အဲဒီဘက် မိုးများတဲ့အကြောင်းတခုကတော့ မုန်သုန်လေ ..အဲဒီပေါ်ရောက်နေတယ်။ ကုန်းတွင်းပိုင်းရောက်ပြီး ရှမ်းပြည်ကို ဖြတ်နေတယ်။ လောလောဆယ် အဲဒါပါပဲဗျ။ ဇူလိုင်အလယ်လောက်ကတည်းက မိုးပေးလိုက်တာ ကချင်၊ စစ်ကိုင်းအထက် မိုးတအားကောင်းပါတယ်။ အဲဒီတော့ ကချင်က ဧရာဝတီမြစ်ဖျား၊ စစ်ကိုင်းက ချင်းတွင်းမြစ်ဖျားဆိုတော့ အဲဒီမြစ်ရိုးတလျှောက်တွေမှာ အောက်အရပ်တွေက မိုးမကောင်းပေမယ့်လည်း မိုးမရွာပေမယ့်လည်း ရေတွေကျိုးကျတာတို့၊ နောက် ရွာတဲ့ဒေသက ကုန်းမြင့်ဒေသဖြစ်တော့ တောင်ကျချောင်း ရေကျတာတို့၊ နောက်ပြီးတော့ ရေလှောင်ကန်တွေဘာတွေ ရေလျှံတာတို့ - အားလုံးပေါင်းစုပြီးတော့ ရေကြီးတာ အဓိကပေါ့။ အခု ရေကြီးခဲ့တဲ့ အလယ်ပိုင်းဒေသက မိုးဒီလောက် များတာတော့ မဟုတ်ဘူး။”

မန္တလေးတိုင်း ဒေသကြီးအတွင်း သပိတ်ကျင်းမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာ၊ အမရပူရမြို့နယ် ငါးဇွန်၊ မြစ်ငယ်၊ မိထ္ထီလာ၊ ရမည်းသင်းစတဲ့မြို့နယ် တွေမှာလည်း မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ရေဘေးဒဏ်သင့်နေကြရပါတယ်။ မိုးကုတ်-မတ္တရာကားလမ်းမှာ တောင်ပြိုကျမှုဖြစ်သလို မိုးကုတ်-သပိတ်ကျင်းကားလမ်းမကိုလည်း ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ပါတယ်။ အခုလို မန္တလေးတိုင်းဒေသကြီးအတွင်း မိုးများရေလျှံပြီး လူနေအိမ်တွေနဲ့ ကျောင်းဆောင်တချို့ ပြိုကျပျက်စီးမှုတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။

ရှေ့ဆက်ပြီးလည်း မိုးဆက်တိုက်ရွာသွန်းနိုင်တဲ့အခြေအနေရှိပြီး မြစ်ရေလျှံလာနိုင်တဲ့အတွက် မိုးများရေကြီးပြီး ရေဘေးဒုက္ခရောက်နေကြရတဲ့ပြည်သူတွေအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုနည်းလမ်းတွေကို စနစ်တကျဆောင်ရွက်ထားသင့်တယ်လို့လည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က အကြံပြုပါတယ်။

အခုသီတင်းပတ်အတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်တွေမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေတဲ့အတွက် မန္တလေး-မြစ်ကြီးနား ရထားလမ်းတွေပျက်ဆီးခဲ့ရသလို တံတားအချို့လည်း ပြိုကျပျက်ဆီးခဲ့ရပါတယ်။ ရေလွှမ်းမိုးမှုတွေရှိခဲ့တဲ့အတွက် လယ်ယာစိုက်ပျိုးမြေတွေလည်း ဆုံးရှုံးမှုရှိခဲ့ပါတယ်။ အခုလို မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေဘေးဒဏ်သင့်ပြည်သူတွေရှိတဲ့ ကန့်ဘလူ၊ ဝန်းသိုနဲ့ ကောလင်းမြို့နယ်တွေဆီကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ကွင်းဆင်း ကြည့်ရှု့ခဲ့ကြပြီး ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးဒုက္ခသည်စခန်းဖွင့်လှစ်ထားမှု၊ ပြန်လည်ထူထောင်ရေးနဲ့ ကူညီကယ်ဆယ်ရေးနေရာချထားရေးတွေကို စီစဉ်ဆောင်ရွက်ပေးသလို ရေဘေးကယ်ဆယ်ရေးအတွက် သမ္မတက သီးသန့်ရံပုံငွေလည်း ချထားပေးထားတယ်လို့သိရပါတယ်။

XS
SM
MD
LG