သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကို လုပ်ကြံဖို့ အီရန်စီစဉ်မှု တရားရေးဌာန ဖော်ထုတ်


အမေရိကန်တရားရေးဌာနမှာကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ FBI ညွှန်ကြားရေးမှူး Christopher Wray (ပုံဟောင်း)
အမေရိကန်တရားရေးဌာနမှာကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ FBI ညွှန်ကြားရေးမှူး Christopher Wray (ပုံဟောင်း)

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အခုအနိုင်ရထားတဲ့ Donald Trump နဲ့ လူသိများတဲ့ အီရန်နွယ်ဘွား အမေရိကန် သတင်းထောက်တယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ အီရန်က စီစဉ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေ ပြောကြားလိုက်ပါတယ်။ ဒီစီစဉ်မှုတွေအတွက် အာဖဂန်လူမျိုးတယောက်နဲ့ New York မှာနေသူ ၂ ယောက်ကို အမေရိကန်တရားရေးဌာနက တရားစွဲထားပါတယ်။

အီရန်မှာ အင်အားရှိတဲ့ တော်လှန်ရေး တန်ပြန်အထူးတပ်က Trump ကို လုပ်ကြံဖို့အတွက် အာဖဂန်လူမျိုး Farhad Shakeri ကို အောက်တိုဘာလတုန်းက ငှားရမ်းတာဝန်ပေးခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။ လက်ရှိ အီရန်မှာ ရှိနေတယ်လို့ ယုံကြည်ရတဲ့ Farhad Shakeri က Trump ကို သတ်ဖို့ အငှားခံရတယ်ဆိုတာကို အမေရိကန်တရားဥပဒေစိုးမိုးရေး အရာရှိတွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ်ကြီး Qassem Soleimani သေဆုံးခဲ့တာကို လက်စားခြေဖို့ အီရန်အထူးတပ်က လုပ်ကြံမှုဖို့ စီစဉ်တာဖြစ်တယ်လို့ အမေရိကန် တရားရေးဌာနရဲ့ စွပ်စွဲချက်မှာ ဖော်ပြထားပါတယ်။ သမ္မတလောင်း Trump ဟာ ရွေးကောက်ပွဲ စည်ရုံးမဲဆွယ်စဉ်ကလည်း ၂ ကြိမ် ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားခံခဲ့ရပါတယ်။ အခုကတော့ အီရန်တပ်က လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်မှု ဖြစ်တယ်လို့ တရားရေးဌာက ပြောပါတယ်။

Farhad Shakeri နဲ့ အမူတွဲ ဖြစ်ကြတဲ့ Carlisle Rivera နဲ့ Jonathon Loadholt တို့ကိုလည်း New York က အီရန်နွယ်ဘွား အမေရိကန်တဦးကို သတ်ဖြတ်ဖို့ စီစဉ်မှုနဲ့ သီးခြားစီ တရားစွဲခဲ့ပါတယ်။ သူတို့ ၂ ယောက်လုံးကိုတော့ New York မှာ ဖမ်းဆီးထားပါတယ်။ အီရန်အစိုးရအပေါ် ဝေဖန်တဲ့ အမေရိကန်နိုင်ငံသားတွေ အစိုးရခေါင်းဆောင်တွေသာမက အီရန်အတိုက်အခံတွေကိုပါ ပစ်မှတ်ထားဖို့ အီရန်က ဗြောင်ဗြောင်တင်းတင်း ကြိုးစားနေတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုစုံစမ်းရေးဗျူရို FBI ညွှန်ကြားရေးမှူး Christopher Wray သောကြာနေ့က ပြောကြားခဲ့ပါတယ်။

Trump ကို လုပ်ကြံဖို့ အီရန်အစိုးရက ခိုင်းစေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ဟာ လုံးဝ အခြေအမြစ် မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဌာနက ဒီနေ့ စနေနေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

Forum

XS
SM
MD
LG