သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ညီလာခံ တက်ရောက်သူတဦးရဲ့ အတွေ့အကြုံ


ဗြိတိန်အခြေစိုက် Burma Human Rights Network အဖွဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးကျော်ဝင်းနဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာအမေရိကန်သံအမတ်ကြီး Sam Brownback
ဗြိတိန်အခြေစိုက် Burma Human Rights Network အဖွဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးကျော်ဝင်းနဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာအမေရိကန်သံအမတ်ကြီး Sam Brownback

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တာဝန်ယူပြီး အမေရိကန်နိုင်ငံခြားရေးဌာနမှာ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ စည်းဝေးပွဲကြီးကို ဇူလိုင်လ ၁၆-၁၈ ရက်နေ့ ထိ ဝါရှင်တန်ဒီစီမှာ သုံးရက်ကြာ ကျင်းပနေပါတယ်။

ဒီစည်းဝေးပွဲကို တက်ရောက်လာတဲ့ Burma Human Rights Network-UK ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးကျော်ဝင်းကို ဗွီအိုအေက တွေ့ဆုံမေးမြန်းရာမှာ အစည်းအဝေးရဲ့ ထူးခြားချက်နဲ့ ပတ်သက်လို့ သူက အခုလိုစပြောပါတယ်။

"ဒီအစည်းအဝေးပွဲမှာ ကျနော်တို့တွေ့ရတာကတော့ နိုင်ငံတကာကနေပြီးတော့ တက်လာတဲ့ ဖိနှိပ်ခံပေါင်းစုံ ကျနော်တွေ့တယ်။ နောက်အဲဒီမှာ အမေရိကန်အစိုးရက ခန့်ထားတဲ့ သံတမန် Sam Brownback သူနဲ့အတူတူ ဥရောပသမဂ္ဂရော၊ UN ကရော အဲလို အလားတူ ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေ သူတို့ကနေပြီးတော့ ဘာသာရေးလွတ်လပ်ခွင့်က ဘယ်လောက်ကြီးမားကြောင်း လက်ရှိကမ္ဘာကြီးမှာ ဘယ်လိုပြဿနာတွေ ရင်ဆိုင်နေရသလဲဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ ဆွေးနွေးကြတယ်။ အထူးသဖြင့် လူ သုံးယောက် စကားပြောတယ်။ နယူးဇီလန် နိုင်ငံက Christchurch က ဗလီမှာ ကြုံခဲ့သူ တယောက်၊နောက်ဂျူး ဘုန်းတော်ကြီးတပါးရယ်၊ နောက် သိရီလင်္ကာ က ခရစ်ယာန်အမျိုးသမီးတယောက်ရယ် သူတို့ ၃ ဦး ကနေပြီးတော့ သူတို့ တွေ့ကြုံခဲ့ရတာတွေကို ရှင်းပြတာပေါ့နော်။ သတ်ဖြတ်တာတွေ အဲဒီမှာဖြစ်သွားတာတွေ သူတို့ဘယ်လိုခံစားရသလဲဆိုတာနဲ့ ပတ်သက်လို့ ။ စိတ်ဝင်စားစရာကောင်းတာက အမုန်းတရားတခုကို အခြေခံပြီးတော့ ဖြစ်လာတဲ့ဟာတွေပေ့ါနော်။ ဘယ်ဘာသာဆိုတာပြောဖို့ ခက်နေပြီ ဘာသာပေါင်းစုံပြဿနာတွေဖြစ်နေပြီ ၊ ခရစ်ယာန်ဘာသာဝင်တယောက်က ဂျူးကိုသတ်တယ်၊ မွတ်စလင်တယောက်က ခရစ်ယာန်ကို သတ်တယ် ဒီလိုဟာတွေနဲ့ အမုန်းတရားကို အခြေခံပြီးဖြစ်လာတဲ့ဟာတွေ ကျနော်တို့ လူသားတွေ ဒီခေတ်ဒီအခါမှာ တယောက်ကိုယ်တယောက် ပိုပြီးနားလည်လာပြီ ၊ သတင်းအချက်အလက်တွေ ပိုပြီး ပွင့်လင်းမြင်သာလာပြီ၊ အဲလို အခြေအနေမျိုးမှာ တောင်မှ တယောက်ကိုယ်တယောက် နားမလည်နိုင်သေးဘူးလားဆိုပြီးတော့ မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီပေါ့နော်။ တယောက်ကိုယ်တယောက် ဘာကြောင့် နားမလည်နိုင်သေးတာလဲပေါ့နော်။"

မေး။ ။ ဘာသာရေးအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ၊ ဘာသာရေးအရ ဖိနှိပ်ခံရမှုတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ကိုရော ဘယ်လိုတွေ့ရသလဲရှင့်။

ဖြေ။ ။ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ကတော့ နိုင်ငံတကာမှာ ဒီလိုပြဿနာဖြစ်နေတဲ့ဟာကို ဘာထောက်ပြသလဲဆိုတော့ ဘာသာရေးလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတိုင်းမှာ လူ့အခွင့်အရေးဆိုတာ ရှိတယ်။ လူ့အခွင့်အရေးဆိုတာ ရှိတဲ့အတွက် တော်ရုံလူနည်းစုတွေ ဖိနှိပ်ခံရမှု ပြဿနာမျိုးမရှိသလို ရာဇဝတ်မှု ကြီးမားတဲ့ ပြဿနာလည်း မရှိဘူး။ အဲလိုနိုင်ငံတွေမှာ စီးပွားရေး တည်ငြိမ်မှုကလည်း ရှိတယ်။ စီးပွားရေး တိုးတက်မှုကလည်း ပိုပြီးတော့ အလားအလာရှိတယ်ပေါ့နော်။ ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံတွေမှာ လူ့အခွင့်အရေး တော်တော်လေးချိုးဖောက်ခံရတယ်။ လူနည်းစုတွေ အမျိုးမျိုးဒုက္ခတွေနဲ့ ရင်ဆိုင်ရတယ်။ အဲလိုမျိုး နိုင်ငံတွေမှာ အများအားဖြင့် Genocide လိုမျိုး ပြဿနာမျိုးတွေ ရင်ဆိုင်ရတယ်ပေါ့နော်။ ဒါကြောင့် အဲလိုနိုင်ငံတွေက စီးပွားရေးမှာ နလံမထူနိုင်ဘူး ရာစုနှစ်နဲ့ချီပြီးတော့။ အဲလိုဟာမျိုး ကို သူတို့အဓိကထောက်ပြတယ်ပေါ့။

မေး။ ။ အခု ဒီနိုင်ငံတကာ စည်းဝေးပွဲမှာ ကိုကျော်ဝင်းကလည်း ပါဝင်ပြီးတော့ အဓိက ပြောဆိုသူတဦးအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပြောမှာဆိုတော့ ဘာအကြောင်းအရာတွေ အဓိကပြောဖို့ရှိသလဲရှင့်။

ဖြေ။ ။ ကျနော်အဓိကပြောမှာတော့ ကျနော်တို့ မြန်မာပြည်မှာ အဓိက လူနည်းစုတွေဖြစ်တဲ့ ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ ရခိုင် ဒီလူနည်းစုတွေ နောက်ဘာသာရေးအရ ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ မြန်မာမွတ်စလင်တွေ ၊ ရိုဟင်ဂျာတွေ ဒါတွေ အားလုံးရဲ့ အခြေအနေတွေ ကိုပြောမှာဖြစ်တယ်။ ဥပမာ- ကချင်ပြည်နယ် တခုလုံးမှာဆိုရင် Church ပေါင်း ၂၀၀ ကျော် ဖျက်ဆီးခံလိုက်ရပြီးပြီ ၊ နောက် မြန်မာပြည်တဝှမ်းမှာဆိုရင်လည်း ဗလီတွေ အပိတ်ခံလိုက်ရတယ်၊ ဖျက်ဆီးခံလိုက်ရတာ ယနေ့အထိ အပိတ်ခံရတာတွေ၊ နောက် မြန်မာပြည်တဝှမ်းမှာ လူနည်းစုတွေကို ဖိနှိပ်နေတဲ့ စနစ်ကြီးပေါ့နော်။ နောက်တနိုင်ငံလုံးမှာဖြစ်နေတဲ့ ဒုက္ခသည်တွေ၊ မြန်မာပြည် အိမ်နီးချင်းနိုင်ငံတွေမှာ ကြည့်မယ်ဆိုရင် လူနည်းစုတွေ မြန်မာပြည်က ဒုက္ခသည်တွေ သိန်းနဲ့ သန်းနဲ့ ချီပြီးရောက်နေတယ်။ ဒီ Issue တွေကို အဓိကထောက်ပြမယ် ဘာကြောင့် ဒီလိုဖြစ်ရတယ်၊ ဒီဟာရဲ့ အဓိက ဇစ်မြစ် အခြေခံအကြောင်းအရင်းက ဘာလဲဆိုတာကို ကျနော်ဆွေးနွေးမှာဖြစ်တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG