သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်ဘက် အင်တာနက် တရုတ် ယာယီထိန်းချုပ်ခဲ့


အမေရိကန်အစိုးရနဲ့ စစ်တပ်တို့ရဲ့ ဒီနှစ်အတွင်း အင်တာနက် ဆက်သွယ်မှုတွေကြားက အချက်အလက် အများအပြားကို တရုတ် ဆက်သွယ်ရေး ကုမ္ပဏီက ယာယီ ထိန်းချုပ်ခဲ့တယ်လို့ အမေရိကန် ကွန်ဂရက် အကြံပေး ဆွေးနွေးပွဲတရပ်က ပြောပါတယ်။

တရုတ်အင်တာနက် ဆာဗာ (server) တွေကနေတဆင့် အရေးကြီးတဲ့ အချက်အလက်တွေကို ဧပြီလ ၈ ရက်နေ့က ၁၈ မိနစ်ကြာ တရုတ်အစိုးရပိုင် ဆက်သွယ်ရေး ကုမ္ပဏီက ထိန်းချုပ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်၊ တရုတ် စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆန်းစစ်မှု ကော်မရှင်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အခုလို လုပ်လိုက်တာကြောင့် အမေရိကန် စစ်တပ်နဲ့ ကာကွယ်ရေး ဝန်ကြီးရုံး ဌာန ၄ ခုရဲ့ ဝက်ဘ်ဆိုက်တွေကနေ အင်တာနက် အသွားအလာတွေကို ထိခိုက်ခဲ့ရတယ်လို့ ကော်မရှင်က ပြောပါတယ်။

တခြား ထိခိုက်ခဲ့တဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကတော့ အမေရိကန် အာကာသ အေဂျင်စီ (NASA) နဲ့ အမျိုးသား သမုဒ္ဒရာနဲ့ လေထု စီမံကွပ်ကဲရေး ဌာနတွေရဲ့ ဆိုက်တွေ ဖြစ်ပါတယ်။

အချက်အလက်တွေကို တရုတ် ဆက်သွယ်ရေး ကုမ္ပဏီတွေက တစုံတရာ လုပ်လိုက်သလား ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် အရာရှိတွေ၊ ပညာရှင်တွေ၊ သံတမန်တွေ ပါဝင်တဲ့ အဖွဲ့က ဆုံးဖြတ်နိုင်စရာ နည်းလမ်းတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်မျိုးဟာ အင်တာနက် အသုံးပြုသူ သို့မဟုတ် အင်တာနက် စာမျက်နှာ တချို့ကို စောင့်ကြည့်မှု အပါအဝင် ကိစ္စ တော်တော်များများမှာ ထိခိုက်စေမယ်လို့ ဆိုကြပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီးတော့ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကတော့ အချက်အလက်တွေကို ထိန်းချုပ်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။

XS
SM
MD
LG