မြန်မာနိုင်ငံ မှာ ကျင်းပ မယ့် ရွေးကောက်ပွဲ ဟာ ပြည်သူ လူထု ရဲ့မဲဆန္ဒတွေနဲ့အညီ ရလဒ် ထွက် လာတဲ့ ရွေးကောက်ပွဲဖြစ်မှသာ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုကို တကယ် လုပ်နေတယ် ဆိုတာကို နိုင်ငံတကာက လက်ခံနိုင်မှာဖြစ်တယ်လို့ အရှေ့အာရှ နဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုသွားပါတယ်။ ဒီသတင်း ကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ် ။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး၊ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ ဒုက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းတို့နဲ့ ဒီကနေ့မှာ သီးခြားစီ တွေ့ဆုံခဲ့တာပါ။ ဝန်ကြီးဦးအောင်မင်း နဲ့ တွေ့ဆုံစဉ်မှာ ရွေးကောက်ပွဲကိစ္စ ၊ အပစ်ရပ်ငြိမ်းချမ်းရေး ကိစ္စတွေပေါ် အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားတွေ ကို ရှင်းလင်းပြောဆိုသွားပါတယ်။
ရွေးကောက်ပွဲဟာ လူထု လက်ခံနိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်မှသာ မြန်မာအစိုးရ က ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုတာ သိသာမှာဖြစ်တယ်လို့ Daniel Russel က ဝန်ကြီးဦးအောင်မင်းကို ပြောဆိုကြောင်း အဲ့ဒီ့တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးမင်းဇော်ဦးက ပြောပါတယ်။
"အဓိက ကတော့ ဝန်ကြီးဦးအောင်မင်းတို့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး အနေနဲ့ ဒီအဆင့်အထိ ရောက်လာတဲ့အပေါ် သူတို့အနေနဲ့ အများကြီး အသိအမှတ်ပြုတဲ့ အကြောင်း သူတို့ ထပ်ခါတလဲလဲ ပြောသွားပါတယ်။ သူတို့အနေနဲ့ကတော့ လက်မှတ်ထိုးနိုင်တဲ့အဆင့်အထိ ရောက်အောင် ဒီငြိမ်းချမ်းရေးကို ဆက်လုပ်သွားဖို့ သူတို့အနေနဲ့ မျှော်လင့်တယ်ဆိုတဲ့အကြောင်း ပြောသွားတာပေါ့နော်။
နောက်တခုကတော့ Election ပေါ့။ အခုလက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဒီ Election က ရေချိန်တခုအနေနဲ့ ဒါကို ပြသသွားမှာပါ ဆိုတဲ့ သဘောကို ပြောပါ တယ်။ ဆိုလို တာက ဒီElection က လူထု လက်ခံနိုင်တဲ့ တကယ့် လူထုရဲ့ မဲဆန္ဒတွေနဲ့အညီ ရလဒ် ထွက်လာတယ်ဆိုလို့ရှိရင် ဒါက ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ပြီးတော့ လုပ်နေတယ်ဆိုတဲ့ သင်္ကေတ သဏ္ဍာန် ဆောင်မယ်ပေါ့နော် ဆိုတဲ့ ဒါကိုလည်း ပြောသွားပါတယ်။
ဝန်ကြီးဦးအောင်မင်းဖက်က ပြန်လည်ရှင်းပြခဲ့တာနဲ့ ပတ်သက်လို့ ဦးမင်းဇော်ဦးက ပြောတာက -
"အစိုးရဘက်က Agreement တခုဖြစ်လာတယ်ပေါ့နော်။ အခု NCA (Nationwide Ceasefire Agreement) ပြီးသွားတဲ့ အဆင့်အထိ ဖြစ်လာအောင် ဘယ်လိုမျိုး ညှိနှိုင်းခဲ့တယ်ဆိုတာတွေ ရှင်းပြတယ်။ နောက်ပြီးတော့ အခုကျန်နေတဲ့ အဖွဲ့အားလုံးပါမှ လက်မှတ်ထိုးရေး၊ ဘယ်လိုနည်းလမ်း ရှာမလဲဆိုတဲ့ အပေါ်မှာ အစိုးရအနေနဲ့ကတော့ အားလုံးပါဝင်ရေးဆိုတဲ့ မူကို မပစ်ပယ်ဘူး။ ဘယ်အဖွဲ့တွေက ဘယ်လိုအဆင့်မှာ ပါမလဲဆိုတာတော့ နည်းလမ်းနဲ့ ရှာပြီး လုပ်သွားမယ်ဆိုတာတော့ ရှင်းပြသွားပါတယ်။"
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက်ထိ သူ့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရွေးကောက်ပွဲကိစ္စ ၊ အပစ်ရပ်ငြိမ်းချမ်းရေးကိစ္စနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မြန်မာအာဏာပိုင်တွေနဲ့ရော နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
အခုလို နိုင်ငံတကာအကြီးအကဲတွေက မြန်မာအစိုးရကို လာရောက် တိုက်တွန်း ဆွေးနွေး ပေမယ့်လဲ မြန်မာအစိုးရ ကိုယ်တိုင်က အပြောင်းအလဲတွေ ကို ဖေါ်ဆောင်တာ အားနည်းနေသေးတယ်လို့ Gender Equality Network ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မမေစပယ်ဖြူက သုံးသပ်ပြောဆိုပါတယ်။
" ကျမတို့နိုင်ငံရဲ့ လက်ရှိအခြေအနေက ဘယ်လိုဖြစ်နေလဲ ဆိုတော့ နိုင်ငံတကာ က ဖြစ်သင့်တဲ့ အရာတွေ ဦးစားပေးသင့်တဲ့အရာတွေ ပေါ့နော် တိုက်တွန်းတာတွေ ကတော့ လုပ်နေကြတာပါပဲ။ ဒါပေမဲ့ ခက်တာက အဲ့ဒီ့ တိုက်တွန်းတဲ့ဟာတွေက တိုးလို့ မပေါက်ဘူးလို့ ကျမတို့ကတော့ အဲ့လိုမြင်တာပါပဲ။ အခု တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တို့ နောက် ကျမတို့ မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ ကိစ္စတွေမှာ အမေရိကန် သံရုံးအနေနဲ့ရော အမေရိကန်အစိုးရအနေနဲ့ရော ကျမတို့ အစိုးရကို တိုက်တွန်းတာတွေ၊ နိုင်ငံတော်တော် များများကတော့ ဖြစ်သင့်တဲ့ ဟာတွေကို သူတို့ကို တိုက်တွန်းအားပေးနေတာပဲ။ ဒါပေမဲ့ အခုအချိန်အထိကတော့ မျှော်လင့်ချက် ဝေးနေဆဲပဲပေါ့နော်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ နေပြည်တော်က အပြန် ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရန်ကုန်မြိုု့မှာ တွေ့ဆုံခဲ့ပါတယ်။ အခြားသော အရပ်ဖက် လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာ ၅ရက်နေ့မှာ သီးခြားတွေ့ဆုံသွားဖို့ ရှိပါတယ် ။