သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန် ကြီးစိုးတဲ့ ကွန်ဂရက်သစ် စတင်


အောက်လွှတ်တော် ဥက္ကဋ္ဌသစ် မစ္စတာ ဂျွန် ဘိုနာ။ ဇန်နဝါရီ ၅၊ ၂၀၁၁။
အောက်လွှတ်တော် ဥက္ကဋ္ဌသစ် မစ္စတာ ဂျွန် ဘိုနာ။ ဇန်နဝါရီ ၅၊ ၂၀၁၁။

ရွေးချယ်ခံခဲ့ရတဲ့ ဥပဒေပြု အမတ်တွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုမှုတွေနဲ့အတူ အမေရိကန် ကွန်ဂရက် လွှတ်တော်သစ်ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို ဗုဒ္ဓဟူးနေ့မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။

အောက်လွှတ်တော်သစ်ထဲမှာတော့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေက အများစု နေရာကို ထိန်းချုပ်လိုက်တာပါ။

အောက်လွှတ်တော် ဥက္ကဋ္ဌသစ် ဖြစ်လာတဲ့ ရီပတ်ဘလစ်ကန်အမတ် ဂျွန် ဘိုနာ (John Boehner) ကတော့ တိုင်းပြည်မှာ လူ ၁၀ ယောက်ကို ၁ ယောက်နှုန်း အလုပ်လက်မဲ့ ဖြစ်နေပြီး မိသားစုတွေ၊ လုပ်ငန်းငယ်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေ ကြီးမြင့်လာနေတဲ့ စိန်ခေါ်မှုကြီးတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း လွှတ်တော်ကို ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုလိုက်ပါတယ်။

လွှတ်တော်သစ်ရဲ့ ရည်ရွယ်ချက်ဟာ အစိုးရရဲ့ အာဏာကို ပြည်သူ့လက် ပြန်လည်အပ်နှင်းဖို့ ဖြစ်ပြီး အစိုးရရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း လမ်းဟောင်းတွေကို အဆုံးသတ်စေဖို့ လူထုက မဲပေးခဲ့တာ ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။

လွှတ်တော်အမတ်တွေ အားလုံး အနေနဲ့လည်း ဘယ်ပါတီကပဲဖြစ်ဖြစ် တာဝန်တွေကို ကျေပြွန်အောင် ထမ်းဆောင်ဖို့ မျှော်လင့်ထားသလို ရိုးသားပြီး၊ လေးစားလောက်တဲ့ အချေအတင် ဆွေးနွေးမှုမျိုးတွေ လုပ်သွားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ နောက်ပိုင်းနဲ့ ဒီဇင်ဘာမှာ အဆုံးသတ်ခဲ့တဲ့ ကွန်ဂရက် လွှတ်တော်အတွင်း ပါတီ ၂ ရပ်ပေါင်း ဆောင်ရွက်မှုမျိုးတွေ မြင်တွေ့လိုတယ်လို့ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ပြောဆိုခဲ့တာပါ။

အဲဒီအချိန်မှာတုန်းကတော့ အခွန်လျှော့ပေါ့ရေး ဥပဒေ၊ စစ်တပ်တွင်း လိင်တူဆက်ဆံသူတွေအပေါ် တားမြစ်တဲ့ ဥပဒေကို ပယ်ဖျက်လိုက်တာတွေ၊ ရုရှားနိုင်ငံနဲ့ နျူကလီးယား သဘောတူညီချက်ကို အတည်ပြုတာတွေကို ဆောင်ရွက်ခဲ့တာပါ။

တချိန်တည်းမှာပဲ သမ္မတအိမ်တော် ပြောခွင့်ရသူက သူ့ရဲ့ တာဝန်ကနေ အနားယူတော့မယ်လို့ ကြေညာလိုက်တာမို့ အစိုးရပိုင်းမှာ နောက်ဆုံးတွေ့ရတဲ့ အပြောင်းအလဲတခု အဖြစ်နဲ့လည်း တွေ့ကြရပါတယ်။

ဖေဖော်ဝါရီလဆန်းမှာ ရာထူးကထွက်မှာ ဖြစ်ပေမဲ့ ပြင်ပကနေ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက် တာဝန်ယူလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ သူ့ရာထူးနေရာမှာ ဆက်ခံမယ့်သူကိုတော့ မကြေညာသေးပါဘူး။

XS
SM
MD
LG