သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cobra Gold မှာ မြန်မာ လေ့လာခွင့်ရဖို့ US ထောက်ခံ


ကမ္ဘာ့အကြီးဆုံးစစ်ရေးလေ့ကျင့်မှု"Cobra Gold"
ရှေ့နှစ်အစောပိုင်းမှာ အာရှဒေသတွင်းမှာ ပြုလုပ်မယ့် ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတခု ကို လေ့လာသူအနေနဲ့ မြန်မာနိုင်ငံကို တက်ရောက်ခွင့်ပေးဖို့ ထောက်ခံတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေ ကို အသိအမှတ်ပြုတဲ့အနေနဲ့ ပထမဆုံးအကြိမ် လေ့လာသူအဖြစ် ဖိတ်ကြားလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာ နဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေကြား လူ့အခွင့်အရေးဆွေးနွေးမှုတွေဟာလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ပြောလိုက်ပါတယ်။

ရှေ့နှစ်အစောပိုင်းကျရင် ထိုင်း၊ အမေရိကန်အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတခုဖြစ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံကို ဖိတ်ကြားဖို့ အမေရိကန်ပြည်ထောင်စုက ထောက်ခံထားတယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ George Litte ကပြောပါတယ်။ ဒါပေမယ့် ဒီဖိတ်ကြားချက်ကို အမေရိကန်နိုင်ငံက မဟုတ်ပဲ ထိုင်းနိုင်ငံက ဖိတ်ကြားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

"လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ၊ ဘေးဒုက္ခကယ်ဆယ်ရေး နဲ့ စစ်ဘက် ဆေးပညာဆိုင်ရာ အပိုင်းတွေကို လေ့လာဖို့အတွက် မြန်မာစစ်တပ်အရာရှိတချို့ကို Cobra Gold စစ်ရေးလေ့ကျင့်မှု ကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုဖို့ ထိုင်းနိုင်ငံဘက်က တောင်းဆိုတာကို အမေရိကန်ပြည်ထောင်စုဘက် က စဉ်းစားနေပါတယ်။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ဖို့၊ စစ်ဘက်ကို အရပ်ဖက်ရဲ့ ထိန်းချုပ်မှုအောက်မှာထားရှိဖို့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအပါအ၀င် တခြားပြုပြင်ပြောင်းလဲရေးကိစ္စရပ်တွေနဲ့ တိုးတက်မှုရှိလာဖို့အတွက် အမေရိကန်ရဲ့ မူဝါဒနဲ့ လိုက်လျောညီထွေဖြစ်နေသမျှ လေ့လာခွင့်ပြုသွားမှာဖြစ်ပါတယ်။"

ဒီဖိတ်ကြားမှုဟာ အကန့်အသတ်တော့ရှိတယ်လို့ ပန်တာဂွန် အမေရိကန်စစ်ဌာနချုပ် ရဲ့ ပြောခွင့်ရပုဂ္ဂိလ် ဒု-ဗိုလ်မှူးကြီး Steve Warren ကလည်း ပြောပါတယ်။

"မြန်မာနိုင်ငံဘက်က လေ့လာသူအဖြစ်တက်ရောက်ခဲ့မယ်ဆိုရင်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေ နဲ့ စစ်ဘက်ဆေးပညာဆိုင်ရာကိစ္စရပ်တွေနဲ့ ဆိုင်တဲ့ Cobra Gold စစ်ဆင်ရေးရဲ့ အပိုင်းတွေကိုပါ မြန်မာနိုင်ငံအနေနဲ့ သေချာလေ့လာဖြစ်အောင် လုပ်သွားမှာပါ။"

အစောပိုင်းတုန်းကတော့ ဒီစစ်ရေးလေ့ကျင့်မှုအတွက် ဖိတ်ကြားမှုကို အမေရိကန်ဘက်က ဖိတ်ကြားနိုင်တယ်လို့ ထိုင်းကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Thanathip က ပြောပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကို အပြီးသတ်မလုပ်ရသေးဘဲ၊ အခုလနှောင်းပိုင်းတွေ့ဆုံတဲ့ အခါကျမှာ ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့နိုင်ငံတွေက ဆွေးနွေးကြမှာဖြစ်တယ်လို့ ပြောပါတယ်။

နှစ်စဉ်ပြုလုပ်တဲ့ ဒီCobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် ထိုင်းနဲ့ ဒေသတွင်း အာရှနိုင်ငံတချို့က တပ်ဖွဲ့ဝင် ၁ သောင်းကျော် ပါဝင်မှာဖြစ်ပြီး ၊ ဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုအတွင်း ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား ၊ မလေးရှားနိုင်ငံတို့ပါဝင်ဖွယ်ရှိပြီး၊ ဒေသတွင်းက တခြားနိုင်ငံ ၁၃ နိုင်ငံလည်း လေ့လာသူအဖြစ်ပါဝင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေ က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ၄၉ နှစ်ကြာ အုပ်ချုပ်ပြီး လူ့အခွင့်အရေးတွေ ဆက်တိုက်ဆိုသလို ချိုးဖောက်လာခဲ့ပြီးတဲ့နောက်၊ အခုဖိတ်ကြားမှုက အရပ်သားတပိုင်း အစိုးရဖြစ်ပြောင်းလဲ လာခဲ့တဲ့ မြန်မာအစိုးရကို ပေးလိုက်တဲ့ ထိရောက်တဲ့အချက်ပြမှုတခုဖြစ်ပါတယ်။ အခုလိုဖိတ်ကြားတာ ဟာ ၁၉၈၈ခုနှစ်နောက်ပိုင်း စစ်ရေးအရ ဖြတ်တောက်မှုပြီးတဲ့နောက်ပိုင်းမှာမှ အမေရိကန် မြန်မာ စစ်ရေး အရ ပူးတွဲပြီးတော့ ဆက်ဆံလာတဲ့ ပထမဦးဆုံး ခြေလှမ်း အဆင့်ဖြစ်တယ် လို့လည်း ပြောဆိုကြပါတယ်။

မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ အခုရက်ပိုင်း အတွင်းမှာ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ အဲဒီဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေးကိစ္စရပ်တွေ ကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ၂ နိုင်ငံကြား ပထမဆုံးအကြိမ် လူ့အခွင့်အရေးကိစ္စရပ်တွေ ကို ဆွေးနွေးတာလည်းဖြစ်ပါတယ်။ အမေရိကန်သံအမတ် ဒဲရက်ခ်မစ်ချဲလ်က ၂ နိုင်ငံဆွေးနွေးမှုဟာ တိုးတက်မှုတွေရှိခဲ့တယ်လို့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြား ခဲ့ပါတယ်။

"ဒါဟာ တကယ့်ကို အံ့သြစရာကောင်းလောက်အောင် ထူးခြားတဲ့ တွေ့ဆုံဆွေးနွေးမှုပါ။ ပြီးတော့ ဒီဆွေးနွေးပွဲက အပြုသဘောဆောင်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်ကဆိုရင် ဒါမျိုးမဖြစ်နိုင်ပါဘူး။"

ဒါ့အပြင် နှစ်ဘက်တာဝန်ရှိသူတွေဟာ အလုပ်သမားအခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေး နဲ့ တရားစီရင်ရေးစနစ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ မစ္စတာ မစ်ချဲလ် က ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း ခံလိုက်ရတဲ့ ရခိုင် နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၂.၇ သန်းပေးသွားမယ် လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG