၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု 9-11 နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို မနက် ၈ နာရီ ၄၀ မှာ နယူးယောက်နဲ့ ၀ါရှင်တန်မှာ တပြိုင်တည်း ကျင်းပပါတယ်။
အမေရိကန်ပြည်ထောင်စုပိုင်နက်ထဲမှာ အဆိုးရွားဆုံး အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှု ၁၆ နှစ်ပြည့် အခမ်းအနားကို အိမ်ဖြူတော်မှာကျင်းပရာမှာ ဒေါ်နယ်ထရမ့်လည်း သမ္မတ တဦးအနေနဲ့ ပထမဆုံး တက်ရောက်ပါတယ်။ အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲခဲ့တဲ့ လေယာဉ်ဟာ နယူးယောက်က ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးကို ပထမဆုံး ၀င်တိုက်ခဲ့တဲ့ မနက် ၈ နာရီ ၄၀ မှာ ငြိမ်သက်ပြီး အခမ်းအနားကျင်းပခဲ့တာပါ။
နယူးယောက်မြို့မှာတော့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦး ပြိုကျရာတဲ့ အထိမ်းအမှတ် နေရာမှာ ကွယ်လွန်ခဲ့သူတွေရဲ့ နာမည်တွေကို ရွတ်ဆိုပြီး အခမ်းအနားကျင်းပပါတယ်။ ၂၃ မိနစ်အကြာ ဒုတိယ လေယာဉ်ကတော့ မိုးမျှော်ညီနောင် ဒုတိယ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦးကို ၀င်တိုက်ခဲ့ပြီးနောက် အဆောက်အဦး ၂ ခုလုံး ပြိုကျ ပျက်စီးခဲ့တာပါ။ အိမ်ဖြူတော်က အခမ်းအနားပြီးပြီးချင်းမှာပဲ သမ္မတ ထရမ့်ဟာ ပန်တဂွန် စစ်ဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနာကို တက်ရောက်ပါတယ်။
"ရက်ရက်စက်စက် ခြောက်ခြားဖွယ် အဲဒီနေ့ရယ်ဟာ ကျနော်တို့ရဲ့ အသိထဲမှာ ထာဝရ တည်ရှိနေမှာဖြစ်ပြီး ကွယ်လွန်ခဲ့သူအားလုံးကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ကြောင်း "ထရမ့်က အခမ်းအနားတွင်း ကတိပေးပြောကြားပါတယ်။
ကာကွယ်ရေးဝန်ကြီး Jim Mattis ကလည်း သူရဲကောင်းဝါဒနဲ့ မေတ္တာစေတနာတွေဟာ အဆုံးမရှိသလို ဒီကနေ့မှာ အမေရိကန်တွေအနေနဲ့ တသွေးတသားတည်း အတူတကွ ရပ်တည်ခဲ့ကြတယ်လို့ ပြောပါတယ်။စက်တင်ဘာ ၉ ရက် ၂၀၀၁ ခုနှစ်က အကြမ်းဖက်သမားတွေ စီးနင်းသိမ်းပိုက်ခဲ့တဲ့ လေယာဉ် လေးစီးထဲက တစီးဟာ ပင်တဂွန် စစ်ဌာနချုပ်ကို ၀င်တိုက်ခဲ့ပါတယ်။
ဒု သမ္မတ Mike Pence ကတော့ Pennsylvania ပြည်နယ် Shanksville မြို့က အခမ်းအနားကို တက်ရောက်မှာပါ။ အဲဒီလေယာဉ်ကို စီးနင်းခဲ့တဲ့ အကြမ်းဖက်သမားတွေဟာ လွှတ်တော် အဆောက်အဦး ဒါမှမဟုတ် အိမ်ဖြူတော်ကို တိုက်ခိုက်မယ့် ရည်ရွယ်ချက်နဲ့ ၀ါရှင်တန်ကို ပျံသန်းဖို့ကြိုးစားစဉ် လေယာဉ်ပေါ်ပါ ခရီးသည်တွေက အခြေအနေကို သဘောပေါက်ပြီးနောက် အကြမ်းဖက်သမားတွေကို ခုခံခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အဲဒီနောက် အကြမ်းဖက်သမားတွေဟာ အဖမ်းမခံခဲ့ဘဲ လေယာဉ်ကို ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲ ထိုးစိုက်ဆင်းခဲ့တာပါ။
စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် ၀ါဒစွဲ တိုက်ခိုက်မှုအတွင်း နယူးယောက်မြို့မှာ အများဆုံးသေဆုံးခဲ့သလို ပန်တဂွန်စစ်ဌာနချုပ်မှာလည်း အသေအပျောက် များခဲ့ပါတယ်။ လေယာဉ် ၄ စီးနဲ့ တိုက်ခိုက်မှုအတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။