မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုဘက်က အပြုသဘော တုံ့ပြန်ရမှာဖြစ်ပေမဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ အားလုံးကို ဖယ်ရှားလိုက်ဖို့အတွက်က အချိန်ပေးရမယ်လို့ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့မှာ ရောက်လာမယ့် အမေရိကန် အထက်လွှတ်တော် အမတ်တွေက ပြောလိုက်ပါတယ်။ လွှတ်တော်မှာ သြဇာညောင်းတဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း (John Mccain) နဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဂျိုးဇက်လီဘာမန် (Joseph Lieberman) အပါအဝင် မြန်မာနိုင်ငံကို သွားကြမယ့် လွှတ်တော်အမတ်တွေ ဘန်ကောက်မြို့မှာ သတင်းထောက်တချို့နဲ့ တွေ့ဆုံပြီး သူတို့ ခရီးစဉ်အကြောင်း ရှင်းပြခဲ့စဉ်မှာ ခုလို ပြောခဲ့ကြတာဖြစ်ပါတယ်။ လွှတ်တော်အမတ်တွေကို ကိုယ်တိုင် တွေ့ဆုံမေးခွင့်ရခဲ့တဲ့ မစုမြတ်မွန်က အပြည့်အစုံ တင်ပြထားပါတယ်။
ဘန်ကောက်မြို့တော်မှာ ရောက်နေကြတဲ့ ဝါရင့် အထက်လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ ဂျွန်မက်ကိန်း၊ ဂျိုးဇက်လီဘာမန်၊ ကယ်လီအယို့တ် (Kelly Ayotte) နဲ့ ရှယ်လ်ဒန် ဝိုက်ဟောက်စ် (Sheldon Whitehouse) တို့က ဒီနေ့ စနေနေ့မှာ သတင်းထောက်တချို့နဲ့ တွေ့ဆုံပြီး သူတို့ရဲ့ အာရှခရီးစဉ်အကြောင်းကို ရှင်းပြခဲ့ပါတယ်။ ဒီပွဲမှာ သတင်းထောက်တိုင်းမေးကြတဲ့ အကြောင်းကတော့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အကြောင်းတွေပါ။ အမေရိကန်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး တိုးတက်လာနေတဲ့ ခုလိုအချိန်မျိုးမှာ သူတို့အနေနဲ့ မြန်မာနိုင်ငံကိုသွားဖို့ အရေးကြီးပါတယ်လို့ ကွန်ဂရက်စ်လွှတ်တော်မှာ သြဇာညောင်းတဲ့ ရီပက်ပလစ်န် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ခုလို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ တိုးတက်မှုတွေက ဘာတွေလဲ၊ သူတို့ဘက်က တိုးတက်စေချင်တဲ့ အပြောင်းအလဲတွေက ဘာတွေရှိမလဲ ဆိုတာကို ကိုယ်တိုင် အကဲဖြတ်နိုင်ဖို့ အခုအချိန်မှာ မြန်မာနိုင်ငံကို သွားဖို့ အင်မတန် အရေးကြီးပါတယ်။ နောက် မြန်မာနိုင်ငံအပေါ် အမေရိကန်က ပိတ်ဆို့ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ရုပ်သင့် မသင့်ဆိုတာတွေကို သုံးသပ်ဖို့အတွက်ကိစ္စကလည်း မြန်မာနိုင်ငံကို သွားရတဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။” - လို့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ် မျှတမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြုသဘော တုံ့ပြန်မှုတွေ လုပ်သွားမှာဖြစ်ပေမဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ အားလုံးကို ဖယ်ရှားလိုက်ဖို့ အတွက်ကတော့ မြန်မာအစိုးရအနေနဲ့ လုပ်စရာတွေ အများကြီး လိုလိမ့်ဦးမယ်လို့ ထင်တဲ့အကြောင်းကို အထက်လွှတ်တော် အမတ်တွေက ပြောသွားကြပါတယ်။ ဒဏ်ခတ်မှုတွေ ဖယ်ရှားရေးကိစ္စ စဉ်းစားတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကလည်း အင်မတန် အရေးကြီးတယ်လို့ လွှတ်တော်မှာ သြဇာညောင်းသူ တစ်ယောက်ဖြစ်တဲ့ အမတ် ဂျိုးဇက်လီဘာမန် က ပြောပါတယ်။
