သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇီဝနဲ့ ဓာတုလက်နက်ဖျက်သိမ်းရေး ကူညီဖို့ မြန်မာကိုကမ်းလှမ်း


မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ လက်နက်ထိန်းချုပ်ရေး၊ ခွဲခြားစိစစ်ရေးနဲ့ ဥပဒေအတိုင်း လိုက်နာကျင့်သုံးရေးဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Frank Rose ဟာ မြန်မာဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဇီဝနဲ့ ဓာတုလက်နက် ဖျက်သိမ်းရေးစာချုပ်တွေ အတည်ပြုနိုင်ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုက အားရသလို၊ အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်တာ ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဒုဝန်ကြီး ဦးသန့်ကျော်က ဆိုပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Frank Rose နဲ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။

“အမေရိကန် အနေနဲ့ ဒီမြန်မာက ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ကျနော်တို့က လက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ စာချုပ် ၃ ခု အပေါ်မှာ ကျနော်တို့က ပါဝင်ပြီးတော့ အတည်ပြုခဲ့တာပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့က မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက် အပေါ်မှာ အားရကျေနပ်တယ်၊ အားရကျေနပ်သလိုပဲ၊ မြန်မာနိုင်ငံက လိုအပ်တဲ့ အကူအညီတွေပေါ့နော်၊ မြန်မာနိုင်ငံက စာချုပ်တွေမှာ အတည်ပြုပြီးလို့ရှိရင် ဒီစာချုပ်ကို အကောင်အထည်ဖော်ဖို့ အပိုင်းပေါ့။ အကောင်အထည်ဖော်ဖို့ အပိုင်းမှာ မြန်မာနိုင်ငံက လိုအပ်တဲ့ အပိုင်းတွေကို ကူညီချင်တယ်။ အဲဒီအပိုင်းမှာ သူတို့ဘယ်လို ကူညီစေချင်သလဲ၊ မြန်မာက ဘာတွေ လိုအပ်သလဲ၊ ဒါတွေကို အဓိက ၂ ဘက်ဆွေးနွေးပါတယ်။”

မေး - “ဟုတ်ကဲ့၊ ဒုဝန်ကြီး အခုပြောတဲ့ လက်နက်ဖျက်သိမ်းရေး စာချုပ် ၃ ခု ဆိုတာကို နည်းနည်းလောက် ရှင်းပြပေးလို့ ရမလားရှင်။”

ဖြေ - “အဓိကကတော့ ဇီဝလက်နက်နဲ့ ပတ်သက်တဲ့ ပိတ်ပင်တဲ့စာချုပ်၊ နောက် ဓာတုဗေဒ လက်နက်နဲ့ ပိတ်ပင်တဲ့စာချုပ်ပေါ့လေ။ ဓာတုဗေဒတို့ ဘာတို့ကတော့ ကျနော်တို့ မနေ့တနေ့ကပဲ လွှတ်တော်ကနေပြီး အတည်ပြုတဲ့အတွက် ကျနော်တို့က မကြာခင်မှာ ဒီဟာကို နယူးယောက်မှာရှိတဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က လက်မှတ်ထိုးဖို့ စီစဉ်မှာ ဖြစ်ပါတယ်။”

မေး - “ဟုတ်ကဲ့၊ နျူကလီးယားနဲ့ ပတ်သက်ပြီးတော့ရော ဆွေးနွေးဖြစ်ပါသလားရှင့်။”

ဖြေ - “နျူကလီးယားနဲ့ ပတ်သက်တဲ့ ဥစ္စာကတော့ ဒီနေ့ ထူးထူးခြားခြား ဆွေးနွေးတဲ့ အထဲမှာ မပါပါဘူး။ သို့သော်လည်း ကျနော်တို့က နျူကလီးယားနဲ့ ပတ်သက်တဲ့ ကျနော်တို့ နောက်ဆက်တွဲ Protocol ပေါ့နော်၊ အဲဒီအပေါ်မှာ ကျနော်တို့က ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက ကျနော်တို့က လက်မှတ်ထိုးထားပြီးတော့ ဒီဟာအပေါ်မှာ သူတို့အနေနဲ့ ဘာမှ ထူးထူးခြားခြား ပါဝင်ဆွေးနွေးသွားတာ မရှိပါဘူး။ သူနဲ့အတူ လိုက်ပါလာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂ ယောက်ကလည်း တယောက်က ဓာတုဗေဒ လက်နက်နဲ့ ပတ်သက်တဲ့ အထူးကျွမ်းကျင်တဲ့သူတယောက် ပါပါတယ်။ ထို့အတူ နောက်တယောက်ကလည်း ဇီဝလက်နက်နဲ့ ပတ်သက်ပြီးတော့ စာချုပ်နဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တဲ့သူ ပါတဲ့အတွက် ကျနော်ထင်တာတော့ သူက ဒီ ၂ ခုကိုပဲ အဓိကဦးတည်ပြီး ဆွေးနွေးသွားခြင်း ဖြစ်ပါတယ်။”

မေး - “ဟုတ်ကဲ့ပါ။ သူတို့ဒီ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ရော၊ ဆက်စပ်ပြီးတော့ ဘာတွေများ ပြောသွားတာ ရှိပါသလဲရှင့်”

ဖြေ - “ဘာမှဆွေးနွေးတာတော့ မရှိပါဘူး။ ကျနော်တို့နဲ့ မြောက်ကိုရီးယားနဲ့ ကြားထဲမှာလည်း ဘာမှ ဒီအချိန်အခါမှာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း မြန်မာကလိုက်နာနေတယ်ဆိုတာ သူတို့သိတဲ့အတွက် ဘာမှ အထူးတလည် ထည့်သွင်းပြီးတော့ ပြောသွားတာ၊ တိုက်တွန်းသွားတာ၊ ဆွေးနွေးသွားတာ မရှိပါဘူး။”

ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်ကို VOA ရန်ကုန်ရုံးခွဲ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက သီးသန့် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG