သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရောင်ခြည် စွမ်းအင် အတွက် မြန်မာနိုင်ငံမှာ အမေရိကန် ကုမ္ပဏီ ဒေါ်လာ သန်း ၄၈၀ ဖိုး ရင်းနှီးမြုပ်နှံ မည်


နေရောင်ခြည်စွမ်းအင်သုံး Solar Power Plant။
နေရောင်ခြည်စွမ်းအင်သုံး Solar Power Plant။

မြန်မာနိုင်ငံ ရဲ့ အိမ်သုံးနဲ့ စက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ပါ လျှပ်စစ် စွမ်းအင် လိုအပ်ချက် ကြီးမားလာနေတဲ့အချိန်မှာပဲ အဲဒီ စွမ်းအင် လိုအပ်ချက်ကို ဖြည့်တင်းတဲ့ နေရာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းတဲ့ နေရောင်ခြည်သုံး စွမ်းအင် ဟာ လျှပ်စစ်ထုတ်လုပ်ဖို့ အတွက် နည်းလမ်းကောင်းတစ်ခုပါလို့ ပညာရှင်တွေက ထောက်ပြပါတယ်။ မြန်မာပြည်မှာ အမေရိကန် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ တစ်ခုက ဒေါ်လာ သန်း ၄၈၀ ရင်းနှီးမြုပ်နှံပြီး မဂ္ဂါဝက် ၁၅၀ ထုတ်နိုင်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ဖို့ အတွက် သဘောတူ လက်မှတ် ထိုးကြတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် ACO ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ က ဒေါ်လာသန်း ၄၈၀ တန် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ နှစ်ရုံ မန္တလေး တိုင်း အတွင်းမှာ တည်ဆောက်မယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။ လျှပ်စစ်ဝန်ကြီး ဌာန နဲ့ ပေါင်းပြီး မြင်းခြံ နဲ့ မိတ္တီလာ မြို့နယ်တွေမှာ ၁၅၀ မဂ္ဂါဝက် ထုတ်ပေးနိုင်တဲ့ နေရောင်ခြည် သုံးစက်ရုံတွေ ကို နှစ် သုံးဆယ် စာချုပ်နဲ့ လုပ်မယ်လို့ ပြောပါတယ်။ ဘယ်သူတွေက ဘယ်လို ဆောက်မလဲ ဆိုတာကို ကုမ္ပဏီ ရဲ့ ဒုက္ကဋ္ဌ Chris Korzonkiewicz က အခုလို ဖြေပါတယ်။

"Combo ကုမ္ပဏီ ဟာ ပြည့်ဖြိုးမြဲ စွမ်းအင် ပရောဂျက်ကို တည်ဆောက်မှာပါ။ သူတို့ဟာ လျှပ်စစ်ထုတ်တဲ့ သီးခြားကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပြီးသွားရင်တော့ သူတို့ကပဲ ဒီဟာကို လည်ပတ်လုပ်ဆောင်မှာပါ ။ "

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပြီး မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ကို ဖြည့်ပေးနိုင်တဲ့ နေရောင်ခြည်သုံး စွမ်းအင်စက်ရုံ နဲ့ ပတ်သက်လို့ အမေရိကန် Stony Brook University က နေရောင်ခြည်သုံး စွမ်းအင် နဲ့ ပတ်သက်လို့ ဒေါက်တာဘွဲ့ ရယူခဲ့တဲ့ ကို ဌေးမင်းလှိုင်က အခုလို ပြောပါတယ်။

"ဆိုတော့ မြန်မာပြည်အနေနဲ့ အခုလို မြန်မာပြည်ကလည်း ဖွံ့ဖြိုး တိုးတက် လာပြီဆိုတော့ စွမ်းအင်အရင်းအမြစ်က လိုလာမှာပဲပေါ့။ အခုလောလောဆယ် မှာ မြန်မာပြည်က စွမ်းအင်အများစုက ရေအားလျှပ်စစ်ပေါ့။ ရေအားလျှပ်စစ်က ရနေတယ်။ အခုနောက်ပိုင်း စွမ်းအင်တွေ များလာလို့ရှိရင် ထုတ်ရမယ့် နည်းပေါင်း အမျိုးမျိုး ရှိတယ်ပေါ့။ အဲ့ဒီ့အထဲမှာ ပြောရမယ်ဆိုရင် ဆိုလာ Energy က ထုတ်တာကတော့ သဘာဝ ပတ်ဝန်းကျင်အတွက်လည်း အကောင်းဆုံး တိုင်းပြည်မှာဆိုရင် လောလောဆယ် Target ထားတယ်ပေါ့။ Renewable energy ပေါ့။ ဘယ်လောက် percent က စုစုပေါင်း Energy ရှိရမယ်ဆိုတဲ့ Target ပေါ့။ ဒီ Solar Plant ကို လုပ်လိုက်တဲ့အတွက် မြန်မာပြည်ရဲ့ Target ကိုလည်း ဖြည့်ရတာ ရောက်တယ်ပေါ့။"

ဒီ လုပ်ငန်းကို လုပ်ကိုင်တဲ့ နေရာမှာ ဆောက်လုပ်ရေး နဲ့ ပတ်သက်လို့ အလုပ်အကိုင် ၄၀၀ နဲ့ အမြဲတမ်း အလုပ် ၁၀၀ ကို ဖြည့်ဆည်းပေးနိုင်မယ် လို့ ACO အနေနဲ့ တွက်ထားပါတယ်။ မြန်မာလုပ်သားတွေ အလုပ်ရနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ကုမ္ပဏီ ဒုဥက္ကဋ္ဌ က အခုလို ပြောပါတယ်။

"ခင်ဗျားတို့လည်း သိထားသလိုပါပဲ မြန်မာနိုင်ငံမှာ လိုအပ်တဲ့ ကျွမ်းကျင်သူ မရှိလို့ ရှိရင် ကျနော်တို့ဟာ အချိန် အတိုင်းအတာ တစ်ခု အထိတော့ ဒေသခံတွေကို Combo နဲ့ အတူ အလုပ်လုပ်ဖို့ လေ့ကျင့်ပေးရမှာပါ။ "

မြန်မာနိုင်ငံသားတွေ အလုပ်ရရှိမှုနဲ့ ပတ်သက်လို့ အစိုးရ အနေနဲ့ စီစဉ်ပေးရမှာ ဖြစ်သလို နိုင်ငံသားတွေ အနေနဲ့လည်း အရည်အချင်းတွေ ဖြည့်တင်း ထားရမှာ ဖြစ်တယ်လို့ ကို ဌေးမင်းလှိုင်ကပြောပါတယ်။

" Projects တွေ လုပ်တဲ့အခါမှာတော့ အစိုးရနဲ့ ညှိတဲ့အခါ အစိုးရအနေနဲ့ ဒီProject ကို ကိုယ့်နိုင်ငံမှာ လာဆောက်ဖို့ သဘောတူလိုက်ပြီဆိုရင် သူတို့ များသောအားဖြင့် ထည့်ပြောလေ့ရှိပါတယ်။ မင်းရဲ့ အလုပ်သမား ဘယ်လောက် Percent က ဒီနိုင်ငံသား ဌားရမယ်ပေါ့။ ဘယ်လောက် Percent ကိုတော့ နိုင်ငံခြားသား ပညာရှင် ဌားသင့်တယ်ပေါ့နော်။ သူတို့ သတ်မှတ်ချက်တွေ များသောအားဖြင့် ထည့်သွင်းလေ့ရှိတယ်။ ဒါပေမဲ့ အစိုးရက ထည့်သွင်းထားပေမဲ့လည်း ကိုယ့်
တကယ် အရည်အချင်းရှိတဲ့ ဗမာအင်ဂျင်နီယာတွေ၊ အလုပ်သမားတွေ ရှိဖို့လည်း လိုတယ်ပေါ့။ မရှိလို့ဆိုရင် ဒီ Solar Farm ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ ကိုယ် ဒီမှာ လုပ်လို့အတွေ့အကြုံရရင် ကိုယ်နိုင်ငံနဲ့ကိုယ် Solar Farm ထောင်ချင်ရင်လည်း အဆင်သင့်ဖြစ်မယ်ပေါ့။"

နောက်ပြီး အစိုးရ အနေနဲ့ ပြည်သူတွေ ကို ပွင့်ပွင့်လင်းလင်း စာချုပ်ထဲမှာ ဘာတွေ ပါတယ်။ လျှပ်စစ်ကို ဘယ်ဈေး နဲ့ ရောင်းမလဲ။ ဒေသခံတွေ အတွက် အကျိုးခံစားခွင့် ဘယ်လောက်ရှိသလဲ ဆိုတာ ချပြသင့်တယ်လို့ ဆက်ပြောပါတယ်။

"စောင့်ကြည့်သင့်တာပေါ့နော်။ စောင့်ကြည့်သင့်တာက အိုကေ ဒီပရိုဂျက်ကတော့ ပြီးပြီ သူတို့အစိုးရနဲ့ ဘယ်လိုလဲ။ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်ပေါ့။ ဒီရင်းနှီးမြုပ်နှံမှုကို ဘယ်လို အခွင့်အရေးတွေ ပေးထားလဲ။ လာပြီးရင်းနှီးမြုပ်နှံတဲ့ သူတွေကလည်း ဒီပရိုဂျက်ကို ဆောင်ရွက်တဲ့အခါမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးအစား၊ Outreach ခေါ်မှာပေါ့။ ဒီပရိုဂျက်နေရာမှာ ရှိတဲ့ ပြည်သူလူထုတွေရဲ့အကျိုးကို လုပ်ဆောင်ပေးမယ် စတာတွေပေါ့။ ပွင့်လင်းမြင်သာမှု ရှိအောင် ထုတ်ပြန်ပေးဖို့ လိုတယ်ပေါ့။ ပြီးတော့ သူတို့ဆီက ရမယ့် လျှပ်စစ်ကို ဘယ်နှုန်းနဲ့ရောင်းပေးမလဲ။ အဲ့လိုမျိုး အချက်အလက်တွေကို သေသေချာချာ ထုတ်ပြန်ပေးဖို့လိုတယ်လို့ထင်ပါတယ်။"

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ လျှော့ချလိုက်တဲ့ အချိန်က စလို့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာနေတာပါ။ အခု ဒီနေရောင်ခြည် စွမ်းအင် စက်ရုံ ကတော့ အမေရိကန် ကုမ္ပဏီ က ရင်းနှီးမြုပ်နှံမှာ ဖြစ်ပြီး ကော်ပိုရေးရှင်းတွေ ရဲ့ တာဝန်သိမှု ၊ တာဝန်ခံမှု စတဲ့ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်ခြင်း ရှိမရှိ ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်

XS
SM
MD
LG