သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ စိုးရိမ်မကင်းဖြစ်မှု အမေရိကန်ရောက် မြန်မာအမတ် နှစ်ဦးတင်ပြ


လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လူနည်းစုတွေအတွက် မဲပေးပိုင်ခွင့်တွေ ဆုံးရှုံးနေပြီး ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်လည်း မရတဲ့အပြင် တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေတာကြောင့် ရွေးကောက်ပွဲဟာ တရားမျှတပြီး လွပ်လပ်မှုရှိမှာ မဟုတ်ဘူးလို့ မနေ့က အမေရိကန် အောက်လွှတ်တော်မှာ မြန်မာ လူနည်းစု လွှတ်တော်အမတ် ၂ ဦးကလာရောက်တင်ပြခဲ့ပါတယ်။

ဒီပွဲကိုတက်ရောက်လာတဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ အမေရိကန် အောက်လွှတ်တော် အမတ်တွေလည်း မြန်မာရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒီပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသနိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေ ကြားနားပွဲကို အမေရိကန် ကွန်ဂရက်အဆောက်အဦးမှာ ကျင်းပနေတာပါ။ မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေတွေကို တက်ရောက်လာတဲ့ အာဆီယံအမတ်တွေနဲ့ မြန်မာအမတ်တွေက ပြောသွားကြပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ လူနည်းစုတွေရဲ့ အခွင့်အရေးဆုံးရှုံးနေတာတွေ၊ ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးနေတာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်နဲ့ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူတို့က ထွက်ဆိုခဲ့ကြပါတယ်။

“အခု ကျနော်တို့နိုင်ငံမှာ ဒီ ၂၀၁၅ ခု နိုဝင်ဘာလမှာ Free and Fair Election လုပ်မယ်ဆိုပြီးတော့မှ ကမ္ဘာကို ကြေညာထားတာရှိတယ်။ နောက်တဘက်က အဲဒီမှာ အဓိက ကျနော်တို့ ဆွေးနွေးတာကတော့ ဒီရွေးကောက်ပွဲက Free and Fair ဖြစ်နိုင်သလားလို့ ကျနော့်ကို မေးတာတွေရှိတယ်။ ကျနော်ကတော့ ကျနော့်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံကို လက်ရှိ တွေ့ကြုံနေရတဲ့ဟာနဲ့ ပြောရင် ကျနော် ဘယ်လိုမှ ဒီရွေးကောက်ပွဲက Free and Fair ဖြစ်တယ်လို့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ လူ ၁ သန်းကျော်က မဲထည့်ခွင့် ဆုံးရှုံးသွားတယ်။ ဒါက တချက်။ နောက်တချက်က အဲဒီလူတွေကို ကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဒါ ကျနော်တို့ အခြေအမြစ်မရှိတဲ့ မှားယွင်းတဲ့ အကြောင်းပြချက်တခုနဲ့ ဖယ်ရှားတယ်ဆိုတော့ ရွေးကောက်ပွဲမကျင်းပခင် ဒါက Free and Fair မဖြစ်တာ၊ တရားမျှတမှု မရှိကြောင်းကို ကျနော်တို့က ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ကျနော်က ဒီလိုပဲ တင်ပြတာပါ။”

ဒါကတော့ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ပြောသွားတာပါ။

မေး - ဒေါ်ဒွဲဘူက အခုကြားနာပွဲမှာပေါ့နော် ကိုယ်တိုင်ထွက်ဆိုခဲ့တယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာ မျိုးနွယ်စုတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နောက်ပြီးတော့ ဘာသာရေးကိုးကွယ်ခွင့်ပေါ့နော် အဲဒါတွေ ဆုံးရှုံးနေတယ်။ ဆိုတော့ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာရော ကချင်ပြည်နယ်တွင်းမှာ တရားမျှတမှုတွေ နောက်ပြီးတော့ ကချင်ပြည်သူတွေအတွက် လွတ်လပ်မှုပေါ့နော် လွတ်လွတ်လပ်လပ် မဲပေးနိုင်ခွင့် ရွေးချယ်ပိုင်ခွင့်ကော ရှိမယ်လို့ ထင်ပါသလားရှင့်။

ဖြေ - လာမယ့်ရွေးကောက်ပွဲမှာပေါ့နော် ကျမတို့ အခုလို တိုက်ပွဲတွေသာ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ကျမတို့က အားလုံး မဲပေးနိုင်ဖို့တော့ ခက်ခဲလိမ့်မယ်။ အဲတော့ လာမယ့် ရွေးကောက်ပွဲမတိုင်မီမှာ ကျမတို့က တိုက်ပွဲတွေ မရှိဖို့တော့ လိုအပ်ပါတယ်။ တိုက်ပွဲတွေ မရှိဘူးဆိုရင်တော့ ကျမတို့ မဲပေးခွင့်တွေ မဆုံးရှုံးတော့ဘူးပေါ့နော်။ အဲ့လိုအနေအထားရှိတယ်။ နောက်တခုကကျတော့ ကျမတို့ ဒီရွေးကောက်ပွဲမှာ UEC ကနေမှ ကျင့်သုံးတဲ့ ဥပဒေတွေပေါ့နော် ဒါတွေဟာဆိုရင် ကျမတို့ မျှတဖို့ မှန်ကန်ဖို့ လိုအပ်ပါတယ်။ အဲတော့ ကျမတို့ ကချင်တွေနဲ့ ပတ်သက်ပြီးမှ မျိုးနွယ်စုတွေနဲ့ ပတ်သက်ပြီးမှ လက်ရှိ UEC က သုံးနေတဲ့ ကချင် = ဂျိမ်းဖော ဆိုပြီး သတ်မှတ်ထားတဲ့ ကိစ္စရပ်ကတော့ ကျမတို့ မျိုးနွယ်စုတွေ၊ ကချင်လူမျိုးတွေအတွက် ဒါက မျှတမှု မရှိဘူးဆိုတာ ကျမအနေနဲ့ ဒါ ပြောလိုခြင်း ဖြစ်ပါတယ်။

ဒီကြားနားပွဲကို မြန်မာ့ဒီမိုကရေစီရေးကို တစိုက်မတ်မတ် ကူညီထောက်ခံနေတဲ့ အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowley လည်း တက်ရောက်ခဲ့ပါတယ်။ မကြာခင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး၊ တရားမျှတဖို့ အမေရိကန်လွှတ်တော်က လိုလားကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပတာကို မြင်လိုပါတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ ကျနော်တို့ရဲ့ သံရုံးအပြင် တခြားပုဂ္ဂိုလ်တွေကလည်း မြန်မာအစိုးရနဲ့ ဒီအကြောင်းကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဆက်ပြီးတော့ ဖိအားပေးသွားမှာလည်း ဖြစ်ပါတယ်။”

ဒီကြားနားပွဲကို မြန်မာ့ဒီမိုကရေစီရေးမှာ ကူညီပံ့ပိုးခဲ့တဲ့ ကွယ်လွတ်သွားပြီဖြစ်တဲ့ နာမည်ကျော် အမေရိကန် အောက်လွှတ်တော်အမတ် Tom Lantos ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်နဲ့ ဖွဲ့ထားတဲ့ အမေရိကန် အောက်လွှတ်တော်ဆိုင်ရာ Tom Lantos လူ့အခွင့်အရေးကော်မရှင်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အဖွဲ့ရဲ့ တွဲဘက်ဥက္ကဌ James McGovern နဲ့ အမေရိကန် အောက်လွှတ်တော် အမတ်ဟောင်း Thoma Andrews တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုမျိုး မြန်မာ့အရေးကြားနားပွဲဟာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးအတွက် အရေးပါပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမေရိကန်လွှတ်တော်က အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန် အောက်လွှတ်တော်အမတ်တွေက ပြောသွား ပါတယ်ရှင်။

XS
SM
MD
LG