သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အမေရိကန် တောင်းဆို


နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အမေရိကန် တောင်းဆို
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အမေရိကန် တောင်းဆို

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ တွေ့မြင်နေရပေမဲ့ တကယ်ခိုင်မာတဲ့ အပြောင်းအလဲမျိုးတော့ မတွေ့ရ သေးဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ဒဲရက်မစ်ချဲလ်က ပြောကြားလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးတာ၊ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံပါတီတွေ ထဲက အထူးသဖြင့် NLD ပါတီ ပါဝင်ခွင့် ရစေမယ့် နိုင်ငံရေးပါတီ မှတ်ပုံတင်တဲ့ဥပဒေ ပြင်ဆင်တာလိုမျိုး အပြောင်းအလဲတွေကိုမှ ခိုင်မာတဲ့ အပြောင်းအလဲလို့ အမေရိကန်နိုင်ငံက သတ်မှတ်မှာဖြစ်ကြောင်း တနင်္လာနေ့က လုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ JADE ဥပဒေအရ သြဂုတ်လထဲမှာ ခန့်အပ်တာ ခံခဲ့ရတဲ့ အမေရိကန် အထူးသံတမန် ဒဲရက်မစ်ချဲလ် က သူဟာ မြန်မာနိုင်ငံ အတွက် သမ္မတ အိုဘားမားရဲ့ ဆုပေး ဒဏ်ပေး မူဝါဒစနစ်ကို အကောင်အထည်ဖော်ဖို့အတွက် တစ်ပတ်မှာ ၇ ရက်၊ တစ်ရက်မှာ ၂၄ နာရီ ကြိုးပမ်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလဆန်းမှာ မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲတဲ့ အရိပ်လက္ခဏာတွေ တနေ့တခြား တွေ့လာနေပေမဲ့ တကယ်စစ်မှန်တဲ့ အပြောင်းအလဲ ဟုတ်မဟုတ် မေးခွန်းထုတ်စရာတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။

“အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ တွေ့နေရပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ လုံး၀ ပြောင်းလဲတာ မတွေ့ရပါဘူး။ နေပြည်တော်အစိုးရနဲ့ ဒီမိုကရေစီ အတိုက်အခံတချို့ကြားမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့နေရပေမဲ့ အစိုးရနဲ့ လူနည်းစု တိုင်းရင်းသားတွေကြားမှာတော့ သိသိသာသာ ပြောင်းလဲတာမတွေ့ရပါဘူး။ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေသလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ဆက်ပြီးတော့ တွေ့နေရပါတယ်။ ဒါဟာ ဒေသတွင်းမှာရော အမေရိကန်နဲ့ တခြား ကမ္ဘာ့နိုင်ငံတွေကိုပါ အကြီးအကျယ် စိုးရိမ်စေတဲ့ အဓိက အချက်ပါ။”

မကြာခင်ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင် လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ကျန်နေသေးတာမို့ အားလုံးကို လွှတ်ပေးတာကို မြင်ချင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ဒါဟာ အမေရိကန် ပြည်ထောင်စုကသာ မကဘဲ ပြည်တွင်းကပါ နိုင်ငံရေး အကျဉ်းသားတွေနဲ့ သက်ဆိုင်တဲ့သဘောထားပါ။ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ရှိရှိ ဒါက နိုင်ငံရေးအကျဉ်းသားမို့ သူတို့ကို တစ်ယောက်မကျန် ချွင်းချက်မရှိ လွှတ်ပေးဖို့လိုပါတယ်။ ဒါမှ ဒီမိုကရေစီ လမ်းကို တကယ် လျှောက်လှမ်းနေတယ်ဆိုတာ ပြနိုင်မှာပါ။ ကိုကိုကြီးတို့ မင်းကိုနိုင်တို့ အရှင်ဂမ္ဘီရ တို့လို လူတွေဟာ လူထုလှုပ်ရှားမှုတွေကို ဦးဆောင်နိုင်သူတွေမို့ သူတို့လို လူတွေကို လွှတ်ပေးတယ်ဆိုရင် မြန်မာအစိုးရက ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ ရည်ရွယ်ချက်တူ မဟာမိတ်ပဲလို့ သတ်မှတ်နိုင်မှာပါ။”

မြန်မာအစိုးရသစ်အဖွဲ့ရဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ချိန်မှာ အရင် ကန့်သတ်ချက်တွေကို ဖယ်ရှားပြီး ဝါရှင်တန်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ မဲခေါင် အောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဆွေများအဖွဲ့မှာ မြန်မာအဖွဲ့ကို လေ့လာသူအဖြစ်နဲ့ ပါဝင်ခွင့် ပေးတာမျိုးတွေ လိုက်လျောမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခု အပြောင်းအလဲတွေမှာ မေးခွန်းထုတ်စရာတွေ ဖြစ်နေသေးတာမို့ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်ပြီးလွှတ်ပေးတာမျိုးဟာ တကယ့် အပြောင်းအလဲမျိုးပါ။ အခုဆိုရင် လွှတ်တော်မှာ နိုင်ငံရေးပါတီတွေရဲ့ မှတ်ပုံတင်မှုဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ဖို့ ဆွေးနွေးနေပြီး ဒါဟာ အတိုက်အခံတွေ၊ အထူးသဖြင့် NLD ကို နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးနိုင်မှာပါ။ ဒါမျိုး အပြောင်းအလဲကမှ တကယ့် အရေးပါတဲ့ ခြေလှမ်းတွေမို့ အမေရိကန်ဘက်က တုံ့ပြန်ဖို့ စဉ်းစားလာ နိုင်ပါတယ်။”

အရင် စစ်အစိုးရလက်ထက်မှာ တရုတ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ဆက်ပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေ လုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားတာမို့ အမေရိကန် အစိုးရဘက်က ဘာမှ ဝေဖန်စရာမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုတော့ အရင်အစိုးရတုန်းကလို လျစ်လျူရှုထားလို့ မရဘူးလို့ မစ္စတာ မစ်ချဲလ်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ မြန်မာနိုင်ငံမှာ ဆက်လက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲဖြစ်ပါတယ်။ သူတို့ဟာ ပြည်သူလူထုရဲ့ အစိတ်အပိုင်း တော်တော်များများကို ကိုယ်စားပြုနေဆဲပါ။ ဒေါ်စု ဆိုရင်လည်း နိုင်ငံ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးနိုင်မယ့် နိုင်ငံရေးခေါင်းဆောင် တစ်ဦးအဖြစ် သတ်မှတ်ပေးထားကြပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ စနစ် ပုံစံတစ်ခုအတွင်းမှာ သူတို့ ဘယ်လို နှစ်ဘက်ညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်သွားကြမလဲ ဆိုတာ ကိုယ်တိုင် ဆုံဖြတ်သွားကြဖို့ပါပဲ။”

မြန်မာအစိုးရအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲမှုတွေ လုပ်မှသာ မြန်မာနိုင်ငံသားတွေ အတွက်ရော၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံတွေအတွက်သာမက မြန်မာအစိုးရသစ် အတွက်ပါ ဘက်အားလုံးမှာ အဆင်ပြေမယ်လို့ မြင်ပါတယ်။

“စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီ ဦးတည်ပြီလား ဆိုတာကိုတော့ အခုမြင်နေရတာလောက်နဲ့ ပြောရမှာ စောပါသေးတယ်။ အခု မြင်နေရတာတွေဟာ အပြုသဘော ဆောင်တယ်။ အားတက်စရာ ဖြစ်တယ်လို့ပဲ ပြောလို့ရမယ် ထင်ပါတယ်။ လက်ရှိ အစိုးရအနေနဲ့ ပြည်တွင်းမှာရော ပြည်ပမှာပါ တဖြည်းဖြည်း မြင့်တက်လာနေတဲ့ မျှော်လင့်ချက်တွေကို အရှိန်မပြတ် ဆက်ပြီးတော့ ဖြည့်ဆည်းသွားနိုင်မယ်ဆိုရင် သားရွှေအိုးထမ်းတာ မြင်ရမယ့် အခြေအနေလို့ပဲ ပြောရပါလိမ့်မယ်။”

မြန်မာအစိုးရဘက်က အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ တွေ့လာမှသာ အမေရိကန်နိုင်ငံဘက်က လိုက်လျောမှုတွေ လုပ်လာဖို့ရှိတယ်လို့လည်း မစ္စတာ မစ်ချဲလ် က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG