သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်လက်ထက် အမေရိကန် အဆင့်မြင့် သံတမန် မြန်မာပြည် ပထမဆုံး ရောက်ရှိ


အစိုးရသစ်လက်ထက် အမေရိကန် အဆင့်မြင့် သံတမန် မြန်မာပြည် ပထမဆုံး ရောက်ရှိ

အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား အစိုးရသစ် ဖွဲ့ပြီးတဲ့နောက်ပိုင်း မြန်မာအစိုးရသစ် တာဝန်ရှိသူတွေနဲ့ အမေရိကန် အကြီးတန်း သံတမန်တို့ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားနဲ့ ခရီးစဉ်အတွင်း ဘယ်လို အကြောင်းရပ်တွေ ဆွေးနွေးဖွယ် ရှိသလဲဆိုတာ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

မစ္စတာယွန်းဟာ မြန်မာအစိုးရသစ် တက်ပြီး ပထမဆုံး မြန်မာနိုင်ငံကို ရောက်လာတဲ့ အမေရိကန် အကြီးတန်း သံတမန် ဖြစ်ပါတယ်။ ဒီခရီးစဉ် အတွင်းမှာတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်သလို မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒီကနေ့ နေပြည်တော်မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ပြီလို့ သိရပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ဒီခရီးစဉ်ကနေ ရလဒ်ကောင်းတွေ ချက်ချင်း ထွက်လာမယ်လို့ မျှော်လင့်ချက် မထားပါဘူး။ အခု ဒီဆက်ဆံရေး အပိုင်းမှာလည်း အကဲစမ်းချက်အချို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ ပြောခွင့်ရသူ မာ့ခ် တုန်နာ (Mark Toner) က ပြောပါတယ်။

“အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနဲ့ ပတ်သက်လို့ နှစ်လမ်းသွား ချဉ်းကပ်မှုအရ ဒီခရီးစဉ် ဖြစ်လာတာပါ။ အကောင်းမြင် မျှော်လင့်ချက်ကြီးတော့ မထားပါဘူး။ ဆက်ဆံရေးပိုင်းမှာ သတိတကြီး ဖြေရှင်းရမယ့် စိန်ခေါ်ချက်တချို့ ရှိနေတယ်ဆိုတာ သိထားပါတယ်။ ဒါပေမဲ့လည်း ဖိအားပေးတာရော တိုက်ရိုက်ထိစပ်
ဆက်ဆံသွားဖို့ရော နှစ်ခုစလုံးပါတဲ့ ချဉ်းကပ်မှုကိုတော့ ဆက်လုပ်သွားရမှာပါ။”

မစ္စတာယွန်းဟာ ဒီနေ့ မေလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရောက်ရှိနေမှာ ဖြစ်ပါတယ်။ အစိုးရသစ်နဲ့ အခုလို ထိစပ် ဆက်ဆံသွားမယ် ဆိုပေမဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အခုအစိုးရသစ် ဖြစ်လာစေတဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ထောက်ခံတာရယ်လို့ မဟုတ်ပါဘူး။

“ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အတော်လေး အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ရလဒ်ဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ မယူဆပါဘူး။”

နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တုန်နာက မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်းကူးပြောင်းရေးမှာ အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ အတိုက်အခံတွေကို ဖယ်ထုတ်ထားတယ်လို့ အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေက ယူဆထားပါတယ်။

လှုပ်ရှားတက်ကြွသူ အများစုဟာ အကျဉ်းထောင်တွေထဲမှာပဲ ရှိနေဆဲပါ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ တိုးတက်မှု အချို့ကို မြင်တွေ့ခဲ့ရပေမဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမယ် ဆိုတာကိုတော့ အမေရိကန် ပြည်ထောင်စုဘက်က ဆက်ပြီး တောင်းဆိုသွားမယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

အခုခရီးစဉ်အပေါ် မျှော်လင့်ချက်ကြီးကြီး မထားပေမဲ့လည်း ဒီခရီးစဉ်ဟာ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံလိုတယ်ဆိုတဲ့ သဘောထားကို ပြသလိုခြင်း ဖြစ်တယ်လို့ မာ့ခ် တုန်နာက ပြောပါတယ်။

“ဒီခရီးစဉ်ဟာ ကျနော်တို့ရဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး ထိတွေ့လိုတဲ့ ဆန္ဒကို ထင်ဟပ်ခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေ၊ အရပ်သား အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမယ်ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒု-လက်ထောက်ဝန်ကြီး ယွန်းဟာ မြန်မာအစိုးရ အရာရှိကြီးတွေနဲ့ မိတ်ဆက် တွေ့ဆုံမှု ပြုလုပ်ပြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ NGO တွေ၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေ၊ စီးပွားရေး လောကသားတွေ အပါအ၀င် မြန်မာ့အရေးမှာ အကျုံးဝင် ပတ်သက်နေသူ အများအပြားနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ ၁၉၉၇ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုကို နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။ ဒါကြောင့် ဒီသီတင်းပတ် အတွင်းမှာပဲ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် နှစ်လမ်းသွား မူဝါဒရဲ့ လက်တွေ့လုပ်ရပ် နှစ်ခုစလုံးကို မြင်ရတယ်လို့ ပြောရမှာပါ။

ဒါပေမဲ့လည်း ဒီမူဝါဒကနေ အခုအချိန်အထိ သိသာထင်ရှားတဲ့ ရလဒ်ကောင်းတွေ မတွေ့ရသေးဘူး ဆိုတာကိုတော့ အမေရိကန် အဆင့်မြင့် အရာရှိတွေက ၀န်ခံထားပြီးသားပါ။ မစ္စတာယွန်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာ တာဝန်ရှိသူတွေအပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ပါတယ်။ အခုခရီးစဉ်ဟာ သူ့ရဲ့ ဒုတိယအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အရေးကို အမေရိကန် အနေနဲ့ ပိုပြီး အားစိုက်လုပ်နိုင်ဖို့ သမ္မတ အိုဘားမားကလည်း အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ ဒဲရစ် မစ်ရှဲလ်ကို အဆိုပြုထားပါတယ်။ ဒါကိုတော့ လွှတ်တော်ကနေ သီးခြား အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG