အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ် ကမ်ဘဲလ် (Kurt Campbell) က ရှင်းလင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာ
အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေး ကူညီနေတယ်လို့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်၊ အာရှ ၃ နိုင်ငံကို ခရီးထွက်လာတဲ့ မစ္စတာ ကမ်ဘဲလ်က တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
အာရှ ၃နိုင်ငံ ခရီးထွက်လာတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ် ကမ်ဘဲလ်ဟာ ဇန်နဝါရီလ ၃ရက် အင်္ဂါနေ့မှာ တရုတ်နိုင်ငံကို ရောက်ရှိခဲ့ပြီး တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဗစ်တိုးရီးယား နူလန် (Victoria Nuland) က ပြောပါတယ်။
“လက်ထောက် နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်နိုင်ငံ ဘေဂျင်း ခရီးစဉ်ဟာ ပြီးဆုံးပါပြီ။ အခုဆိုရင် သူ့ရဲ့ ဒုတိယ ခရီးတထောက်ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ကို ခရီး ဆက်နေပါပြီ။ ဘေဂျင်းမှာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂျန်ဂျီဂျွန်း (Zhang Zhijun) နဲ့ရော ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချွေ တီယန်ကိုင် (Cui Tiankai) နဲ့ ပါတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆန်ရေးနဲ့ ဒေသတွင်း ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ မြန်မာနဲ့ မြောက်ကိုရီးယား အရေးတွေမှာ ပူးပေါင်းဆောင်ရွက်ရေးတွေကို အဓိကထား ဆွေးနွေးခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ ရလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာ အမေရိကန်က ဘယ်လိုအားပေး ဆောင်ရွက်နေတယ် ဆိုတာ ဆွေးနွေးခဲ့ပါတယ်။”
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး လွတ်လပ်ခွင့်အတွက် အစပျိုးတဲ့ ခြေလှမ်းတွေ တွေ့နေရပေမယ့် တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ရှိလာဖို့ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ ပြောကြားခဲ့သလို မြန်မာ အစိုးရသစ်ဖက်က ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မပျက် ဆက်လုပ်သွားဖို့လည်း အားပေးနေကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ကို သွားရောက်ရာမှာ မစ္စတာ ကာ့တ် ကမ်ဘဲလ်လည်း လိုက်ပါသွားခဲ့ပြီး သမ္မတ ဦးသိန်းစိန်နဲ့တကွ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ပထမ ခရီးစဉ်ကတော့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလဆန်းမှာဖြစ်ပြီး သူဟာ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့သူပါ။
ပြီးခဲ့တဲ့လက အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ် (Derek Mitchell) က တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး မြန်မာ့အရေး ဆောင်ရွက်ရာမှာ ဒေသတွင်း မိတ်ဆွေနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရစေဖို့ ကျိုးပမ်းခဲ့ပါတယ်။ အခု မစ္စတာ မစ်ချဲလ် သွားရောက်ခဲ့တဲ့ ဒေသတွင်း အင်အားကြီး ၃ နိုင်ငံကိုပဲ မစ္စတာ ကမ်ဘဲလ်က ထပ်မံ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ကမ်ဘဲလ်ဟာ ဇန်နဝါရီလ ၄ ရက် ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိခဲ့ပြီး မြန်မာ့အရေး အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ၂ နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်သလို ဇန်နဝါရီလ ၆ ရက်နေ့မှာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ တရုတ် မြန်မာ့အရေး ဆွေးနွေး
![အမေရိကန်နဲ့ တရုတ် မြန်မာ့အရေး ဆွေးနွေး](https://gdb.voanews.com/e8adb6ab-04d8-4c9f-9730-1d48b719b32f_w250_r1_s.jpg)