သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အမေရိကန် စီးပွားရေး ဆက်ဆံမှု


ကမ္ဘာပေါ်က စီးပွားရေး အင်အားကြီး နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ထိပ်တန်းအစိုးရ တာဝန်ရှိသူတွေ တရုတ်နိုင်ငံမှာ စီးပွားရေးနဲ့ လုံခြုံရေးအတွက် ၂ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

ကမ္ဘာပေါ်က စီးပွားရေး အင်အားကြီး နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ထိပ်တန်းအစိုးရ တာဝန်ရှိသူတွေ တရုတ်နိုင်ငံမှာ စီးပွားရေးနဲ့ လုံခြုံရေးအတွက် ၂ ရက်ကြာ ဆွေးနွေးမှုတွေမှာ အောင်မြင်မှုတွေ ရခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အချေအတင် ဖြစ်နေရတဲ့ တရုတ်နိုင်ငံရဲ့ ငွေကြေးလဲလှယ်နှုန်းလို ကိစ္စအပါအဝင် ကုန်သွယ်မှု ကိစ္စတွေမှာတော့ သိသိသာသာ သဘောတူညီချက်တွေတော့ မရခဲ့ကြပါဘူး။ ဒီအကြောင်း ဆွေးနွေးပွဲတွေ ကျင်းပရာ ဘေဂျင်းမြို့တော်ကနေ ဗွီအိုအေ သတင်းထောက် William Ide ရဲ့ သတင်းပေးပို့ချက်နဲ့အတူ အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြား စီးပွားရေးအရ ဆက်ဆံမှုတွေအကြောင်းကို ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား စီးပွားရေး ဆက်ဆံမှုတွေကို တိုးမြှင့်သွားနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့တဲ့ မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ၂ ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုတွေအတွက် တိုးတက်မှုတွေ ရှိတဲ့အကြောင်း ပြောဆိုလိုက်ကြပါတယ်။ ကွဲလွဲမှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့လို့ အချေအတင်ဖြစ်စရာ ကိစ္စရပ်တွေမှာပဲ ရှေ့ကို ဆက်နိုင်မယ့် ခြေလှမ်းတွေကို လှမ်းနိုင်ခဲ့ကြတဲ့အကြောင်း ၂ နိုင်ငံ ထိပ်တန်း ခေါင်းဆောင်တွေက ပြောဆိုလိုက်ကြတာပါ။

အမေရိကန်နဲ့ တခြားနိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေကြား စိုးရိမ်မကင်း ဖြစ်နေရတဲ့ အကြောင်းအရာတွေ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဆိုင်ရာ မူဝါဒတွေကို ဘေဂျင်းမြို့က ၂ ရက်ကြာ ဆွေးနွေးပွဲတွေ အတွင်းမှာ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ဦးစားပေး ပြောဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးမူဝါဒ အသစ်ကြောင့် တရုတ်အစိုးရပိုင် လုပ်ငန်းတွေကို ကန်ထရိုက်ရဖို့အတွက် ပြည်ပ ကုမ္ပဏီတွေက တရုတ်ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ဖို့ အခက်ကြုံနေရတဲ့ အခြေအနေကို စီးပွားရေး လုပ်ငန်းက အကြီးအကဲတွေက စောဒကတက်နေကြတာပါ။

ကွဲလွဲမှုတွေ ရှိနေဆဲ ဖြစ်ပေမယ်လို့ ချိန်ခွင်လျှာညီတဲ့ စီးပွားဖက်တွေ ဖြစ်လာစေအောင် သဘောတူညီချက်တွေ ရခဲ့တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တင်မိုသီ ဂိုသ်နာ က ဆိုပါတယ်။
“ကျနော်တို့ရဲ့ ဘုံအကျိုးစီးပွားတွေဟာ ချိန်ခွင်လျှာညီတဲ့ အကျိုးခံစားခွင့်တွေ၊ တာဝန်ယူမှုတွေနဲ့အတူ နိုင်ငံတွေအနေနဲ့ ညီတူညီမျှ ယှဉ်ပြိုင်သွားနိုင်မယ့် ကမ္ဘာနဲ့အဝန်း လွတ်လပ်စွာ ကုန်သွယ်မှုတွေ ပိုမိုလုပ်ဆောင်သွားနိုင်ရေးအတွက် ပံ့ပိုးမှုတွေအပေါ်မှာ မူတည်နေပါတယ်။ ကျနော်တို့ ၂ နိုင်ငံစလုံး အနေနဲ့လည်း လွတ်လပ်တဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေကနေ အကျိုးကျေးဇူးတွေ အကြီးအကျယ် ခံစားခဲ့ကြရတာဖြစ်ပြီး၊ ဒီကနေ့အချိန်အခါမှာ တရုတ်နိုင်ငံက ပိုပြီးလွတ်လပ်မှုရှိလာတာကိုလည်း ကျနော်တို့က ကြိုဆိုပါတယ်။”

မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ ဒုတိယအကြိမ် ဆွေးနွေးပွဲအတွင်း အမေရိကန် အစိုးရနဲ့ ဆွေးနွေးမှုတွေဟာ အောင်မြင်မှုတရပ် ဖြစ်တယ်၊ လေးနက်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့သလို၊ သဘောတူညီချက် အများအပြားလည်း ရခဲ့တယ်လို့ တရုတ်နိုင်ငံ ဘက်ကလည်း ပြောဆိုခဲ့တာပါ။ အမေရိကန် အစိုးရ ထိပ်တန်း အရာရှိတွေ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၂၀၀ လောက်နဲ့ တွေ့ဆုံမှုတွေ အတွင်းမှာတော့ စီးပွားရေးအရ ဆက်ဆံမှုတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂိုသ်နာ က ဦးဆောင် ဆွေးနွေး ခဲ့တာဖြစ်ပြီး ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဈေးကွက်တွေက လုပ်ထုံးလုပ်နည်းတွေ၊ သမားရိုးကျမဟုတ်တဲ့ စွမ်းအင် ရှာဖွေ ထုတ်လုပ်မှုတွေ စတဲ့ ကဏ္ဍတွေမှာ သဘောတူညီမှုတွေ ရခဲ့ကြတာပါ။

ကမ္ဘာ့အကြီးမားဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံကြီးတခုဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အကြီးမားဆုံး ဖွံ့ဖြိုးပြီး နိုင်ငံကြီး တခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုတို့ကြား စီးပွားရေးအရ အပြန်အလှန် ဆက်ဆံမှုတွေဟာ တကမ္ဘာလုံးမှာ သက်ရောက်မှုတွေ ရှိနေပါတယ်လို့လည်း တရုတ် ဒုတိယဝန်ကြီးချုပ် Wang Qishan က ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အပြန်အလှန် တောင်းဆိုချက်တွေ အားလုံးကို သဘောတူနိုင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက နည်းပညာ တင်ပို့မှုတွေ အပေါ်အမေရိကန်က ကန့်သတ်မှုတွေကို အဆုံးသတ်ဖို့၊ တရုတ်ကုမ္ပဏီတွေ နစ်နာမှုတွေ ရှိနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြည်ပ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စည်းမျဉ်းတွေကို ဖယ်ရှားဖို့ စတာတွေကိုလည်း တရုတ်နိုင်ငံဘက်က တောင်းဆိုနေတာ ဖြစ်ပါတယ်။

အမေရိကန်တို့ ဘက်ကတော့ အထူးသဖြင့် တရုတ်ယွန်ငွေတန်ဘိုး မြှင့်ဖို့ လိုလားနေတာပါ။ ပြည်ပပို့ကုန်တွေကို ကမ္ဘာ့ဈေးကွက်ထဲ ဈေးချိုချိုနဲ့ ရောင်းနိုင်အောင် ရှိသင့်တာထက် တန်ဘိုးချထားတယ်လို့ စွပ်စွဲထားပြီး အမေရိကန် လွှတ်တော်အမတ်တွေကလည်း တရုတ်နိုင်ငံအပေါ် ဒီကိစ္စအတွက် ဖိဖိစီးစီး ဆောင်ရွက်ဖို့ သမ္မတ ဘရက်ခ် အိုဘားမား အစိုးရကို တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာနကနေ တရုတ်နိုင်ငံကို ငွေကြေးကစားတဲ့ တိုင်းပြည်အဖြစ် တရားဝင် သတ်မှတ်ဖို့အထိတောင် တိုက်တွန်းမှုတွေလည်း ရှိခဲ့လို့ တရုတ်တို့ဘက်က အမျက်ဒေါသ ထွက်စရာတွေလည်း ဖြစ်ခဲ့ရတာပါ။ ဒီလို အချေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ ယွန်ငွေ တန်ဘိုး သတ်မှတ်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်က ပြုပြင်ပြောင်းလဲမယ်လို့ ဆိုပေမဲ့လည်း ချက်ခြင်းလက်ငင်းတော့ ဖြစ်လာမယ့် ပုံတော့ မပေါ်သေးဘူးဆိုတာကတော့ တရုတ်သမ္မတ ဟူဂျင်တောင်း ရဲ့ ပြောဆိုချက်မှာ တွေ့ခဲ့ရတာပါ။
“ပြည်တွင်းက ဝယ်လိုအားတွေ တိုးလာအောင် တရုတ်နိုင်ငံအနေနဲ့ ရှေ့တိုးဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြည်ပ ကုန်သွယ်မှုတွေ မျှမျှတတနဲ့ ခိုင်ခိုင်မာမာ ရှိစေဖို့နဲ့ ကုန်သွယ်မှုတွေကို အကာအကွယ်ပေးရေး မူဝါဒပုံစံ အမျိုးမျိုးကို ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။”

တရုတ်ငွေကြေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲဖို့ ရှိပေမဲ့လည်း သူ့ကိုယ်ပိုင်နှုန်းအတိုင်းသာ ဆောင်ရွက် သွားမယ်လို့လည်း သမ္မတ ဟူဂျင်တောင်းက ဆိုခဲ့တာ ဖြစ်ပါတယ်။ ဘေဂျင်းမြို့က ဆွေးနွေးပွဲတွေ မတိုင်မီ တရုတ်အစိုးရ အရာရှိတွေနဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာတော့ ယွန်ငွေ တန်ဘိုးမြှင့်တာဟာ အမေရိကန် စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူးလို့ ခုခံပြောဆိုခဲ့ကြတာပါ။

တရုတ်နိုင်ငံကို ဖိအားပေးမှုတွေက ပြုပြင်ပြောင်းလဲရေးအတွက် အချိန်နှောင့်နှေးမှုတွေသာ ဖြစ်စေလိမ့်မယ် ဆိုပြီးတော့လည်း သတိပေးခဲ့တာပါ။ ဒါပေမဲ့လည်း ကမ္ဘာနဲ့အဝန်း စီးပွားရေး ကျဆင်းမှုတွေက တရုတ်နိုင်ငံ အားထားနေတဲ့ ပြည်ပတင်ပို့မှုတွေ အပေါ် သက်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီအတွက် တရုတ်နိုင်ငံကိုယ်တိုင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ့် အခြေအနေမှာ ရောက်နေပြီလို့လည်း ဝါရှင်တန် အခြေစိုက် Heritage Foundation အဖွဲ့ အာရှလေ့လာရေးဌာနက Dean Cheng လို အကဲခတ်တွေက ဆိုနေကြတာပါ။
“ပြည်ပပို့ကုန်တွေက ကျဆင်းလာနေတာမို့၊ ပြည်တွင်းမှာ မတည်မငြိမ် ဖြစ်လာနိုင်တဲ့ အရုပ်ဆိုး အကျည်းတန် အခြေအနေတွေကို လမ်းဖွင့်ပေးသလို ဖြစ်နေပါတယ်။ ဒါကြောင့်လည်း တရုတ်အစိုးရက သူတို့ သြဇာကို ထိန်းထားနိုင်ရေး အထောက်အကူလည်း ဖြစ်စေမယ့်၊ အမေရိကန်က တောင်းဆိုနေတာတွေကို ကျေနပ်မှုရအောင် စီးပွားရေးမူဝါဒတွေကို ထိန်းညှိဖို့ ကြိုးပမ်းနေတာပါ။”

တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတွေမှာတော့ အမေရိကန်ဘက်က နှစ်စဉ်လိုလို လိုငွေပြနေတာပါ။ ပြီးခဲ့တဲ့နှစ် ၂၀၀၉ ခုနှစ် အတွင်းမှာပဲ ၂၂၆ ဒဿမ ၈ ဘီလီယံ ဒေါ်လာ ရှိခဲ့တာပါ။ ဒါဟာဆိုရင် ဒီအရင်တနှစ်က ၂၆၆ ဒဿမ ၃ ရာခိုင်နှုန်း ရှိနေတာထက် တိုးတက်မှု ရှိခဲ့တာ ဖြစ်ပေမဲ့ ကုန်သွယ်မှုတွေ တဖက်စောင်းနင်း ဖြစ်နေရလို့ အမေရိကန်တို့ဘက်က စိုးရိမ်မကင်း ဖြစ်မှုတွေလည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း တရုတ်နိုင်ငံက အမေရိကန်ကို တင်ပို့ကုန် တန်ဘိုးဟာဆိုရင် ၂၉၆ ဘီလီယံကျော် ရှိခဲ့တာ ဖြစ်ပေမဲ့ အမေရိကန်က တရုတ်နိုင်ငံကို တင်ပို့မှုကတော့ ၆၉ ဘီလီယံကျော်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို စီးပွားကုန်သွယ်မှုတွေမှာ ကွာဟချက်တွေ ကြီးကြီးမားမား ရှိနေတာဖြစ်သလို၊ နိုင်ငံရေးအရ အချေအတင် ဖြစ်စရာတွေကလည်း ရှိနေဆဲ ဖြစ်တာမို့ အမေရိကန်နဲ့ တရုတ်တို့ကြား နီးစပ်မှုတွေ ရှိလာဖို့ အတွက်ကတော့ ကာလတခုအတွင်း အတော့်ကို ကြိုးပမ်းသွားရလိမ့်မယ်လို့ ဆိုရမှာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG