သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ တည်ငြိမ်စွာ အသွင်ပြောင်း


အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အကြို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ဝါရှင်တန်မြို့တော် Center for American Progress မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ။
အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အကြို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ဝါရှင်တန်မြို့တော် Center for American Progress မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ။

မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ အခိုက်အတန့်မှာ ရောက်ရှိနေတယ်။ စစ်တပ်နဲ့ NLD တို့ လက်တွဲပြီး တည်တည်ငြိမ်ငြိမ် အသွင်ကူးပြောင်းရေးဆောင်ရွက်နေကြတယ်လို့ အမေရိကန် သမ္မတရဲ့ လက်ထောက်အမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ်က ပြောကြား လိုက်ပါတယ်။ ဖေဖေါ်ဝါရီလ ၁၅-၁၆ ရက်တွေမှာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အကြို အဖြစ် မနေ့က ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ဝါရှင်တန်မြို့တော် Center for American Progress မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Ben Rhodes က အဲ့သလို ပြောကြားသွားတာပါ။ on-line က တိုက်ရိုက် စောင့်ကြည့်နေခဲ့ တဲ့ ဦးကျော်ဇံသာက အပြည့်အစုံ တင်ပြပေးထားပါတယ်။

ထိပ်သီးစည်းဝေးပွဲ အကြိုသုံးသပ်တဲ့ ဒီနေ့ အခမ်းအနားမှာ အဓိက ပြောကြား သွားသူ ကတော့ Ben Rhodes ဖြစ်ပါတယ်။ သူဟာ သမ္မတ အိုဘားမားရဲ့ မဟာဗျူဟာဆိုင်ရာ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး မိန့်ခွန်းရေးသားပေး ရသူလည်းဖြစ်ပါတယ်။ နိုင်ငံရေးစနစ်တွေ အမျိုးမျိုး ကွဲပြားနေတဲ့ အာဆီယံနိုင်ငံတွေ အပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ နိုင်ငံရေးအရ သူတို့စိတ်တိုင်းကျ သြဇာပေးမှာ မဟုတ်ပဲ နိုင်ငံတကာ စံနဲ့ ညီတဲ့ အခွင့်အရေးတွေ ပွင့်လင်း ရရှိရေးကိုသာ ဦးစားပေးဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း အရပ်သား အဖွဲ့အစည်းတွေ အားကောင်းလာဖို့၊ မီဒီယာ လွတ်လပ်ခွင့်ရှိလာဖို့နဲ့ စွန့်ဦးတီထွင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပေါ်ထွက်လာရေး တို့ကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟာလည်း အင်ဒိုနီးရှား မှာလို ပဲ အောင်မြင်ချောမွေ့ လိုက်မယ်လို့ မျှော်လင့်ကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံဟာဆိုရင် သိပ်အရေးကြီးပြီး စိတ်ဝင်စားစရာကောင်းတဲ့ အခိုက်အတံ့ မှာ ရောက်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်က ပါလီမန်ခေါ်ယူခဲ့ပါတယ်။ အကြမ်းအားဖြင့် ဧပြီလဆန်းပိုင်းလောက်မှာ သမ္မတ တယောက်ရွေးချယ်ဖို့ ရှိနေပါတယ်။ ဒါဟာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD နဲ့ လက်တွဲပြီး တည်ငြိမ်မှုရှိတဲ့ အသွင် ကူးပြောင်းရေး တရပ်ကို လုပ်နိုင်တယ်ဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို စစ်တပ် အစိုးရဆီကနေ အရပ်သားအစိုးရတရပ် ဆီ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်း နိုင် တယ်ဆိုတာ အင်ဒိုနီးရှား နိုင်ငံမှာလည်း ပြသခဲ့ပြီးဖြစ်ပါတယ်။"

တခါ အာဆီယံနိုင်ငံတချို့နဲ့ တရုတ်နိုင်ငံတို့အကြား တောင်တရုတ်ပင်လယ်မှာ နယ်မြေ အငြင်းပွားမှုတွေ ဖြစ်နေတဲ့အချိန် အာဆီယံနဲ့ အမေရိကန်တို့ အခုလို ပိုမိုနီးကပ်လာတဲ့အတွက် ဒေသတွင်း တင်းမာမှု မြင့်မားလာနိုင်စရာမရှိဘူးလို့လည်းပဲ သူက ဖြေကြားသွားပါတယ်။

" အမေရိကန်အနေနဲ့ ဘယ်လိုမူမျိုးကို ထောက်ခံတယ်ဆိုတာ အသိပေးလိုပါတယ်။ မကြာသေးမီ လတွေက ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ လွတ်လပ်စွာ ရေကြောင်း သွားလာမှု ဆိုတာဟာ တရုတ်ကိုသော်လည်းကောင်း၊ တနိုင်ငံငံကိုသော် လည်းကောင်း ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး။ တောင်တရုတ်ပင်လယ်တွင်း ကုန်သွယ် ကူးသန်းရောင်းဝယ်မှု လွတ်လွတ်လပ်လပ် စီးဆင်းနေခြင်းဟာ ကျနော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားပါ။ ကမ္ဘာ့စီးပွားရေးဟာလည်း ဒီအပေါ်မှာ ရပ်တည်နေပါတယ်။ ဒီမူဝါဒကို ကျနော်တို့ ဆက်လက်ထောက်ခံ သွားမှာဖြစ် ပါတယ်။

နောက်တချက်ကတော့ တင်းမာမှု ကြီးထွားလာတာကို ကျနော်တို့ မလိုလား ပါဘူး။ ဒေသတွင်း စစ်ရေး တပ်ဆင်မှုတွေ ဖြစ်နေရတာဟာလည်း ဘယ်သူ့အတွက်မှ အကျိုး မရှိပါဘူး။

တတိယအချက်ကတော့ ဒီနယ်မြေအငြင်းပွားမှုတွေကို ဖိလစ်ပိုင် ဆောင်ရွက်နေ သလို နိုင်ငံတကာ ဥပဒေနဲ့အညီ ဆောင်ရွက်စေလိုပါတယ်။ ဥပဒေနဲ့ အညီ ဆောင်ရွက် မှ အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းမှာပါ။ အင်အားကြီးတဲ့နိုင်ငံ က အင်အားငယ်တဲ့ နိုင်ငံတွေအပေါ် နိုင့်ထက်စီးနင်း လုပ်တာဟာ တောတွင်း ဥပဒေ သာ ဖြစ်ပါတယ်။ ဘယ်သူ့အတွက်မှ အကျိုး မရှိပါဘူး။ အာဆီယံရဲ့ ရည်ရွယ်ချက်ဟာလည်း ဒေသတွင်း ပဋိပက္ခ ရှောင်ရှားရေးဖြစ်ပါတယ်။"

တရုတ်နဲ့ အာဆီယံနိုင်ငံတွေ အကြား တင်းမာမှု ပိုမိုမြင့်မားလာမှာကို စိုးရိမ်စရာ မရှိပေမဲ့ အာဆီယံဒေသတွင်း အစွန်းရောက် အကြမ်းဖက် မှုတွေ ပြန်လည် ခေါင်းထောင် လာမယ့် အရေးကိုတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ တွေ့နေရတာက အာဆီယံနိုင်ငံအချို့မှာ အစွန်းရောက် အဖွဲ့တချို့ ရှိနေခဲ့တာပါ။ အင်ဒိုနီးရှားမှာဆိုရင် Jemaah Islamiah ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံ နယ်တချို့မှာဆိုရင် အစွန်းရောက်လှုပ်ရှားမှု တချို့ ရှိပါတယ်။ မလေးရှားမှာ ဆိုရင်လည်း al-Qaeda အဆက်အနွယ်အချို့ ခြေကုတ်ယူဖို့ ကြိုးပမ်းကြတာ ရှိပါတယ်။ အခုဖြစ်နေတာက အာဖရိကပုံစံနဲ့ မတူပါဘူး။ IS တွေက အခြေချ စခန်းထောင်ဖို့ ကြိုးစားနေတဲ့ပုံစံ မဟုတ်ပါဘူး။ ရှိရင်းစွဲအုပ်စုတွေနဲ့ ဆက်သွယ်ပြီး IS အတွက် တပ်သားစုဆောင်းဖို့ လုပ်နေတာပါ။ ဒါဟာ စိုးရိမ်စရာကောင်းပါတယ်။

ဂျာကာတာမှာ အတိုက်ခိုက်ခံခဲ့ရပါပြီ။ ပြီးတော့ ဒီအရှေ့တောင်အာရှက တချို့ ဟာ ဆီးရီးယားကို သွားပြီးတော့ IS တွေနဲ့ လက်တွဲတိုက်နေတာကို ကျနော်တို့ တွေ့နေရ ပါပြီ။ ဒီလိုလူတွေ ဆီးရီးယားကိုသွား၊ အစွန်းရောက်တွေ ဖြစ် လာ၊ ဒေသကိုပြန်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့ အရေး စိုးရိမ်ရပါတယ်။ ဆိုတော့ အရင်ရှိခဲ့ပြီးသား မှေးမှိန်နေတဲ့ အုပ်စုတွေ IS အလံအောက်မှာ ပြန်လည် လှုပ်ရှား လာနိုင်ပါတယ်။ ကျနော်တို့ဟာ ဒီကိစ္စကို အာဆီယံနဲ့ အလေးအနက် ဆွေးနွေး သွားမှာဖြစ်ပါတယ်။ "

အခုလို ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စု မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး စည်းဝေးပွဲကို သမ္မတ အိုဘားမား ကိုယ်တိုင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာဖြစ်ပါတယ်။ အိုဘားမား အစိုးရဟာ အာရှ ပစိဖိတ် မဟာဗျူဟာ ချိန်ခွင်လျှာ ညှိရေးမှာ အာဆီယံနဲ့ဆက်ဆံရေးကို အဓိက မဏ္ဍိုင်တရပ်အဖြစ် ဦးစားပေး ထားပါတယ်။ အခုကျင်းပမယ့် ထိပ်သီးစည်းဝေးပွဲဟာ အမေရိကန် မူဝါဒအတွက် ဦးတည်ချက်သစ်ကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်-အာဆီယံ ဆက်ဆံရေးဟာ အာရှ ပစိဖိတ်ဒေသတွင်း အမေရိကန်တို့ရဲ့ စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း၊ ဒေသတွင်း လုံခြုံရေး ၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှု၊ နျူကလီးယား မပြန့်ပွားရေး၊ လူမှောင်ခို ဟန့်တားရေး၊ ရာသီဥတု ပြောင်းလဲလာမှု ဆိုင်ရာ ပြဿနာတွေအတွက်လည်း အရေးကြီးတဲ့ကိစ္စတရပ် ဖြစ်ကြောင်းပါ။

XS
SM
MD
LG