သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတကို အိမ်ဖြူတော်မှာ ကြိုဆို


တရုတ်သမ္မတကို အိမ်ဖြူတော်မှာ ကြိုဆို

၎ ရက်ကြာ ခရီးစဉ်အဖြစ် အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အိမ်ဖြူတော်မှာ လက်ခံကြိုဆိုတဲ့ အခမ်းအနားတွေကို မကြာသေးခင် နာရီပိုင်းကစလို့ ကျင်းပနေပါတယ်။

တိုင်းပြည်တွေအနေနဲ့ လူ့အခွင့်အရေးနဲ့ တာဝန်ယူမှုတွေ ရှိမယ်ဆိုရင် ပိုပြီး အောင်မြင်မှုတွေ ရမယ်လို့ သမ္မတ အိုဘားမားက အိမ်ဖြူတော်က အခမ်းအနားအတွင်း မိန့်ခွန်းစကား ပြောဆိုရာမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

တရုတ်သမ္မတ ဟူကျင်တောင်းကတော့ နှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနဲ့ ရင်းနှီးမှုတွေကို တိုးမြှင့်သွားဖို့၊ နက်ရှိုင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရရှိဖို့ သူလာတာဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား ပြဿနာ၊ လူ့အခွင့်အရေး ကိစ္စတွေက စလို့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတွေမှာ လိုငွေ အကြီးအကျယ် ပြသနေတာတွေလို ကွဲလွဲမှု အများအပြား ရှိနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတွေကို တိုးတက်စေဖို့ ခေါင်းဆောင် ၂ ယောက်စလုံးက ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

မနေ့တုန်းကတော့ တရုတ်သမ္မတဟာ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ အလွတ်သဘော ညစာစားရင်း တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုတွေ အတွင်းမှာတော့ ထိပ်တန်းလက်ထောက် ၂ ယောက်ကိုသာ ခွင့်ပြုပြီး သမ္မတ ၂ ဦးရဲ့ အလေးအနက် ဆွေးနွေးမှုတွေကိုတော့ မှတ်တမ်း လိုက်ရေးသူတွေကိုလည်း ခွင့်မပြုခဲ့ပါဘူး။

ညစာစားနေတုန်းမှာတော့ အိမ်ဖြူတော်အနီး ပန်းခြံထဲမှာ ဆန္ဒပြသူ ရာပေါင်းများစွာက စုဝေးပြီး တရုတ်နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ တိဘက်လွတ်လပ်ရေး အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG