သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံခေါင်းဆောင်တွေ အမေရိကန်မှာ ညီလာခံတက်ကြမည်


လာမယ့် ၂၀၁၆ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၁၆ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Rancho Mirage မြို့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား တို့ တွေ့ဆုံပြီး ထိပ်သီးဆွေးနွေးပွဲတခု ကျင်းပမယ့်အကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

နိုဝင်ဘာလထဲ အာရှတိုက်ခရီးစဉ်အတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အာဆီယံ ခေါင်းဆောင်တွေကို သမ္မတ အိုဘားမား ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ခုလို အာဆီယံခေါင်းဆောင်တွေ တက်ရောက်မယ့် စည်းဝေးပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပခြင်းအားဖြင့် ၂၀၀၉ ခုနှစ်ကတည်းက အာဆီယံနဲ့ ဆက်ဆံလာတဲ့ အမေရိကန်ရဲ့ ရင်းနှီးမှုတွေကို ပိုမိုခိုင်မာလာအောင် တည်ဆောက်သွားမှာ ဖြစ်သလို၊ သမ္မတ အိုဘားမား အစိုးရရဲ့ အာရှတိုက်မှာ ချိန်ခွင်လျှာညှိမယ့် အစီအစဉ်ကို ပိုမို အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့လည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့နိုဝင်ဘာလထဲ စတင်လိုက်တဲ့ အမေရိကန်နဲ့ အာဆီယံ မဟာဗျုဟာကျတဲ့ မိတ်ဘက်တွေအဖြစ် နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်မှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော်က ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ နယ်မြေပိုင်ဆိုင်ရေး တရုတ်ရဲ့ ဆောင်ရွက်မှုတွေကို အာဆီယံအနေနဲ့ တညီတညွတ်တည်း ရင်ဆိုင်ကြဖို့အတွက် စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။ ဘရုနိုင်း၊ မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ် အာဆီယံ အဖွဲ့ဝင် ၄ နိုင်ငံဟာ TPPT ပစိဖိတ်ရပ်ဝန်း ကုန်သွယ်ဘက် ၁၂ နိုင်ငံထဲမှာ ပါဝင်နေပြီး ဒီကုန်သွယ်ရေးသဘောတူညီချက်ဟာ ကြီးထွားလာနေတဲ့ တရုတ်ကို တန်ပြန်နိုင်ဖို့ စီးပွားရေးနဲ့ လုံခြုံရေးအတွက် အာရှဒေသကို ဦးစားပေးတဲ့ သမ္မတ အိုဘားမားရဲ့ မူဝါဒတွေထဲမှာ အဓိကသော့ချက်တခုလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ အာဆီယံ အသင်းကြီးကြား ဆက်ဆံရေးဟာ ၁၉၇၇ က စတင်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ အာဆီယံ ကုန်သွယ်ရေးဟာ ၂၀၁၃ ခုမှာ ဒေါ်လာ ဘီလီယံ ၂၀၆.၉ ရှိခဲ့သလို၊ အမေရိကန်ရဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ ၂၀၁၃ ခုက ဒေါ်လာ ၁၁.၁ ဘီလီယံ ရှိခဲ့ပါတယ်။

XS
SM
MD
LG