သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး လမ်းဖွင့်ပေးဖို့ မြန်မာကို အမေရိကန်တိုက်တွန်း


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်
မြန်မာဖွဲ့စည်းပုံပါ သမ္မတရွေးချယ်ပိုင်ခွင့်ကို ကန့်သတ်တဲ့ ပုဒ်မအပါအဝင် ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေကို ပြင်ဆင်ရေးအတွက် လမ်းဖွင့်ပေးသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ သမ္မတဖြစ်မှုကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ဖို့မလိုဘူးဆိုပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးလွှတ်တော်ကော်မတီမှာ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာအပြီး အမေရိကန်ပြည်ထောင်စုရဲ့ အခု တုံ့ပြန်ချက်ထွက်လာတာပါ။ အကြောင်းစုံ ကိုသားညွန့်ဦးက တင်ဆက်ပေးထားပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ရမယ်ဆိုတာကို အတိုက်အခံဒီမိုကရေစီအင်အားစုဖက်က တောင်းဆိုခဲ့ကြသလို လက်ရှိသမ္မတဦးသိန်းစိန်နဲ့ အာဏာရကြံ့ခိုင်ရေးပါတီကိုယ်တိုင်ကလည်း ပြင်ဆင်ဖို့လိုအပ်တယ်ဆိုတဲ့ သဘောထားတွေ ပြောဆိုခဲ့ကြတဲ့နောက် ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ကော်မတီတရပ်ကို လွှတ်တော်က ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်တုန်းကတော့ သမ္မတ ရွေးချယ်ခွင့်နဲ့ဆိုင်တဲ့ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်စရာမလိုဘူးဆိုပြီး လွှတ်တော်ကော်မတီဝင်အများစုက သဘောထားပေး ဆုံးဖြတ်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

၅၉(စ)မှာ သမ္မတရွေးချယ်ခံရမယ့်သူဟာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားသူ၊ သားသမီးနိုင်ငံခြားသားဖြစ်သူ မဖြစ်စေရဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါဟာ အတိုက်အခံဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်ဖို့ ဟန့်တားထားတဲ့ ကန့်သတ်ချက်ဖြစ်တယ်လို့ အတိုက်အခံလှုပ်ရှားသူတွေက ယူဆကြပါတယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အခြားအချက်တွေအပြင် ဒီအချက်ကိုလည်း အဓိကပြင်ဆင်ဖို့လိုတယ်ဆိုပြီး တောင်းဆိုလှုပ်ရှားနေကြတာပါ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ မြန်မာပြည်သူတွေအနေနဲ့ သူတို့လိုလားတဲ့ခေါင်းဆောင်ကို သမ္မတအဖြစ် ရွေးချယ်ပိုင်ခွင့်ရဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းဖွင့်ပေးသင့်တယ်လို့ ယူဆတဲ့အကြောင်း နိုင်ငံခြားရေးဌာနပြောခွင့်ရသူရဲ့ တုံ့ပြန်ချက်ကို နိုင်ငံခြားရေးဌာနအရာရှိတဦးက အခုလို ဖတ်ပြပါတယ်။

“ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးဟာ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့သမ္မတဖြစ်သူကို လွတ်လပ်စွာရွေးခြယ်ခွင့်ရဖို့၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တရားမျှတလွတ်လပ်ဖို့၊ လူနည်းစု လူမျိုးတွေရဲ့အခွင့်အရေးပြဌာန်းဖို့၊ ပြည်ထောင်စုအစိုးရနဲ့ လူနည်းစုလူမျိုးစုဒေသအကြား အပြန်အလှန်ဆက်ဆံရေးသတ်မှတ်ဖို့၊ နိုင်ငံရေးထဲမှာ စစ်တပ်အရာရှိတွေ ပါဝင်နေမှုကို လျှော့ချဖို့အတွက် လမ်းဖွင့်ပေးသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုက ယူဆပါတယ်။”

စစ်အစိုးရလက်ထက်မှာ ရေးဆွဲခဲ့တဲ့ ဒီဖွဲ့စည်းပုံထဲမှာ ဒီပုဒ်မ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ကန့်သတ်မှုကို တမင်ထည့်ထားတာဆိုပြီး လူအတော်များများက ယူဆကြတာပါ။ ၅၉ (စ) ပြင်ဆင်ရေးဟာ သူမ သမ္မတဖြစ်ဖို့သက်သက်မဟုတ်ဘဲနဲ့ ဖွဲ့စည်းပုံထဲမှာ လူတဦးတယောက်ကို သက်သက်ရည်ရွယ်ပြီး ရေးတဲ့ ဖွဲ့စည်းပုံမျိုးမဖြစ်သင့်ဘူး ယူဆတာကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ဘာသာရေးနဲ့လူမျိုးရေးပဋိပက္ခတွေဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဒီဥပဒေပြင်ဆင်ရေးကိစ္စအပေါ်မှာ သဘောကွဲမှုတွေ အတော်ရှိလာပါတယ်။ နိုင်ငံရေးမှာ နိုင်ငံရပ်ခြားက သြဇာသက်ရောက်မှုကင်းအောင် ဒီပုဒ်မလိုအပ်တယ်ဆိုပြီးယူဆမှုတွေ တိုးလာသလို၊ လှုံ့ဆော် စည်းရုံးမှုတွေလည်း ရှိလာပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဒီလို ကန့်သတ်မှုတွေကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အနှောင်အယှက်ဖြစ်မယ်လို့ ယူဆပုံရပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုတွေ ခိုင်မာအားကောင်းဖို့ တာဝန်ရှိသူတွေနဲ့ထိစပ်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး
ဌာန ပြောခွင့်ရသူက ပြောပါတယ်။

“လွှတ်တော်က ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှာပါတဲ့ အဖွဲ့ဝင်အများစုကနေ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ချက်ထဲမထည့်ဖို့ ဆုံးဖြတ် မဲပေးခဲ့ကြတယ်ဆိုတာ ကျနော်တို့ သတိပြုမိပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံထားပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကနေ ဒီမိုကရေစီုပြုပြင်ပြောင်းလဲရေးတွေ အားကောင်းခိုင်မာလာဖို့ မြန်မာအစိုးရနဲ့ မပြတ်ထိစပ်ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် နောက်ဆုံးအကြံပြုချက်တွေထွက်လာတဲ့အထိကို ဒီလို ထိစပ်ဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာလည်းဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တောင်းဆိုလှုပ်ရှားနေရာမှာတော့ ၊ အခုနောက်ပိုင်း အဓိကအားဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အထူးဇောင်းပေးထားပါတယ်။ ဖွဲ့စည်းပုံပါ ဖွဲ့စည်းပုံပြင်ဆင်ရေးအချက်အလက်ဖြစ်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် အဓိက အဟန့်အတားဖြစ်နေတဲ့ ပုဒ်မဖြစ်တယ်လို့ ယူဆပုံရပါတယ်။
XS
SM
MD
LG