သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအကူအညီ ထိရောက်ဖို့ မြန်မာ့ အခြေခံစွမ်းရည် မြှင့်ဖို့လို


မြန်မာနိုင်ငံတွင်း အကူအညီတွေ အလုံးအရင်း ၀င်ရောက်ဖို့ ရှိနေရာမှာ မြန်မာအစိုးရ အဖို့ အဲ့ဒီအကူအညီတွေကို စီမံခန့်ခွဲပေးဖို့ရာမှာ အခက်အခဲ ရှိနိုင်တယ်လို့ ဖွံ့ဖြိုးရေးဆိုင်ရာ လေ့လာသူတွေက ယူဆပါတယ်။ ဒါကြောင့် အလှူရှင်နိုင်ငံတွေ အလှူရှင် အဖွဲ့အစည်းတွေအနေနဲ့ သူတို့လုပ်မယ့် လုပ်ငန်းတွေမှာ တာဝန်ခံမှုရှိဖို့အပြင်၊ အစိုးရကို ၀န်မပိစေမယ့် အခြေအနေကိုလည်း သတိပြုသင့်တယ်လို့ အကြံပြုပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေ ဖြစ်လာတာနဲ့ အတူပဲ၊ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဟာ ပိုပြီး နီးစပ်ထိကပ်လာတယ်လို့ ပြောရမှာပါ။ အရင်တုန်းက အထီးကျန်နေတဲ့ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူ မှုတွေ လျှော့ချလာတာနဲ့အတူပဲ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေလည်း အလုံးအရင်း ၀င်ရောက်ဖို့ မြင်နေရပါတယ်။

အလှူရှင်နိုင်ငံတွေ အလှူရှင် အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ကိုယ်စားလှယ်တွေ ဟာ မြန်မာနိုင်ငံကို မကြာမကြာသွားပြီး အခြေအနေတွေကို စူးစမ်းလေ့လာမှုတွေ လုပ်နေကြပါတယ်။ တချိန်တည်းမှာပဲ ဒီလို အကူအညီတွေကို ဘယ်လို ထိရောက်အောင် လုပ်မလဲဆိုပြီး ဆွေးနွေးမှုတွေ တိုင်ပင်ညှိနှိုင်းမှုတွေလည်း အဖွဲ့အစည်း အတော်များများက လုပ်လာကြပါတယ်။

ဝါရှင်တန် ဒီစီ Kennedy Endowment မှာလုပ်တဲ့ မနေ့တုန်းက အစည်းအဝေး မှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အကူအညီတွေပေးရေး အခြေအနေအရပ်ရပ်ကို Brooking Institute ကနေ သူတို့ လေ့လာချက်စာတမ်းကို တင်သွင်းပါတယ်။ ဒီအပေါ်မှာ USAID က တာဝန်ရှိသူတွေ၊ သံတမန်တွေ၊ ဖွံ့ဖြိုးရေး ဘာသာရပ်နဲ့ စီးပွားရေး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ တတ်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိ မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ မြန်မာလူမှုဘ၀ တိုးတက်လာစေရေး အစီအစဉ်တွေ အပေါ်မှာ တတ်ရောက် ဆွေးနွေးသူ အများစုက အကောင်းမြင်ခဲ့ကြပါတယ်။ ဒီနေရာမှာ နိုင်ငံတကာအကူအညီ အထောက်အပံ့တွေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ၀ိုင်းကြ၀န်းကြမယ် ဆိုပေမယ့်၊ အဓိက အရေးကြီးတာကတော့ အစိုးရပိုင်းရဲ့ စီမံခန့်ခွဲမှု ဖြစ်လိမ့်မယ်လို့ ဆွေးနွေးပွဲမှာ တတ်ရောက်ခဲ့တဲ့ ယခင် USAID အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ အရာရှိဟောင်း စီးပွားရေးပညာရှင် ဂျိမ်းစ် ဖောက်စ် (James Fox) က ဗွီအိုအေ မြန်မာပိုင်းကို ပြော ပါတယ်။

“မြန်မာနိုင်ငံ တိုးတက်လာဖို့အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေဟာ အရေးအကြီးဆုံး အချက်တော့မဟုတ်ပါဘူး။ ကူညီထောက်ပံ့မှုတွေဟာ တနည်းတဖုံတော့ တိုးတက်လာရေးအတွက် အထောက်အပံ့ အကူအညီပြု ရာတော့ ရောက်ပါတယ်။ ဒါပေမဲ့ အဓိက အရေးအကြီးဆုံးကတော့ အစိုးရပါပဲ။ အစိုးရအနေနဲ့ စီးပွားရေးကို ဘယ်လို စီမံခန့်ခွဲမလဲ၊ သဘာဝ အရင်းအမြစ်တွေ ထုတ်လုပ်တင်ပို့မှုကို ဘယ်လို ထိန်းချုပ်မလဲ။ ဒါတွေကို မြန်မာလူထု အကျိုးစီးပွား အတွက် ပွင့်လင်း မြင်သာမှုရှိရှိ ဆောင်ရွက်ဖို့ လိုပါတယ်။”

လက်ရှိအချိန်မှာ နိုင်ငံတကာ အလှူရှင်တွေ မြန်မာနိုင်ငံကို သွားရောက်ကြပြီး၊ အကူအညီတွေ ပေးဖို့ ကြိုးစားနေပေမဲ့လည်း အများစုဟာ ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုယ်ဖြစ်နေတာဟာ အစိုးရအတွက် အခက်ဖြစ်စေလိမ့်မယ်လို့ ဂျိမ်းစ် ဖောက်စ် (James Fox) က ယူဆပါတယ်။

ဒါကြောင့် အလှူရှင်နိုင်ငံတွေ အလှူရှင် အဖွဲ့အစည်းတွေအနေနဲ့က တူရာတူရာ စုစည်းပြီး တွဲဘက် လုပ်ကိုင်တာမျိုး၊ ဒါမှမဟုတ် ဖွံ့ဖြိုးရေးမှာ မြန်မာတွေ ကိုယ်တိုင် လုပ်ဆောင်နိုင်မယ့် အခြေအနေ အရည်အသွေး ဖန်တီးပေးတာမျိုးတွေကို အားစိုက်လုပ်သင့်တယ်လို့ သူက အကြံပြုပါတယ်။

“ကျနော်တို့ အမြင်မှာတော့ နိုင်ငံတကာ အလှူရှင် အတော်များများဟာ နယ်ပယ်စုံ လုပ်ငန်းစုံမှာ လုပ်ကိုင်ဆောင်ရွက်ဖို့ ကြိုးစားနေတာကြောင့်၊ မြန်မာအစိုးရအတွက် ဒီအခြေအနေ အားလုံးကို စီမံခန့်ခွဲနိုင်ဖို့ ခက်ခဲစေပါတယ်။ ဒါကြောင့် နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ ဖြေးဖြေးမှန်မှန် ပုံစံမျိုး ချဉ်းကပ်ပြီး၊ တခြားလုပ်ငန်းတွေထက် အရည်အသွေး မြှင့်တင်ပေးတဲ့ အလုပ်တွေ၊ အစိုးရကို ၀န်မပိစေအောင် အဖွဲ့အစည်း အချင်းအချင်း ပူးတွဲလုပ်ကိုင်တဲ့ လုပ်ငန်းစီမံကိန်းမျိုးတွေကို ပိုလုပ်သင့်ပါတယ်။ အလှူရှင်တွေအနေနဲ့က ကိုယ်စိတ်ဝင်စားရာ လုပ်ငန်းကိုပဲ အာရုံထား လုပ်ဆောင်ချင်ကြတာကြောင့်၊ အစိုးရအတွက် ခက်ခဲစေပါတယ်။ အလှူရှင်တွေအပေါ်မှာလည်း နားလည်ရ ခက်သွားစေနိုင်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံတကာ အကူအညီတွေ ပေးရာမှာ စိုးရိမ်ကြတဲ့ နောက်တချက် ကတော့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုကိစ္စတွေပါ။ အထူးသဖြင့်လည်း မြန်မာနိုင်ငံဟာ လာဘ်ပေးလာဘ်ယူကိစ္စတွေမှာ နှစ်အတန်ကြာ ကျင်လည်ခဲ့ရတာမို့၊ ဒီ အခြေအနေတွေ ကို ကျော်လွှားဖို့တော့ နိုင်ငံတကာ အလှူရှင်တွေ သတိထားရမှာဖြစ်သလို ဒီအတွက်လည်း အချိန်ယူရနိုင်တယ်လို့ ဂျိမ်းစ် ဖောက်စ် (James Fox) က ပြောပါတယ်။

“ဒီကိစ္စကို အလှူရှင်တွေဘက်ကလည်း အတော်လေး စိုးရိမ်မကင်း ဖြစ်ကြပါတယ်။
မြန်မာသမ္မတကိုယ်တိုင်ကလည်း ဒီကိစ္စ စိုးရိမ်နေပါတယ်။ မကြာခင်တုန်းကပဲ မိုဘိုင်းဖုန်း လိုင်စင် ချထားပေးရေးကိစ္စမှာ အဂတိလိုက်စားမှုတွေ ရှိခဲ့တာကြောင့် ဆက်သွယ်ရေး ၀န်ကြီးကို ရာထူးကနေ အနားပေးလိုက်တာရှိပါတယ်။ နှစ်ပေါင်းများစွာကြာအောင် အဂတိလိုက်စားမှုတွေရှိခဲ့တဲ့ တိုင်းပြည်မှာ ဒါကို ချက်ခြင်း ကျော်လွှားဖို့ဆိုတာကတော့ ခက်ပါတယ်။”

မြန်မာအစိုးရပိုင်းဟာ အရင်တုန်းက အခြေအနေတွေထက်စာရင် ပိုပြီး ဆက်ဆံရ လွယ်ကူလာသလို၊ ပိုမို ပျော့ပျောင်းလာတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန သံတမန်တွေဘက်က ပြောတဲ့ အကြောင်းလည်း မစ္စတာ ဖောက်စ် က ပြောပါတယ်။

လက်ရှိအားဖြင်တော့ မြန်မာနိုင်ငံကို သွားမယ့် နိုင်ငံတကာ အကူအညီအများစုဟာ
မြန်မာအစိုးရရဲ့ လက်ရှိလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေအတွက် များပါတယ်။ ဒီအထဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းတွေလည်း အပါအ၀င်ဖြစ်ပါတယ်။
XS
SM
MD
LG