သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်ကူညီ


လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အမေရိကန်နဲ့ မြန်မာအစိုးရကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ရရှိခဲ့ချိန်မှာပဲ လူကုန်ကူးမှု အဖြစ်များတဲ့ ထိုင်း-မြန်မာနယ်စပ်မှာလည်း အမေရိကန် နိုင်ငံခြားရေးဌာနက စီစဉ်မှုနဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်က လူကုန်ကူးမှု တိုက်ဖျက်ရေး စီမံချက်တွေကို နယ်စပ်အခြေစိုက် မြန်မာလူမှုကူညီပေးရေး အဖွဲ့အစည်းနဲ့ ပူးတွဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုက လူမှောင်ခိုကုန်ကူးမှု တိုက်ဖျက်ရေးရုံးရဲ့ အထူးသံတမန် Luis CdeBaca ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာဘက် က ရဲချုပ် ဗိုလ်မှူးချုပ် ဇော်ဝင်း ဦးဆောင်တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တို့ဟာ နေပြည်တော်မှာ သြဂုတ်လဆန်းက တွေ့ဆုံပြီး လူမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ် အလေးအနက် ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံတွင်း လူကုန်ကူးမှု ဖြစ်ရပ်တွေထဲက အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ လိင်လုပ်ငန်းအတွက် မှောင်ခိုမှု၊ နောက် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ဥပဒေမဲ့ စုဆောင်းပြီး စစ်သားအဖြစ် ခိုင်းစေမှု စတဲ့ ကိစ္စရပ်တွေ အပါအဝင် လူမှောင်ခိုကုန်ကူးမှုရဲ့ သားကောင် ဖြစ်ခဲ့ရသူတွေ အတွက် ဘဝ ပြန်လည် ထူထောင်ရေးနဲ့ မိသားစု ပြန်လည်ပေါင်းစည်းရေး ကိစ္စတွေ အလေးထားဆောင်ရွက်ဖို့နဲ့ လူကုန်ကူးသူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့တွေကို မြန်မာ-အမေရိကန် ၂ နိုင်ငံ အရာရှိတွေ ဆွေးနွေးခဲ့ကြတာပါ။

ဒီလို အမေရိကန်-မြန်မာ နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရခဲ့ချိန်မှာပဲ အမေရိကန်အစိုးရဘက်က လူကုန်ကူးမှု အဖြစ်များတဲ့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မဲဆောက်မြို့ရှိ Social Action for Women (SAW) အဖွဲ့နဲ့ ပူးပေါင်းပြီး နယ်စပ်ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းကို စီမံကိန်းချပြီး ဆောင်ရွက်နေပါတယ်။

SAW အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ထဲမှာရှိပြီး HIV
ဝေဒနာရှင်များ၊ လူကုန်ကူးခံခဲ့ရတဲ့ အမျိုးသမီးများနှင့် စောင့်ရှောက်သူမဲ့နေ သည့် ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုက Johns Hopkins တက္ကသိုလ်က လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပညာရှင်တွေနဲ့ SAW အဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး စီမံကိန်းနဲ့ပတ်သက်ပြီး SAW အဖွဲ့က အမှုဆောင်ကော်မတီအဖွဲ့ဝင် မရီရီဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာမှာတော့ မရီရီဝင်း က အခုလို ဖြေပါတယ်။

“အဓိကကတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ Johns Hopkins တက္ကသိုလ်ကြီးကနေ ကျမတို့ SAW အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ မဲဆောက်ဧရိယာမှာရှိတဲ့ Migrant အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ လူကုန်ကူးမှုတွေ ဘယ်လောက်ဖြစ်နေသလဲ။ ဘယ်လိုမျိုး ပုံစံမျိုးတွေနဲ့ လူကုန်ကူးမှုတွေ ဖြစ်နေကြသလဲ။ လူကုန်ကူးမှုဖြစ်နေတဲ့လူတွေကိုပေါ့ ကျမတို့က ဘာတွေ လုပ်ပေးသင့်သလဲ။ ဘယ်လိုမျိုး အကူအညီမျိုးတွေ သူတို့ကို ပေးရမလဲ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျမတို့က လုပ်တာမျိုးတွေရှိပါတယ်။ စစချင်းမှာတော့ မဲဆောက်နဲ့ ဖုတ်ဖရ ဧရိယာမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲကနေ ကျမတို့က သူတို့တွေကိုပေါ့နော် Survey (စစ်တမ်းကောက်ယူမှု) လုပ်တာတွေရှိတယ်။ နောက်တပိုင်းကျတော့ ကျမတို့က ကျမတို့ဆီမှာ ဂေဟာရှိတယ်ပေါ့နော် အဲ့ဒီဂေဟာမှာ ဒီ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့သူတွေကို ကူညီပေးတာတွေ၊ နောက် မိသားစု ပြန်လည်ပေါင်းစည်းရေး လုပ်ပေးတာတွေပေါ့နော် ကျမတို့ အဲ့ဒါမျိုးတွေ လုပ်တာတွေရှိတယ်။”

မေး။ ။ ဒီလူကုန်ကူးမှုက ဘယ်လိုမျိုး လုပ်ငန်းခွင်တွေမှာ အဖြစ်များလဲပေါ့နော်။ အမတို့ Survey (စစ်တမ်းကောက်ယူမှု) အရ၊ နောက်လုပ်ရတဲ့အခါ ပိုပြီးတော့ အောင်မြင်မှု ရှိတာ ရှိလဲ။
ဖြေ။ ။ “များသောအားဖြင့်ပေါ့နော် လူကုန်ကူးမှု ဖြစ်တဲ့သူတွေကတော့ စက်ရုံထဲမှာပေါ့နော် အလုပ်မကောင်းလို့ သွားကြတဲ့အခါမျိုးတွေမှာ စက်ရုံထဲက အလုပ်သမားတွေမှာ ဖြစ်တာများတယ်။ နောက် sex worker (ပြည့်တန်ဆာ) ပေါ့နော် အဲ့လိုမျိုး ရုံတွေက လူတွေပေါ့နော်။ လူကုန်ကူးမှုတွေ ဖြစ်တာတွေ များကြတယ်။ နောက် ကျမတို့ အဲ့ဒီမှာ ရလိုက်တာကတော့ တကယ်ပေါ့နော် လူကုန်ကူးမှု ခံနေရတဲ့သူတွေက အဲ့ဒီထဲမှာပေ့ါနော် ပညာတတ်တွေလည်းပါတယ်။ ပြီးတော့ ပညာ မတတ်တဲ့သူတွေလည်းပါတယ်။ အဲ့ဒီလိုမျိုး လူမျိုး အများကြီးထဲမှာမှ သူတို့ကိုယ်တိုင်တောင်မှပေါ့နော် ငါတို့တွေဟာ လူကုန်ကူးမှု ဖြစ်နေပါလားဆိုတာ သူတို့ကိုယ်တိုင် မသိကြဘူးပေါ့နော်။ အဲ့လိုမျိုးဟာတွေ ကျမတို့ တွေ့ရတယ်ပေါ့။”

မေး။ ။ ဒီလူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အမတို့ကို အမေရိကန်ရဲ့ နည်းပညာနဲ့ သူတို့ဘက်က သင်ကြားမှု အပိုင်းလေးတွေလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ကျမတို့ SAW မှာကကျတော့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ ပညာပေးတာတွေ၊ ဘာတွေကတော့ အစကတည်းက ရှိပြီးသားပဲပေ့ါနော်။ ဒါပေမဲ့ သူတို့တွေက ကျမတို့ကို လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတဲ့အခါမှာပေါ့ လူကုန်ကူးမှု ဆိုလို့ရှိရင် ဘယ်လိုမျိုး အချက်အလက်မျိုးတွေ ပါလို့ရှိရင် လူကုန်ကူးမှု မြောက်တယ်။ သူတို့က အဲ့ဒါမျိုးတွေ ကျမတို့ကို Train (သင်ကြား) ပေးတာတွေရှိတယ်။ နောက်တနှစ်မှာကျတော့ ဂေဟာမှာရှိတဲ့ စောင့်ရှောက်မှုအပိုင်းပေါ့။ လူကုန်ကူးမှု ဖြစ်တာတွေကို ဘယ်လိုမျိုး စောင့်ရှောက်ရမယ်။ ပြန်လည် ပေါင်းစည်းရေးလုပ်လို့ရှိရင် ဘယ်လိုမျိုး ပုံစံမျိုးတွေ လုပ်သင့်တယ်။ ဘယ်လိုမျိုး ဆောင်ရန်၊ ရှောင်ရန်တွေ ရှိသလဲဆိုတာ သူတို့ ကျမတို့တွေကို အဲ့ဒါမျိုးတွေ လုပ်ပေးတယ်။

မေး။ ။ ဟုတ်ကဲ့အမ။ အဲ့ဒီစီမံကိန်းက အမတို့ဆီမှာ ဘယ်လောက်လောက် ရှိနေပြီလဲ လုပ်နေတာလေ။
ဖြေ။ ။ ၂၀၁၁ မှာကျတော့ ကျမတို့က ဒီ Johns Hopkins နဲ့ တွဲပြီးတော့ ကျမတို့ ဒီ Trafficking Project (လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံကိန်း) ကို လုပ်တာပေါ့။ အခုလည်း ကျမတို့ရခဲ့တဲ့ အချက်အလက်တွေ၊ အဲ့ဒီ နှစ်နှစ်တာကာလအတွင်းမှာပေါ့ ဒီ Migrant (ရွှေ့ပြောင်းအလုပ်သမား)
တွေကြားထဲမှာရခဲ့တဲ့ အချက်အလက်တွေကို ကျမတို့ ပြန်ပြီးတော့ တခြားအဖွဲ့အစည်းတွေ၊ NGO တွေနဲ့ ကျမတို့တွေ ပြန်ပြီးတော့ ဖြန့်ဝေမယ့် Meeting (အစည်းအဝေး) လည်း ကျမတို့တွေ လုပ်ဖို့ရှိတယ်ပေါ့နော်။ ဘယ်လိုပဲပြောပြောပေါ့နော် အမရယ် အားလုံးကလည်း ဒီလိုမျိုး တက္ကသိုလ်တစ်ခုနဲ့ လုပ်ရတာဆိုတော့ စိတ်ဝင်စားကြတာပေါ့နော်။ ကျမတို့အနေနဲ့လည်း လုပ်ရတာ ဒီအနောက်မှာပေါ့နော် ဒီအဖွဲ့ကြီးရှိတယ်ဆိုတဲ့ဟာမျိုး အားတက်မှုတွေလည်း ရှိတယ်ပေါ့။ ပြီးတော့ သူတို့ဆီကနေလည်း ကျမတို့က အများကြီး ကျမတို့အတွက် ရတယ်ပေါ့နော်။

အမေရိကန် ပညာရှင်တွေနဲ့ လက်တွေ့ ကွင်းဆင်း ပူးပေါင်းဆောင်ရွက်နေတဲ့ SAW အဖွဲ့က မရီရီဝင်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ကမ္ဘာတဝှမ်း လူမှောင်ခိုမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ စောင့်ကြည့်ရမယ့် အဆင့်မှာရှိတဲ့ တိုင်းပြည်တခုအဖြစ် သတ်မှတ် ဖော်ပြထားပါတယ်။

စောစောပိုင်းနှစ်တွေက အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာတော့ မြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ နိုင်ငံအဆင့် (၃) မှာ သတ်မှတ်ခံခဲ့ရတာလည်း
ဖြစ်ပါတယ်။
XS
SM
MD
LG