သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာနိုင်ငံခရီးစဉ် စတင်


အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာနိုင်ငံခရီးစဉ် စတင်
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာနိုင်ငံခရီးစဉ် စတင်

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာ (Michael Posner) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံ ဒဲရက်မစ်ချဲလ် (Derek Mitchell) တို့ နှစ်ဦးဟာ မြန်မာနိုင်ငံကို ဒီကနေ့နဲ့ မနက်ဖြန်မှာ အသီးသီး ရောက်ရှိကြမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိသလို လူ့အခွင့်အရေး ဆိုင်ရာနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ရော၊ လူမှုအဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေရှိလာစေဖို့အတွက် ဒဏ်ခတ်အရေးယူမှုတွေ ထားရှိတဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန်တစ်ဦး ခန့်အပ်ပြီး ထိတွေ့ ဆက်ဆံရေးမူနဲ့ မြန်မာ့အရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေတာမှာ ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာ ပါ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဒါရာ ပါရာဒီစို (Darragh Paradiso) ကပြောပါတယ်။

“အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာ နဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံမူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ဒဲရက်မစ်ချဲလ်တို့ နှစ်ဦးဟာ ဒီသီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားကြဖို့ရှိပါတယ်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပို့စနာက နိုဝင်ဘာလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပါတယ်။ မစ္စတာ မစ်ချဲလ်ကတော့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ရောက်မှာပါ။”

အမေရိကန် အထူးသံတမန် ဒဲရက်မစ်ချဲလ်ဟာ မကြာခင်ကမှ မြန်မာနိုင်ငံကို တစ်ခေါက်သွားရောက်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ညှိနှိုင်းရေးမှူး တာဝန်ကို လက်ခံခဲ့ပြီးတဲ့နောက် ၂ လအတွင်းမှာပဲ တတိယအကြိမ်မြောက် သွားရောက်မှာဖြစ်ပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပို့စနာကတော့ ပထမဆုံးအကြိမ်အဖြစ်နဲ့ မြန်မာနိုင်ငံကို သွားရောက်တာပါ။

“သူတို့နှစ်ဦးဟာ နေပြည်တော်ကိုရော ရန်ကုန်ကိုပါ သွားမှာဖြစ်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပြင် လူမှုလူ့အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။ ဒီလိုတွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ လူ့အခွင့်ရေးဆိုင်ရာတွေနဲ့ ဆက်နွယ်နေတဲ့ ကျယ်ပြန့်တဲ့ကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။”

မစ္စတာ ပို့စနာနဲ့ မစ္စတာ မစ်ချဲလ် တို့ဟာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ်ကမ့်ဘဲလ် (Kurt Campbell) နဲ့အတူ စက်တင်ဘာလထဲမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဝါရှင်တန်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ပွင့်လင်းမှုရှိပြီး အကျိုးရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဖို့နဲ့ တိုင်းရင်းသားတွေနဲ့ စစ်ပွဲဆင်နွှဲနေမှုတွေ ရပ်ဆိုင်းဖို့၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး အခုထက် ထင်သာမြင်သာ ပိုရှိဖို့ အပါအဝင် ခိုင်မာတဲ့ အပြောင်းအလဲ ခြေလှမ်းတွေ လှမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံကို နှစ်ကြိမ် သွားရောက်ခဲ့ပြီးဖြစ်တဲ့ မစ္စတာ မစ်ချဲလ်ဟာ သူသွားခဲ့တဲ့ နှစ်ကြိမ်စလုံးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အောက်တိုဘာလလယ် ဒုတိယအကြိမ် သွားရောက်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ တနင်္လာနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာမစ်ချဲလ်က မြန်မာနိုင်ငံရဲ့ အခြေနေဟာ အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ပြီး ထိန်းသိမ်းထားတာနဲ့ တိုင်းရင်းသားတွေနဲ့ စစ်မက်ဖြစ်ပွားနေတာလိုမျိုး တချို့ကိစ္စရပ်တွေမှာ ပြောင်းလဲမှုတွေ လုံးဝမရှိသေးသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေတာမို့ ဒါဟာ ဒေသတွင်းအတွက်ရော အမေရိကန်နဲ့ တခြား ကမ္ဘာ့နိုင်ငံတွေကိုပါ အကြီးအကျယ် စိုးရိမ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာမစ်ချဲလ်နဲ့ မစ္စတာ ပို့စနာတို့ဟာ နိုဝင်ဘာလ ၄ ရက် သောကြာနေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာဖို့ ရှိတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG