သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အောက်လွှတ်တော် မြန်မာ့ရွေးကောက်ပွဲကို ရှုတ်ချ


အမေရိကန် အောက်လွှတ်တော် မြန်မာ့ရွေးကောက်ပွဲကို ရှုတ်ချ
အမေရိကန် အောက်လွှတ်တော် မြန်မာ့ရွေးကောက်ပွဲကို ရှုတ်ချ

စက်တင်ဘာလ ၂၉ ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာ ရီပတ်ဘလီကန် (Republican Party) နဲ့ ဒီမိုကရက်တစ် (Democratic Party) ပါတီနှစ်ရပ် ပူးတွဲ အောက်လွှတ် တော် အမတ်အဖွဲ့ တဖွဲ့က လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲကို ပြစ်တင် ရှုတ်ချကြောင်း အဆိုတရပ် တင်သွင်းလိုက်ပါတယ်။ တကယ်လို့ ဒီအ ဆိုကို အောက်လွှတ်တော်က အတည်ပြုပြီး ဆုံးဖြတ်ချက်အဖြစ် ချမှတ်လိုက်လို့ အထက်လွှတ်တော်မှာ ထပ်ပြီး အတည်ပြုဖို့ မဲခွဲဆုံးဖြတ်တဲ့ အခါမှာ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းဆောင် ရွက်ချင်တဲ့ ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) လို ပုဂ္ဂိုလ်ကတောင် ရွေးကောက်ပွဲကို ပြစ်တင်ရှုတ်ချတဲ့ ဒီအဆိုကို ထောက်ခံလာနိုင်တယ်လို့ အမေရိ ကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma က ဆိုပါတယ်။ အပြည့်အစုံကို ကိုရော်နီညိမ်းက တင်ပြပေးထားပါတယ်။

အမေရိကန် ကွန်ဂရက်စ်ရဲ့ အောက်လွှတ်တော်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က အီလီနွိုင်းပြည်နယ် ကိုယ်စားပြု ရီပတ်ဘလီကန်အမတ် ဒေါ်နယ် မန်ဇူးလို (Donald Manzullo) ဦးဆောင်ပြီး ဒီအဆိုကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ သူနဲ့တကွ အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် ကိုယ်စားပြု ဒီမိုကရက် အမတ် ဟောင်းဝပ် ဘားမန်း (Howard Berman)၊ အဲဒီကော်မတီရဲ့ အဖွဲ့ဝင် ဖလော်ရီဒါပြည်နယ် ကိုယ်စားပြု ရီပတ်ဘလီကန်အမတ် မစ်စ် အီလီနာ ရော့စ် လက်တီနန် (Ms. Ileana Ros-Lehtinen)၊ စတဲ့ ကွန်ဂရက်စ် လွှတ်တော်မှာ သြဇာတိက္ကမ ရှိသူတွေ အပါအဝင် စုစုပေါင်း အောက်လွှတ်တော်အမတ် ၁၀ ဦး ပါဝင်တဲ့ အဖွဲ့က ဒီအဆိုကို တင်သွင်းခဲ့ တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြစ်တင်ရှုတ်ချတဲ့ အောက်လွှတ်တော်ရဲ့ အဆိုတင်သွင်းမှု အမှတ် ၁၆၇၇ (House Resolution H. Res 1677) ဖြစ်တဲ့ ဒီအဆိုမှာ မြန်မာနိုင်ငံက နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဟာ ဒီမိုကရေစီ နည်းမကျ၊ တရားမဝင်တဲ့လုပ်နည်းလုပ်ဟန်တွေ၊ အပြစ်အနာအဆာရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲကို ပြုလုပ်မှာ ဖြစ်တယ်၊ ဒီရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကို တရားဝင်အောင် တဖက်သတ် လုပ်ဆောင်ဖို့ နည်းလမ်းရှာမှု တခုသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခု အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ရဲ့ အောက်လွှတ်တော်က အဆိုပြုချက်အမှတ် ၁၆၇၇ ကို တင်သွင်းခဲ့တာဟာ အချိန်အခါနဲ့ ကိုက်ညီတယ်လို့ အခုလို ဆိုပါတယ်။

“အချိန်ကတော့ အချိန်ကိုက်လို့ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲက ၆ ပတ်လောက်ပဲ လိုတော့တဲ့ အချိန်မှာ အမေရိကန် အစိုးရ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာကျတော့ အခုထိ ရွေးကောက်ပွဲ အပေါ်မှာ တစုံတရာ မျှော်လင့်နေတာ ရှိတယ်။ ပြီးခဲ့တဲ့ ကုလသမဂ္ဂမှာ လုပ်ခဲ့တဲ့ အစည်းအဝေးမှာ ကြည့်မယ်ဆိုရင်လည်း ရွေးကောက်ပွဲကို သန့်ရှင်းအောင်၊ မျှတအောင် လုပ်ဖို့ ဆိုတာကို ဇောင်းပေးပြီး ပြောသွားတာ ရှိတယ်။ ဒီရွေးကောက်ပွဲ အပေါ်မှာ အာရုံစိုက်နေတဲ့ အစိုးရတွေ အပေါ်မှာ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကနေ သတိပေးလိုက်တဲ့ သဘောပေါ့။”

အောက်လွှတ်တော်မှာ ဒီအဆိုကို အတည်ပြုပြီးသွားပြီဆိုရင် ဒီအဆိုက အထက်လွှတ်တော်ကို ဆက်သွားဦးမှာပေါ့။ အထက်ရော အောက်ရော အတည်ပြုပြီးသွားပြီဆိုရင် ဒီဥစ္စာကို JADE (Junta's Anti-Democratic Effort) Act တို့လို Tom Lantos Act တို့လို ဥပဒေအဖြစ်ရော ပြဋ္ဌာန်းဖို့ အလားအလာ ရှိပါသလားခင်ဗျ။

“အဲဒါက အောက်လွှတ်တော်မှာ မဲခွဲပြီးနောက် အထက်လွှတ်တော်က ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ လွှတ်တော်တရပ်က ဥပဒေတခုကို အတည်ပြုပြီးပြီဆို ရင် ဒါက သမ္မတ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဥပဒေ ဖြစ်လာတာပဲ။ အဓိကတော့ အောက်လွှတ်တော် အမတ်များက အမေရိကန်အစိုးရ အဖွဲ့ကို သတိပေးလိုက်တာပါပဲ။

“အမေရိကန် အစိုးရအဖွဲ့ အနေနဲ့ တစ်အချက် ဒီရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဖို့၊ နှစ်အချက် လိုအပ်တဲ့ ဖိအားပေးမှုတွေကို စိုက်လိုက်မတ်တပ် လုပ်ဖို့၊ လုပ်တဲ့နေရာမှာ Tom Lantos Block Burma Jade Act မှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးသူ တယောက်ကို အမြန်ဆုံး ခန့်အပ်ဖို့နဲ့ နအဖစစ်အုပ်စုနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အပေါ်မှာ ပစ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပိုပြီး တိုးချဲ့ အရေးယူဖို့၊ ပြီးတော့ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးမှာ ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်ဖို့၊ စတာတွေကို တောင်းဆိုထားတာပါပဲ။”

အောက်လွှတ်တော်က ဒီအဆိုကို အတည်ပြုခဲ့လို့ အထက်လွှတ်တော်မှာ ဆက်ပြီး မဲခွဲတဲ့အခါ အထက်လွှတ်တော်အမတ် အများစုက ထောက်ခံရင်တောင်မှ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု ဒီမိုကရက် အမတ် ဂျင်မ်ဝက်ဘ်လို ပုဂ္ဂိုလ်ကတော့ ထောက်ခံပါ့မလားလို့ ဦးအောင်ဒင်ကို ဆက်ပြီး မေးကြည့်ပါတယ်။

“ဂျင်မ်ဝက်ဘ်နဲ့ ပတ်သက်လို့တော့ သူတောင်မှ အခုနောက်ပိုင်း သဘောထား ပြောင်းတယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့လပိုင်းက မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှုကို သက်တမ်းတိုးတုန်းကဆိုရင် ဆီးနိတ် အထက်လွှတ်တော်မှာ ၉၉ မဲ၊ ၁ မဲနဲ့ သက်တမ်းတိုးခဲ့တာကိုး။ အဲဒီ ထောက်ခံမဲ ၉၉ မဲထဲမှာ ဆီနိတ်တာ ဂျင်မ်ဝက်ဘ် ကိုယ်တိုင် ပါတယ်လေ။ အဲတော့ ဂျင်မ်ဝက်ဘ် ကိုယ်တိုင်လည်း တချိန်တုန်းကတော့ မြန်မာစစ်အစိုးရ အပေါ်မှာ ဖျောင်းဖျလို့ ရမလားလို့ ကြိုးစားခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားရဲ့ လျှို့ဝှက် ပတ်သက်မှုတွေ သူ သေချာသိမြင်လာတဲ့ အချိန်မှာ သူကိုယ်နှိုက်က မြန်မာစစ်အစိုးရ အပေါ်မှာ စွန့်လွှတ်လိုက်တဲ့သဘော ရှိပါတယ်။

“ကျနော်တို့ကတော့ အထက်လွှတ်တော်ကို ရောက်သွားတဲ့ အခါမှာ ထောက်ခံမဲ အများစု ရဖို့ဆိုတာကို စိုးရိမ်စိတ် မရှိပါဘူး။ နောက်ဆုံး သူ မထောက်ခံလို့ ကန့်ကွက်ရင်လည်း သူ့ရဲ့ ကန့်ကွက်မဲက အနည်းစုပဲ ဖြစ်ပါလိမ့်မယ်။”

ဒါ့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ဖျက်ကြောင်း မြန်မာစစ်အစိုးရရဲ့ ကြေညာခဲ့မှုကိုလည်း အဲဒီ အဆိုတင်သွင်းမှု အမှတ် ၁၆၇၇ ထဲမှာ အမေရိကန် အောက်လွှတ်တော် အမတ်တွေက ပြစ်တင်ရှုတ်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ စစ်မှန်တဲ့ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေ မပါဝင်တဲ့ မြန်မာနိုင်ငံက ဘယ်အစိုးရမျိုးမဆို ဒီမိုကရေစီ အစိုးရတရပ် သို့မဟုတ် တရားဝင်တဲ့ အစိုးရတရပ်အဖြစ် စဉ်းစားခြင်း ခံရမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်ကလည်း စက်တင်ဘာ ၃၀ ရက် နေ့စွဲနဲ့ The International Herald Tribune သတင်းစာကြီးနဲ့ The New York Times သတင်းစာကြီးတွေထဲမှာ " အားပေး ထောက်ခံ ဖို့ရာ မထိုက်တန်တဲ့ ရွေးကောက်ပွဲ တစ်ပွဲ"(An Election Not Worthy Of Support) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးသားထား ပါတယ်။ အကယ်၍ နိုင်ငံတကာ မိသားစုက တကယ်ပဲ အလေးအနက်ထားပြီး မြန်မာစစ်အစိုးရ အပေါ်မှာ ပြင်းပြင်းထန် ထန် ဖိအားတွေ ပေးနေမယ်ဆိုရင် အဲဒီလို ပြင်ပကလာတဲ့ ဖိအားတွေနဲ့ ပြည်တွင်းက ငြိမ်းချမ်းစွာ ဆန့်ကျင် တွန်းလှန်မှုတွေကို ပေါင်းစပ်နိုင်မှသာလျှင် မြန်မာစစ်အစိုးရကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းကို ရောက်လာအောင် တွန်းပို့နိုင်မှာ ဖြစ်တယ်လို့ ဆရာဦးဝင်းတင်က ရေးသားထားပါတယ်။

XS
SM
MD
LG