အာဖဂနစ္စတန်နိုင်ငံတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အာဖဂန်အစိုးရက ဦးဆောင် လုပ်သွားသင့်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောလိုက်ပါတယ်။ မစ္စတာဂိတ်စ်ဟာ ကြာသပတေးနေ့တုန်းက အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) နဲ့ အာဖဂန်မြို့တော် ကဘူးမှာ တွေ့ဆုံခဲ့ပါတယ်။
အနောက်နိုင်ငံတွေက ကျားကန် ထောက်ပံ့ပေးထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့နှစ်ဖွဲ့ကို အာဖဂန်အစိုးရ ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲရမှာ ဖြစ်တယ်လို့ မစ္စတာဂိတ်စ်က ပြောပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်တွေ အပေါ်မှာ နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှု ရဖို့လိုတယ်လို့ ထောက်ပြပါတယ်။ သမ္မတ ဟာမင်း ကာဇိုင်းကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို လုပ်သွားပါ့မယ်လို့ ကတိပြုပါတယ်။
သူတို့နှစ်ဦးဟာ နေတိုးရဲ့ လေကြောင်းစစ်ဆင် တိုက်ခိုက်မှု ကိစ္စတခုကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ တိုက်ခိုက်မှု အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးရဲ့ စည်းရုံးရေး အဖွဲ့ဝင် ၁၀ဦး သေဆုံးပြီး မြောက်ပိုင်း တပ်ခ်ဟာ (Takhar) ပြည်နယ် ကိုယ်စားလှယ်လောင်း ဒဏ်ရာရခဲ့တယ်လို့ မစ္စတာ ကာဇိုင်းက ပြောပါတယ်။
နေတိုးတပ်ဖွဲ့ စစ်ဆင်ရေးတွေကြောင့် အရပ်သား အထိအခိုက်ဖြစ်တဲ့ ကိစ္စဟာ အာဖဂန် ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ မဟာမိတ်တွေအကြား တင်းမာနေရတဲ့ အဓိက အကြောင်းရင်းတခု ဖြစ်ပါတယ်။ အာဖဂန်ကျေးရွာတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေမှာ အရပ်သားတွေပဲ အထိအခိုက် ဖြစ်နေပြီး ဒီလုပ်ရပ်ကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ထိခိုက်စေတယ်လို့ မစ္စတာ ကာဇိုင်းက ပြောပါတယ်။
နေတိုးဘက်ကတော့ ဒီစစ်ဆင်ရေးဟာ ရပ်စ် တပ်က် (Rushtaq) ခရိုင်အတွင်းက စစ်ယာဉ်တန်း တခုနဲ့ သွားလာနေတဲ့ စစ်သွေးကြွ ခေါင်းဆောင်တဦးကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
နေတိုးဘက်ကတော့ အဲဒီတိုက်ခိုက်မှု အတွင်းမှာ သူပုန် ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒီအထဲမှာ စစ်သွေးကြွခေါင်းဆောင် တဦးလည်း ပါတယ်လို့ ဆိုပါတယ်။ အရပ်သား သေဆုံးမှု ရှိမရှိဆိုတာ အပေါ်မှာ စုံစမ်းစစ်ဆေးနေတယ်လို့ မဟာမိတ်တပ်က ပြောပါတယ်။