သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် အမေရိကန် စီးပွားရေးကန့်သတ်ချက် ဆက်ထားဖို့ တောင်းဆို


မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ အမေရိကန်က ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ တားမြစ်ထားတဲ့ ပိတ်ဆို့အရေးယူမှုနဲ့ မြန်မာနိုင်ငံထဲမှာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု လုပ်နေသလားဆိုတာ သုံးသပ်နိုင်ဖို့ အစီရင်ခံစာတင်ပြရမယ့် လိုအပ်ချက်ကို ဆက်လက် သက်တမ်းတိုးဖို့ US Campaign for Burma အဖွဲ့နဲ့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့ ၂၈ ဖွဲ့က သမ္မတ ဘရက်ခ် အိုဘားမားကို တောင်းဆိုလိုက်ပါတယ်။

၂၀၁၃ ခုနှစ်က ချမှတ်ထားတဲ့ ဒီအရေးယူမှု သက်တမ်းဟာ အခု ဧပြီလထဲမှာ ကုန်တော့မှာမို့ ဆက်လက် သက်တမ်းတိုးဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ US Campaign for Burma က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် စီးပွားရေး လုပ်ငန်းတွေကို မြန်မာနိုင်ငံထဲမှာ စီးပွားရေးလုပ်နိုင်ဖို့ အရင် အရေးယူ ဒဏ်ခတ်မှုတွေကို ၂၀၁၃ ခုနှစ်မှာ ဖယ်ရှားပေးခဲ့ချိန်က စစ်တပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ အမေရိကန် စီးပွားရေးတွေကို ရင်းနှီးမြှုပ်နှံမှု မလုပ်အောင် ဆက်လက်ပိတ်ပင် တားမြစ်ခဲ့ပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အမေရိကန်က ထောက်ခံတယ် ဆိုတာကို ပြတ်ပြတ်သားသား ပြသဖို့ သမ္မတအိုဘားမား အနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူ ဒဏ်ခတ်မှုတွေကို သက်တမ်းတိုးရမယ်လို့ US Campaign for Burma ရဲ့ မူဝါဒရေးရာ ဒါရိုက်တာ Rachel Wagley က ပြောပါတယ်။

သတင်းသမားတွေ၊ လယ်သမားတွေ၊ အခွင့်အရေး တောင်းဆိုလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ဆောင်ရွက်သူတွေ၊ လူနည်းစု တိုင်းရင်းသားတွေ ဆက်လက် ဖမ်းဆီးခံနေရတာတွေ၊ သတင်းလွတ်လပ်ခွင့်ကို တဖက်က ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေတာတွေနဲ့ မြောက်ကိုရီးယား အစိုးရနဲ့ ကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေး ဆက်လက် ထားရှိနေတာတွေကို ထောက်ပြပြီး အရေးယူ ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ တောင်းဆိုထားကြပါတယ်။
XS
SM
MD
LG