သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အာဖဂန် လုံခြုံရေးသဘောတူညီချက် လက်မှတ်ထိုး


အာဖဂန်နစ္စတန် အစိုးရသစ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ ကာလရှည် နှောင့်နှေးခဲ့တဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှုကို လက်မှတ်ရေးထိုးလိုက်ပါပြီ။

ဒီသဘောတူညီချက်အရ ဒီဇင်ဘာလ ၃၁ ရက်နေ့ အာဖဂန်နိုင်ငံတွင်းက နိုင်ငံတကာတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ အဆုံးသတ်ချိန်မှာ နိုင်ငံခြားစစ်သား ၁ သောင်း ၂ ထောင်လောက် နိုင်ငံတွင်းမှာ ဆက်လက် ချန်ထားခွင့်ပြုမှာ ဖြစ်ပါတယ်။

အမျိုးသား လုံခြုံရေး အကြံပေး Hanif Atmar နဲ့ အမေရိကန် သံအမတ်ကြီး James Cunningham တို့ ဒီသဘောတူညီချက်ကို ကဘူးလ်မြို့တော်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ အာဖဂန်သမ္မတအဖြစ် Ashraf Ghani အာဏာလွှဲပြောင်းယူခဲ့ပြီး နောက်တရက်မှာပဲ အခုလို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်က တာလီဘန်တို့ကို ပစ်မှတ်ထားဖို့နဲ့ အာဖဂန်တပ်တွေကို ဆက်ပြီး လေ့ကျင့်သင်တန်းပေးဖို့အတွက် နိုင်ငံခြားတပ်တွေကို နိုင်ငံတွင်းမှာ ဆယ်စုနှစ် တခုကြာ ဆက်ပြီး ခွင့်ပြုထားတာပါ။ အာဖဂန် ပြည်သူတွေက သူတို့ အသစ် ရွေးကောက်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်မှုကနေ တဆင့် ဒီသဘောတူညီချက်ကို ရွေးချယ်လိုက်တာ ဖြစ်တယ်လို့လည်း အမေရိကန် သံအမတ်ကြီး Cunningham က ပြောပါတယ်။

အာဖဂန်နစ္စတန်ရဲ့ ရွေးချယ်မှုကတော့ အာဖဂန်ပြည်သူတွေ ပိုပြီး လုံခြုံ ပြည့်စုံတဲ့ အနာဂတ်အတွက် လုပ်နေတာမှာ နိုင်ငံတကာရဲ့ ပံ့ပိုးမှုနဲ့ ပေါင်းစပ်ဖို့ဖြစ်ပြီး အမေရိကန်တို့ရဲ့ ရွေးချယ်မှုကတော့ မိတ်ဘက် အာဖဂန်နဲ့ အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စ ၂ ရပ် ဖြစ်တဲ့ အာဖဂန်တပ်တွေကို လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ပေးရေးနဲ့ အကြမ်းဖက်မှုတွေကို ပူးပေါင်း တိုက်ဖျက်ရေးတို့မှာ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်လို့ အမေရိကန် သံအမတ်ကြီး Cunningham က ပြောဆိုခဲ့တာပါ။

အရင် အာဖဂန်သမ္မတဟောင်း Hamid Karzai ကတော့ အာဖဂန်နစ္စတန်မှာ ၂၀၀၁ ခုနှစ် တာလီဘန်တို့ကို အာဏာလက်လွှတ်ခဲ့ပြီး ချိန်ကတည်းက နိုင်ငံတကာတပ်တွေ နိုင်ငံတွင်း ဝင်ရောက်နေတဲ့ ကာလအတွင်း အရပ်သားတွေ သေဆုံးမှုကို ဝေဖန်ပြီး အခု သဘောတူညီချက်ကို ကာလရှည် ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကတော့ အာဖဂန်ညွှန့်ပေါင်း အစိုးရသစ်အပေါ်မှာ အမေရိကန်တို့က ဆက်လက် ပံ့ပိုးပေးသွားမယ်ဆိုတဲ့ ကတိကို ဒီအင်္ဂါနေ့ သဘောတူညီချက်က ထင်ဟပ်စေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG