သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ လေးလုံးကြောင့် ပြောင်းလဲခဲ့ရသော ဘဝတချို့


မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်စေခဲ့တဲ့ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့တာ ခုဆိုရင် နှစ်ပေါင်း ၂၅ နှစ်ပြည့်တော့ မှာ ဖြစ်ပါတယ်။ ဒီလူထုလှုပ်ရှားမှုကြီးနဲ့အတူ ဒီအထဲမှာ ပါဝင်ခဲ့ကြတဲ့သူတွေရဲ့ ဘဝတွေမှာလည်း ကြီးမားတဲ့ အချိုးအဆစ် အပြောင်းအလဲတွေ ဖြစ်ခဲ့ရတာပါ။

အရေးတော်ပုံအတွင်း အသက်ပေးစွန့်လွှတ်ခဲ့ရသူတွေ မနည်းသလို၊ ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်ကို စွန့်ခွာခဲ့ရသူတွေကလည်း အများကြီးပါ။ ၈ လေးလုံး အရေးတော်ပုံကြီးနဲ့ အတူ ဘဝမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ရတဲ့ ၈၈ မျိုးဆက်တချို့ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့သမိုင်းဝင် ၈ လေးလုံး လူထုလှုပ်ရှားမှုကြီးဖြစ်ပွားခဲ့တာ မကြာခင်ရက်ပိုင်းမှာဆိုရင်ပဲ ၂၅ နှစ် ငွေရတုတိုင်တော့မှာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး ရဟန်းရှင်လူ ပြည်သူအများ ပူးပေါင်းပါဝင်ခဲ့တဲ့ ဒီလှုပ်ရှားမှုကြီး စတင်ဖြစ်ပွားချိန်ကစလို့ အသက်သွေး
ချွေးတွေ ပေးဆပ်ခဲ့ရသူတွေ၊ အကျဉ်းထောင်တွေတွင်း နှစ်ပေါင်းများစွာ
နေခဲ့ရပြီး ရည်မှန်းချက်ပျောက်ခဲ့ရသူတွေ ရှိသလို၊ မိသားစုနဲ့အဝေး နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ ကိုယ်မျှော်လင့်မထားတဲ့ အလုပ်တွေ လုပ်ရင်း၊ ဘဝရှင်သန်ရေး အသက်ဆက်နေရသူတွေကလည်း ဒုနဲ့ဒေးပါ။

၈၈ ကာလက မြန်မာနိုင်ငံ ဘောလုံး လက်ရွေးစင် ချန်ပီယံတဦးဖြစ်တဲ့ ကိုယဉ်ထွေးက ၈၈ လှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့ပြီးတဲ့နောက် သူ့ဘဝမှာ မျှော်လင့် မထားခဲ့တဲ့ တဆစ်ချိုး အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။

“အမှန်တကယ်ဆိုရင် နိုင်ငံရေးဆိုတာ ကျနော်တို့ ကျောင်းသားတွေနဲ့တော့ မပတ်သက်ခဲ့ကြဘူးပေါ့ဗျာ။ ကျောင်းတွေ တက်ကြမယ်၊ ဟေးလားဝါးလားနဲ့ ပျော်ကြရွှင်ကြမယ်။ ၈ လေးလုံးဆိုတာ ပေါ်လာတဲ့ အခါကျတော့ ကျောင်းသားဆိုတဲ့ မခံချင်တဲ့စိတ်နဲ့ ဒီအစိုးရကို ပြုတ်အောင်တိုက်မယ်ဆိုပြီး ထွက်လာတဲ့ အချိန်မှာ တချိန်က ကျောင်းသားတဖြစ်လဲ၊ ကျနော်လည်း လက်ရွေးစင် ဘောလုံးသမား တယောက်ပါ။ ဒါပေမဲ့ ကျနော်ရည်မှန်းထားခဲ့တာက လက်ရွေးစင် ဘောလုံးသမားထက် တိုင်းပြည်မှာရှိတဲ့ နိမ့်ကျနေတဲ့ ဘောလုံးလောကကြီး မြှင့်တင်ရင်း တဖြည်းဖြည်းနဲ့ ဘောလုံးသမားကနေပြီးတော့ အုပ်ချုပ်သူတွေလုပ်မယ်၊ ဒါကို တဖြည်းဖြည်းနဲ့ မြှင့်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က ဘောလုံးလောကမှာ အခုမှ ပျိုးထောင်ရပြီးတော့ လက်ရွေးစင်ဘောလုံးကို ပျိုးထောင်လာခဲ့တဲ့ အချိန်ကောင်းနေတဲ့ အချိန်မှာ ဝုန်းကနဲဆို ဒီ ၈၈ အရေးအခင်း ဖြစ်လာတယ်၊ တောတွေခိုကြတယ်။ ဒါပေမဲ့လည်း နိုင်ငံခြားသွားမယ်ဆိုတဲ့ အစီအစဉ်လည်း မရှိပါဘူး။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ဘ၀ ရပ်တည်ရေးအတွက် နိုင်ငံရပ်ခြား ကို ရောက်ခဲ့ရတယ်။ နိုင်ငံရေး လောကမှာ ဆက်နွယ်နေတဲ့အတွက် အပြောင်းအလဲတွေလည်း ဖြစ်လာခဲ့တယ်။”

ဦးယဉ်ထွေးဟာ အခုလက်ရှိ အမေရိကန်ပြည်ထောင်စု Silver Spring မြို့မှာ နေထိုင်ရင်း Apartment တိုက်ခန်းတခုရဲ့ ဝန်ဆောင်မှု မန်နေဂျာလုပ်နေသူဖြစ်ပါတယ်။ သူမျှော်လင့်မထားတဲ့ ဘဝတခုမှာ ကျင်လည်ရင်း၊ မြန်မာ့အရေးအတွက် ပြည်ပကနေ နှစ်ပေါင်းများစွာ တက်ကြွလှုပ်ရှား လာခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

မြန်မာ့ဘောလုံး လောကကို မြှင့်တင်ချင်တဲ့ သူ့ရဲ့ ရည်မှန်းချက် လွဲခဲ့ရပေမဲ့၊ လက်ရှိ သူရဲ့လုပ်ငန်း အတွေ့အကြုံတွေကလည်း တချိန်ချိန် မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါ တဘက်တလမ်းက အထောက်အကူဖြစ်ဖို့ မျှော်လင့်ထားတာပါ။

မန္တလေးတက္ကသိုလ်မှာ သတ္တဗေဒ ဘာသာရပ်နဲ့ ဒုတိယနှစ်ကျောင်းတက်နေတုန်း ၈ လေးလုံး အရေးအခင်းမှာ ပါဝင်လာခဲ့သူကတော့ မသီရိကျော်ဝင်း ဖြစ်ပါတယ်။

“၈၈ ဖြစ်တဲ့ အချိန်တုန်းကကြတော့ ဖြစ်ကာစမှာ အမက ဘာမှ သိပ်နားမလည်ဘူး။ သိလည်းမသိဘူး။ ဒါပေမဲ့ ရန်ကုန်က သတင်းတွေ၊ စစ်ကိုင်းဘက်မှာ ဖြစ်တဲ့ကိစ္စတွေမှာ ကြားတဲ့အခါ ကျတော့မှ လူငယ်သဘာဝအရ၊ တကယ်တမ်းမှာ နိုင်ငံရေးကို နားလည်ပြီးတော့ ပါလာတာ မဟုတ်ဘူး။ မကျေနပ်တာမျိုးလောက်နဲ့ ပါလာခဲ့တာပေါ့လေ။ အထူးသဖြင့်ကတော့ အဲဒီတုန်းက စစ်ကိုင်းအရေးအခင်းတွေ ဘာတွေမှာ ဖြစ်တဲ့အချိန်မှာ၊ စစ်ကိုင်းမှာ လူတွေအများကြီးသေတယ်။ အဲဒီမှာ ကိုယ်ဘာလုပ် ပေးနိုင်သလဲဆိုတော့ အမတို့ သွေးလှူတာတို့၊ သူငယ်ချင်းတွေနဲ့စုပြီး စစ်ကိုင်းဆေးရုံပေါ်မှာ သွေးလိုအပ်တာတွေ ဘာတွေ လှူတာတွေဘာတွေ အဲဒီလိုမျိုးကနေ စပြီးတဲ့အခါမှာ စကာစမှာ အမက ဘယ်သွားလို့ ဘယ်သွားရမှန်းတောင် မသိဘူး။ စခန်းတွေကလည်း အများကြီး။ ဘယ်ကိုဆက်သွယ်ရမှန်းလည်း မသိဘူး။ ဒါပေမဲ့ နောက်တခုကတော့ အရင်တုန်းက အိမ်ထဲက အိမ်ပြင်လည်း ကိုယ့်ဖာသာ တယောက်တည်း မသွားတတ်တဲ့အခါကျတော့ တော်တော် ဒုက္ခရောက်တယ်။”

၈၈ လှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့တဲ့အတွက် ပညာရေးမှာ အထစ်အငေါ့တွေ ဖြစ်ခဲ့ရပေမဲ့လို့ ဒီလှုပ်ရှားမှုကြီးက သူ့ကို ပိုပြီးတော့ ရင့်ကျက်စေခဲ့ပြီး ပိုပြီးတော့ ယုံကြည်မှု ရှိလာအောင် လုပ်ပေးခဲ့တယ်လို့လည်း မသီရိကျော်ဝင်းက ပြောပြပါတယ်။ ၈၈ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား လူငယ်တွေကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီး၊ နှိပ်စက်တာတွေ လုပ်ခဲ့ချိန်မှာတော့ သူ့မိသားစုက ဒီဒဏ်ကို အဓိက ခံခဲ့ရတာဖြစ်ပါတယ်။

“အဓိကကတော့ ဒီလှုပ်ရှားမှုရဲ့ ဘယ်လိုခေါ်မလဲ ဒုက္ခသုက္ခတွေကို ခံစားရတာကြတော့ အမရဲ့မိသားစုက ပိုခံစားရတယ်။ တကယ်လို့သာ ဒီဟာကို ပြန်ပြောမယ် ဆိုရင်ကြတော့ အမကရှေ့ကနေပြီးတော့ လူငယ်ပြီပြီပဲ လုပ်ချင်တာကို လုပ်သွားတာပေါ့နော်။ ဒါပေမဲ့ ဖေဖေတို့၊ မေမေတို့ကကြတော့ သူတို့လည်း သူတို့ဘဝမှာ အမတို့ အပေါ်မှာ Dream ထားမှာပဲလေ။ အဲဒါတွေက တကယ်တမ်း ပျက်ခဲ့ရတာက သူတို့က ပျက်ခဲ့ရတာ။ နောက်ပြီး စစ်တပ်ကလာပြီး ဝိုင်းတာတွေကို သူတို့တွေက ခံစားရတာ။ တကယ်တမ်းက အမကလုပ်သွားပြီဆိုတော့ အမက အပြင်ကိုရောက်နေတယ်၊ အမကရှောင်ထွက် သွားလိုက်တဲ့ အတွက်ကြောင့်မို့လို့ သေနတ်တွေနဲ့ အိမ်ထဲကိုချိန်ပြီး ဝင်တာတွေတို့ မမိအောင် ပုန်းရှောင်ရွှေ့ပေးရတာတွေက မေမေနဲ့ ဖေဖေနဲ့က တကယ်ခံစားခဲ့ရတာလေ။”

၈၈ အရေးတော်ပုံမှာ ကိုယ်တိုင် ပါဝင်ခဲ့ပြီး အစ်ကိုဖြစ်သူရဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုတွေကြောင့် စစ်အာဏာပိုင်တွေ ပေးတဲ့ ဒုက္ခတွေကို မိသားစုနဲ့အတူ ခံစားခဲ့ရဖူးတဲ့ မမြတ်ရင်ချောကလည်း ၈၈ နောက်ပိုင်း မိသားစု လူမှုဘ၀ အပြောင်းအလဲတွေကို အခုလို ပြောပြပါတယ်။

“၈ လေးလုံး အရေးတော်ပုံမှာ အမရဲ့အကို ကိုရင်အေးက သူက အဓိကပေါ့နော် စက်မှုတက္ကသိုလ် ကျောင်းသားတယောက်အနေနဲ့ ပါခဲ့တယ်။ ပါခဲ့တဲ့အတွက်ကြောင့်မို့လို့ အမ သူတို့က ဒီအရေးတော်ပုံမပြီးသေးဘူး။ အာဏာသိမ်းတော့မယ့် အချိန်မှာ ပျောက်သွားတယ်ပေါ့နော်။ ပျောက်သွားပြီး ဘယ်ရောက်သွားလို့ ဘယ်လုပ်လဲ မသိဘူးဆိုတော့ အမ အမေကလည်း အဲ့ဒီအချိန်မှာ သားပျောက်တဲ့ဝေဒနာနဲ့ စိတ်ပူပြီးတော့ နှလုံးရောဂါနဲ့ အိပ်ယာထဲမှာ လဲတယ်။ အမတို့ မောင်နှမတွေကလည်း အကို ဘယ်ရောက်သွားလဲ။ ဒီလိုပဲ အပစ်ခံရတဲ့အထဲမှာပဲ ပါသွားပြီလား။ ဘယ်ရောက်သွားပြီလဲဆိုတာ မသိဘဲနဲ့ အကိုပျောက်ကို ရှာရတာပေ့ါနော်။ ရှာရတဲ့အခါမှာ မိသားစုမှာတော့ တော်တော်လေးကို ကစဉ့်ကလျား ဖြစ်သွားပြီးတော့ သောကတွေ ရောက်ခဲ့ရတယ်ပေါ့နော်။ စီးပွားရေးတွေလည်း ထိခိုက်ခဲ့ရတယ်။ နောက် အမကိုယ်တိုင် ရည်မှန်းထားတဲ့ လမ်းကြောင်းကို လွဲချော်သွားခဲ့ရတာပေ့ါနော်။”

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုသမိုင်းမှာ အရေးပါလှတဲ့ ၈၈ လူထုအရေးတော်ပုံကြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ၂၅ နှစ်ပြည့်တော့မှာ ဖြစ်ပေမဲ့လို့၊ ဒီလှုပ်ရှားမှုတွင်း ပါဝင်ခဲ့ကြသူတွေ အတွက်ကတော့ ဘဝတွေ ဘယ်လိုပဲပြောင်းပြောင်း၊ တိုင်းပြည်နဲ့ ဘယ်လောက်ပဲဝေးဝေး ဒီလှုပ်ရှားမှုကြီးရဲ့ ပုံရိပ်တွေကတော့ ဘယ်တော့မှ မေ့ပျောက်သွားမယ့်ပုံ မရှိပါဘူးရှင်။
XS
SM
MD
LG