သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် အခွန်တင်းကြပ်မှု ကန် စိုက်-မွေးသမားတွေနစ်နာ


ကုန်သွယ်ရေးသမိုင်းမှာ အကြီးမားဆုံး စီးပွားဆိုင်ရာစစ်ပွဲလို့ တရုတ်ဘက်က ခေါ်ဆိုတာတဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးမပြေလည်မှုဖြစ်ခဲ့ပြီးနောက် ပေ ၄၀ အရှည်ရှိ ကုန်လှောင်ရုံများကိုဆားဗားနားဆိပ်ကမ်းမှာတွေ့ရစဉ်။
ကုန်သွယ်ရေးသမိုင်းမှာ အကြီးမားဆုံး စီးပွားဆိုင်ရာစစ်ပွဲလို့ တရုတ်ဘက်က ခေါ်ဆိုတာတဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးမပြေလည်မှုဖြစ်ခဲ့ပြီးနောက် ပေ ၄၀ အရှည်ရှိ ကုန်လှောင်ရုံများကိုဆားဗားနားဆိပ်ကမ်းမှာတွေ့ရစဉ်။

အမေရိကန်နဲ့တရုတ်၂ နိုင်ငံအကြား အပြန်အလှန်အခွန်တင်းကြပ်နေကြတာကြောင့် အမေရိကန် တောင်သူလယ်သမားတွေ စိုးရိမ်ပူပန်နေကြပြီး ဒီကုန်သွယ်ရေး စစ်ပွဲက သူတို့ရဲ့စီးပွါးရေးတွေကို စပြီး ထိခိုက်နေပြီလို့ခံစားနေကြရပါပြီ။ လောလောဆယ် ဒီနှစ် အတွက်ရမယ့် အမြတ်အစွန်းတွေ ထိခိုက်မှာကို အမေရိကန်တောင်သူလယ်သမားတွေ စိုးရိမ်နေကြ ပြီး ရေရှည်မှာဒီထက်ပိုဆိုးလာမှာကို ပိုပြီး စိုးရိမ်နေကြ ကြောင်း VOA သတင်းထောက် Kane Farabaugh ရဲ့သတင်း ပေးပို့ချက်ကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံကတင်သွင်းတဲ့ သံမဏိနဲ့အလူမီနီယံကုန်ပစ္စည်းတွေအပေါ် အမေရိကန်က အခွန်တင်းကြပ်လိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်ကလည်း အမေရိကန် ကုန် ပစ္စည်းတွေကို အခွန်ပြန်တင်းကြပ်နေပါတယ်။ ဒီလိုအပြန် အလှန်အခွန်တင်းကြပ်မှုတွေရဲ့ ဒဏ်ကို အမေရိကန်တောင်သူလယ်သမားတွေ စတင်ခံစားနေကြရပါပြီ။ အမေရိကန် ပြည်ထောင်စုအလယ်ပိုင်း အီလီနွိုင်းစ်ပြည်နယ်က စိုက်ပျိုးမွေးမြူရေးသမား Brian Duncan ကတော့ သူကြုံနေရတဲ့ လက်ရှိအခြေအနေကို ညည်းညူနေပါတယ်။ သူက ဂျုံစိုက်ပျိုးရေးတင်မက ဝက်မွေးမြူ ရေးပါ လုပ်ပါတယ်။ သူ့ဆီက တနှစ်ကို ဝက်ကောင်ရေ ၇ သောင်းထွက်ပါတယ်။

“ကျနော်တို့တော့ ဒုက္ခရောက်နေပြီ။ ဝက်တွေက ဒီနှစ် သေချာပေါက်မြတ်မယ်လို့ တွက် ထားခဲ့တာ။ အခုတော့ မဟုတ်နိုင်တော့ပါဘူး။ သွင်းကုန်ခွန်တင်းကြပ်မှုတွေ ရှိလာ ကတည်းက တရုတ်နိုင်ငံကို ဝက်တွေသွင်းတာ ရပ်သွားပါတယ်။ ထိုင်ဝမ်ကိုလည်း သွင်းလို့မရတော့ပါဘူး။ တခြားလမ်းကြောင်းတွေလည်း ရှာမရဖြစ်နေပြီး ဈေးကွက် ပျောက်နေပါတယ်။”

Brian Duncanu အီလီနွိုင်းစ်ပြည်နယ် လယ်ယာထုတ်ကုန်လုပ်ငန်းက အကြီးတန်း ညွှန်ကြားရေးမှူးလည်း ဖြစ်ပါ တယ်။ အမေရိကန်နဲ့တခြားနိုင်ငံတွေ အကြား ကုန်သွယ်ရေး တင်းမာမှုတွေက ဆက်ပြီးဖြစ်နေတာကြောင့် Brian Duncanရဲ့ လယ်တွေ ယာတွေထဲမှာ စိုက်ထားမွေးထားတာတွေမှန်သမျှက အခွန်တင်းကြပ်မှုတွေနဲ့တိုးနေလို့ အရှုံးပေါ်နေ တာကြောင့် တော်တော်စိတ်ညစ်နေပါတယ်။

“အခုကိစ္စက ကြိုတင်ကာကွယ်လို့ရတဲ့ ကိစ္စပါ။ ဒီပြဿနာတက်ပြီဆိုရင် ဘာတွေဖြစ် လာ မလဲ ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာတွေက ကြိုပြီးခန့်မှန်းလို့ရတဲ့ကိစ္စလည်း ဖြစ်ပါ တယ်။ အခုလိုအခြေနေမျိုးမဆိုက်ရအောင် ပိုကောင်းတဲ့လမ်းကြောင်းနဲ့ လုပ်သင့်ပါတယ်။”

အမေရိကန်ကုန်ပစ္စည်းတွေအတွက် ဈေးကွက်တွေပျောက်ဆုံးနေတဲ့အဖြစ်က ရေရှည်ဖြစ် သွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ Tamara Nelsen ဆိုတဲ့အမျိုးသမီးကလည်း အီလီနွိုင်းစ်ပြည်နယ် လယ်ယာ ထုတ်ကုန်လုပ်ငန်းက အကြီးတန်း ညွှန်ကြားရေးမှူး တဦးပါပဲ။

“ပြဿနာတက်လိုက်တိုင်း ဈေးကွက်တွေမှာ ကျမတို့အရှုံးပေါ်ရတာမျိုး၊ ဒီကုန်ပစ္စည်းကိုပဲ တခြားနေရာမှာ သွားပြီး ထုတ်လုပ်ဖို့ တိုက်တွန်းခံရတာမျိုးကြုံရပါတယ်။ အမေရိကန် စိုက်ပျိုးရေးထုတ်ကုန်တွေအတွက် အရင် ရထားခဲ့တဲ့ဈေးကွက်မျိုး ပြန်ရနိုင်အောင် အနှစ် ၂၀ ၊ ၃၀ လောက်အချိန်ပြန်ယူရပါတယ်။ တချို့ဈေးကွက်တွေဆို ပြန်တောင် မရတော့ ပါဘူး။”

လက်ရှိအခြေအနေတွေအရ အမေရိကန်တောင်သူလယ်သမားတွေအတွက် အစိုးရရဲ့ အကူအညီတွေ ပိုပြီး ပေးလာနိုင်ပါတယ်။ လယ်ယာထုတ်ကုန်တွေ စိတ်ချလက်ချ ထုတ် လုပ်ရောင်းချနိုင်အောင် အစိုးရဘက်က အကာအကွယ်တွေပေးရေး လယ်ယာ လုပ်ငန်း ဆိုင်ရာ ဥပဒေသစ်တရပ်ပြဌာန်းဖို့ကိုလည်း အမေရိကန် လွှတ်တော်အတွင်း ဆွေးနွေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG