သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆီးရီးယားက ကန်တပ်ဖွဲ့တွေရုပ်သိမ်းပြီးနောက် စစ်သည် ၂၀၀ ချန်ထားမည်


အမေရိကန် တပ်ဖွဲ့ဝင်များ ဆီးရီးယားနိုင်ငံ မဲန်းဘစ်မြို့မှာ ပူးတွဲကင်းလှည့်သွားရန် ပြင်ဆင်နေကြစဉ်။ (နိုဝင်ဘာ ၇၊ ၂၀၁၈)

ဆီးရီးယား နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းပြီး နောက်ပိုင်း စစ်သည် ၂၀၀ လောက် ချန်ထားမှာ ဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ ငြိမ်းချမ်းရေး ထိမ်းသိမ်းဖို့ တပ်ဖွဲ့ဝင် အနည်း အကျဉ်းကို အချိန် အတိုင်းအတာ တခုအထိ ချန်ထားမှာဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့် ရ Sarah Sanders က မနေ့တုန်းကပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပေမဲ့ အသေးစိတ် ကိုတော့ မပြောပါဘူး။

လတ်တလောမှာတော့ နောက်ဆုံးကျန်နေသေးတဲ့ IS အစ္စလာမ် အစွန်းရောက်တွေကို တိုက်ခိုက်နေတဲ့ ကာဒ်တပ်ဖွဲ့တွေကို အကူအညီပေးဖို့ ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂ ထောင်လောက် ရှိနေပါတယ်။ ဆီးရီးယားနိုင်ငံက IS စစ်သွေးကြွတွေကို အပြီးတိုင် ချေမှုန်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ ဧပြီလမှာ နောက်ဆုံးထားပြီး ဆီးရီးယားကနေ အမေရိကန် တပ်တွေ အားလုံးကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာပဲ ရုတ်တရက် ကြေညာခဲ့တာပါ။

သမ္မတရဲ့ ကြေညာချက်ကြောင့် အမေရိကန်ရဲ့ ဥရောပမဟာမိတ်တွေနဲ့ ဝါရှင်တန် နိုင်ငံရေး အသိုင်းအ၀န်းက ထောက်ခံသူတွေ ကြားမှာပါ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြ ပါတယ်။ သမ္မတ Trump နဲ့ ရင်းနှီးသူ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Lindsey Graham က ဆိုရင်လည်း ကြားဖူးသမျှထဲမှာ အညံ့ဖျင်းဆုံး စဉ်းစားချက်တခု အဖြစ်နဲ့လည်း ပြောဆိုခဲ့တာပါ။

ဆီးရီးယားကနေ အမေရိကန်တပ်တွေ အပြီးတိုင် ရုပ်သိမ်းမယ်ဆိုရင် IS အစွန်းရောက် တွေ ပြန်ခေါင်းထောင်ထလာနိုင်သလို ကာဒ်တပ်ဖွဲ့တွေ အပေါ် တူရကီက တိုက်ခိုက်တာ၊ အီရန်က ဆီးရီးယားနိုင်ငံတွင်းမှာ ပိုမိုအခြေခိုင်လာတာမျိုး ဖြစ်လာနိုင်ကြောင်း ယာယီကာကွယ်ရေးဝန်ကြီး Patrick Shanahan က လက်ခံကြောင်းလည်း အထက်လွှတ်တော်အမတ် Graham ကပြောဆိုထားပါတယ်။ ဥရောပ မဟာမိတ်တွေ ကလည်း အမေရိကန်တပ်တွေ ရုပ်သိမ်းသွားတဲ့ နေရာမှာ လုံခြုံရေးအတွက် တာဝန်မယူနိုင်တဲ့ သဘောထားတွေကို ပြောဆိုထားကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG