သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးပဋိပက္ခ Apple စိုးရိမ်


တရုတ် သွင်းကုန်တွေ အပေါ် အမေရိကန်ဘက်က အခွန်တိုးကောက်တာကို ရှောင်ရှားနိုင်ဖို့ Apple ကုမ္ပဏီ အတွက် ပစ္စည်း ထုတ်ပေးနေကြတဲ့ တရုတ်ပြည်တွင်းက စက်ရုံတွေ ပြည်ပကို ရွှေ့ပြောင်းဖို့ အမေရိကန် နည်းပညာ လုပ်ငန်းကြီး Apple က တိုက်တွန်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ တရုတ်ပြည်ထုတ် ကုန်ပစ္စည်းတွေ အပေါ် အမေရိကန်တို့ အခွန်တိုးကောက်မှုကို ရှောင်ရှားဖို့ ကုန်ထုတ်လုပ်ငန်းတွေ ပြည်ပ ရွှေ့ပြောင်းမှုနဲ့ အတူ တရုတ်နိုင်ငံမှာတော့ အလုပ်လက်မဲ့နှုန်း ကြီးထွားလာမှုနဲ့ ရင်ဆိုင်နေရပြီလို့လည်း သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ Joyce Huang ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

အမေရိကန် နည်းပညာ လုပ်ငန်းကြီး Apple အတွက် ပစ္စည်း ထုတ်လုပ် ပေးသွင်းနေကြတဲ့ အများစု တရုတ် အခြေစိုက် ထိုင်ဝမ် လုပ်ငန်းတွေ အနေနဲ့ အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးမြှင့် ကောက်ခံမှုကို ရှောင်ရှားနိုင်ဖို့ ကုန်ထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်း ကနေ ၃၀ ရာခိုင်နှုန်းထိ တရုတ်နိုင်ငံ ပြင်ပမှာ ထုတ်လုပ်ရေး စဉ်းစားကြဖို့ Apple ကုမ္ပဏီက တိုက်တွန်းနေကြောင်း သတင်းတွေ ထွက်လာပါတယ်။ Nikkei Asian Review က အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Foxconn Technology၊ Pegatron ၊ Wistron တို့ အပါအဝင် iPhone ပစ္စည်း အစိတ်အပိုင်းတွေ ထုတ်လုပ်နေတဲ့ လုပ်ငန်းတွေ အနေနဲ့ တရုတ်ပြည်တွင်းက အမေရိကန်ကို တင်ပို့မယ့် iPhone ထုတ်လုပ်ရေး လုပ်ငန်းတွေကို တခြား အရှေ့တောင်အာရှ နိုင်ငံတွေထံ ပြောင်းရွှေ့စာရိတ်ကို တွက်ချက်ဖို့ Apple လုပ်ငန်းကြီးက ပြောဆိုထားတယ်လို့ ဖော်ပြခဲ့တာပါ။ Apple လုပ်ငန်းကြီး ဘက်ကတော့ ဒီအပေါ်မှာ တုံ့ပြန်ချက် မပေးပါဘူး။ ဒီလို ထုတ်လုပ်မှု ရွှေ့ပြောင်းတာတွေ ဖြစ်နေပြီလို့ သုံးသပ်သူတွေက ပြောဆိုထားပြီး ဒီလို ကုန်ထုတ်လုပ်မှု ရွှေ့ပြောင်းတာကြောင့် Apple လုပ်ငန်းကြီးရဲ့ အကျိုးအမြတ်ကို ထိခိုက်စေမှာ ဖြစ်သလို တရုတ်နိုင်ငံတွင်း အလုပ်အကိုင် အများအပြား ဆုံးရှုံးမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အတွင်း တရုတ်နိုင်ငံတွင်းကနေ ကုန်ထုတ်လုပ်ငန်းတွေ ပြည်ပကို ရွှေ့ပြောင်းတာတွေ ရှိနေပြီး တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး စစ်ပွဲ ဆက်ဖြစ်နေဦးမယ်ဆိုရင် ရွှေ့ပြောင်းမှုက ဆက်ဖြစ်နေဦးမယ် လို့လည်း သုံးသပ်သူတွေက ထပ်လောင်း ပြောပါတယ်။ ကမ္ဘာတလွှား နည်းပညာ ပစ္စည်း ထုတ်လုပ်မှု သုတေသနလုပ်တဲ့ IDC Taiwan က အကြီးတန်း သုတေသန ဆိုင်ရာ စီမံခန့်ခွဲသူ Sean Kao ကတော့ အခုလို ပြောပါတယ်။

"ကျနော် သိရသလောက်ကတော့ ပြီးခဲ့တဲ့နှစ် အတွင်း သတင်းအချက်အလက် နည်းပညာ ပစ္စည်း ထုတ်လုပ်မှု ကဏ္ဍ ဥပမာအားဖြင့်ဆိုရင် တကိုယ်ရေသုံး ကွန်ပြူတာ ဒါမှမဟုတ်လည်း အိမ်သုံး လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူတွေက လက်ကိုင်ဖုန်း ထုတ်လုပ်သူတွေထက် ပိုပြီးတော့ တရုတ်ပြည် အပြင်မှာ ကုန်ထုတ်လုပ်မှုတွေကို ရွှေ့ပြောင်းခဲ့ကြပါတယ်။"

အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး ပဋိပက္ခမှာ Apple လို နည်းပညာ ကုမ္ပဏီတွေက ကြားထဲက မြေဇာပင်ဖြစ် အထိနာနေတာ ဖြစ်ပြီး အမေရိကန်ကို တင်သွင်းတဲ့ တရုတ်ထုတ် ကုန်ပစ္စည်းတွေ အပေါ် ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ အကြီးအကျယ် အခွန်ကောက်ခံမှုနဲ့လည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒီသတင်းပတ်နောက်ပိုင်း G -20 အစည်းအဝေးမှာ တရုတ် သမ္မတ Xi Jinping နဲ့ တွေ့ဆုံပြီးရင်တော့ ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိ တရုတ် သွင်းကုန်တွေ အပေါ် ထပ်ပြီး အခွန်ကောက်မလားဆိုတာကို ဆုံးဖြတ်မယ်လို့လည်း ဒီလ အစောပိုင်းမှာဘဲ အမေရိကန် သမ္မတ Donald Trump က ပြောဆိုထားတာပါ။

ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို တရုတ် နိုင်ငံပြင်ပကို ခွဲထုတ်ထားတဲ့ အတွက် လိုအပ်လာရင် အမေရိကန်ကို တင်ပို့မယ့် iPhone တွေကို တပ်ဆင် ထုတ်လုပ်ရေး ပိုပြီး အဆင်ပြေသွားစေမှာ ဖြစ်တယ်လို့ စီးပွားရေး သုတေသန ဆိုင်ရာ Chaung-Hua Institution က ညွှန်ကြားရေးမှူး Liu Meng-chun က ပြောပါတယ်။

တရုတ်ရဲ့ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ်ကျွန်းတို့လို ဒေသတွေက အကျိုးအမြတ် ရှိသွားစေမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒီလို ကုန်ထုတ်လုပ်ငန်း ရွှေ့ပြောင်းမှုတွေကြောင့် တရုတ်ကတော့ အထိနာနေတယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။

"တရုတ်ရဲ့ အလုပ်အကိုင် ရရှိမှု အပေါ်မှာ အကြီးမားဆုံးနဲ့ အသိသာဆုံး သက်ရောက်မှု ရှိပါတယ်။ အာဏာပိုင်တွေဘက်က ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုတာ မရှိပေမယ့်လည်း အလုပ်အကိုင်တွေ အစုလိုက် အပြုံလိုက် ဆုံးရှုံးတာကြောင့် တရုတ်မှာ အလုပ်လက်မဲ့နှုန်း ကြီးထွားလာမှု ပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။"

တရုတ်ဘက်ကတော့ နိုင်ငံတွင်း အလုပ်အကိုင်ရရှိမှုနှုန်းက တည်တည်ငြိမ်ငြိမ် ရှိနေဆဲလို့ ပြီးခဲ့တဲ့ သတင်းပတ်မှာ ပြောဆိုပြီး မနှစ်ကဆိုရင်ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍကနေ အလုပ်အကိုင် အများဆုံး ရရှိတယ်လို့လည်း ပြောဆိုထားပါတယ်။ အစိုးရရဲ့ စာရင်းဇယားတွေ အရတော့ မေလအတွင်း မြို့ပြဒေသ အလုပ်လက်မဲ့နှုန်းက ၅ ရာခိုင်နှုန်းမှာဘဲ ရှိနေဆဲ ဖြစ်ပြီး ၂၀၁၉ ခုနှစ် အတွင်း အလုပ်လက်မဲ့နှုန်း သတ်မှတ်ချက် ၅ ဒသမ ၅ ရာခိုင်နှုန်းအောက် လျော့နည်းနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်ပြည်တွင်း ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေက ပြည်ပကို ရွှေ့ပြောင်းမှု၊ နောက် အချိန်ပို အလုပ်ခိုင်းစေမှုတွေကို လျှော့ချမှုတွေနဲ့ အကျဘက်ကို ရောက်လာတယ်လို့ ပြောဆိုတာနဲ့ အတူ တရုတ်ရဲ့ ပို့ကုန် ထုတ်လုပ်ရေး လုပ်ငန်းမှာ အလုပ်အကိုင်တွေ လျော့နည်းလာပြီး လုပ်ခလစာ နည်းလာတာတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမား သန်း ၂၈၀ ရဲ့ ငွေကြေးသုံးစွဲမှုက လျော့ကျလာတာနဲ့ အတူ တရုတ်ရဲ့ ရေရှည် ရည်မှန်းချက် ဖြစ်တဲ့ ပြည်တွင်း စားသုံးမှု အပေါ် အားထားပြီး စီးပွားရေး မြှင့်တင်ရေး ဆိုတဲ့ အပေါ်မှာတော့ အထိနာစေမှာ ဖြစ်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ဒါ့အပြင် အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေ လိုချင်တဲ့ အမေရိကန် ဝယ်လက်တွေ ဆုံးရှုံးလာပြီး တဖက်မှာ တရုတ် ပြည်တွင်း စားသုံးသူတွေကတော့ ဈေးနှုန်းကို ပိုပြီး အလေးထားတာကြောင့် တရုတ်ရဲ့ ပို့ကုန် ထုတ်လုပ်ရေး လုပ်ငန်းတွင်း တန်ဖိုးမြင့် ထုတ်ကုန်တွေ ထုတ်ဖို့ စိတ်ဝင်စားမှုလည်း လျော့ကျလာနိုင်တယ်လို့လည်း သုံးသပ်သူ Liu က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG