သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားလက်နက်ဖျက်သိမ်းဖို့ ကန် နဲ့တရုတ် သဘောတူ


မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်အစီအစဉ် စွန့်လွှတ်ရမယ်ဆိုတာကို အမေရိကန်သမ္မတ အိုဘားမားနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ နှစ်ဦးစလုံးက သဘောတူကြတယ်လို့ အမေရိကန်ထိပ်တန်း အရာရှိတဦးက ပြောပါတယ်။ မြောက်ကိုရီးယားကို နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့နိုင်ငံတခုအဖြစ် လက်ခံမှာမဟုတ်ဘူးဆိုတာကို ခေါင်းဆောင်နှစ်ဦး အလွတ်သဘောဆွေးနွေးချိန်မှာ သဘောတူညီခဲ့ကြတဲ့အကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Tom Donilon က ပြောဆိုသွားတာပါ။ ဒီလို သဘောတူညီမှုရယူခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ အသစ်ခန့်အပ်ခံထားရတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် Yang Jiechi ကလည်း သတင်းထောက်တွေကို အသိပေးပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုက ခေါင်းဆောင်တွေ ဟာ လော့စ်အိန်ဂျဲလိစ်မြို့မှာရှိတဲ့ Sunnylands မှာ နှစ်ရက်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေကို စနေနေ့မှာ အဆုံးသတ် ခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ သမ္မတရှီကျင်းပင် ပြီးခဲ့တဲ့မတ်လက သမ္မတ တာဝန်ယူလာခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံခြင်း ပဲ ဖြစ်ပါတယ်။

၂ နာရီကျော် ဆွေးနွေးခဲ့ပြီးတဲ့နောက် သောကြာနေ့နှောင်းပိုင်း သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အင်တာနက် ဆိုက်ဘာလုံခြုံရေး ကိစ္စရပ်တွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံ အတူတကွ ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုအပ်နေတဲ့အပေါ်မှာ သဘောတူညီမှု ရယူခဲ့တဲ့အကြောင်း မစ္စတာ အိုဘားမားနဲ့ မစ္စတာ ရှီ တို့က ပြောပါတယ်။ နိုင်ငံကြီး နှစ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးပုံစံသစ်တရပ် တည်ဆောက်သွားနိုင်ဖို့ မျှော်လင့်တဲ့ အကြောင်းလည်း မစ္စတာရှီက ပြောသွားပါတယ်။
XS
SM
MD
LG