“ရွေးကောက်ပွဲပြီးသွားလို့ ပိတ်ဆို့ ဒဏ်ခတ်မှုတချို့ကို ဖယ်ရှားမယ် ဆိုရင်တောင် လွှတ်တော်မှာ ဥပဒေပြင်ဆင်ချက်တွေ လုပ်ဖို့ လိုအပ်တဲ့အတွက် အချိန်ကြာဦးမှာပါ၊ အဲဒီအချိန်အတွင်းမှာ မြန်မာနိုင်ငံမှာ နောက်ထပ် ဘာတွေဖြစ်နေလဲ ဆိုတာကို စောင့်ကြည့်ဖို့ အချိန်ရမှာဖြစ်လို့ မဆိုးဘူးလို့ ပြောရမှာပါ။ တချို့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ကတော့ သမ္မတက ဖယ်ရှားပေးနိုင်တဲ့အတွက် မြန်မြန် ဖယ်ရှားနိုင်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေအပေါ် သဘောထား တုံ့ပြန်ချက်က ဝါရှင်တန်မှာရှိနေတဲ့ အစိုးရရော လွှတ်တော်အမတ် အများစုအပေါ်မှာပါ အများကြီး သက်ရောက်မှုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လေးစား ယုံကြည်မှု ရှိကြတဲ့ဲအတွက် သူ့ရဲ့သဘောထားကို ဗီတို အာဏာသကဲ့သို့ မှတ်သား ဆုံးဖြတ်မှာ မဟုတ်ပေမဲ့ တကယ်လို့ သူက မြန်မာနိုင်ငံက အပြောင်းအလဲတွေ အပေါ် စိတ်ချတယ်ဆိုရင် ကျနော်တို့ကလည်း စိတ်ချစွာနဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပြီး အစိုးရနဲ့ အနီးကပ် ဆက်ဆံသွားမှာ ဖြစ်ပါတယ်။” - လို့ အထက်လွှတ်တော်အမတ် ဂျိုးဇက်လီဘာမန် က ပြောသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဖယ်ရှားသင့် မသင့်ဆိုတာကို ရွေးကောက်ပွဲ မပြီးခင်မှာ မစဉ်းစားသင့်သေးဘူးလို့ ထင်တဲ့အကြောင်းလည်း လွှတ်တော်အမတ်တွေက ပြောကြပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂ (EU) က လာမယ့် လပိုင်းတွေအတွင်းမှာပဲ အရေးယူမှုတွေ ဖယ်ရှားသင့်မသင့် စဉ်းစားတော့မယ်၊ လတ်တလောမှာလည်း နော်ဝေးနိုင်ငံက စီးပွားရေးအရ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့တယ်၊ သြစတြေးလျ အစိုးရကလည်း အစိုးရတာဝန်ရှိသူတွေ အပေါ် ခရီးသွား ကန့်သတ်ချက်တွေကို ဖယ်ရှားပေးခဲ့ပါတယ်။ ဒီတော့ ဒီလိုမျိုး တုံ့ပြန်မှုတွေ လုပ်တာဟာ သိပ်စောလွန်းတယ်လို့ ထင်ပါလားလို့ ဗွီအိုအေ မြန်မာပိုင်းက အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း ကိုရော ဂျိုးဇက်လီဘာမန် ကိုပါ မေးပါတယ်။
“တခြားနိုင်ငံတွေက အခြေအနေ အချိန်အခါပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာကို ကျနော်တို့ အလေးထားပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ် မပြောနဲ့ ခြောက်လလောက်ကတောင် အမေရိကန်က မြန်မာနဲ့ သံတမန်ဆက်ဆံရေး ပြန်ထားမယ်လို့ တစ်ယောက်ယောက်က ခန့်မှန်းခဲ့ရင် ဘယ်သူကမှ ယုံမှာ မဟုတ်ပါဘူး။” - လို့ မစ္စတာလီဘာမန် က ဖြေပါတယ်။
ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သူ မေးကြည့်ဦးမယ် လို့လည်း ဖြေသွားပါတယ်။ မစ္စတာမက်ကိန်း ကလည်း တခြားနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကို အလေးထား အသိအမှတ်ပြုပါတယ်လို့ ပြောသလို၊
“မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ကျနော်တို့အားလုံးက ချီးမွမ်း သြဘာပေးသင့်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တော်တော်လေး အကောင်းမြင်ခဲ့ကြပေမဲ့ တကယ်တမ်း ကျနော်တို့ မျှော်လင့်သလို ဖြစ်မလာတဲ့ ကိစ္စတွေ သမိုင်းမှာ အများကြီး ရှိခဲ့ပါတယ်။ ဒီတော့ လောလောဆယ် ဘာမှ မဆုံးဖြတ်သေးဘဲ ဧပြီလမှာလုပ်မယ့် ရွေးကောက်ပွဲကို စောင့်ကြည့် သုံးသပ်ပြီးမှ သင့်တော်သလို တုံ့ပြန်သင့်တယ်လို့ ထင်ပါတယ်။ နောင်မှာ နောင်တရစေမယ့် ဆုံးဖြတ်ချက်မျိုး အစောတလျင် မချသင့်ဘူးလို့ ထင်တဲ့အကြောင်း၊” - အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း က ဗွီအိုအေ မြန်မာပိုင်းရဲ့ အမေးကို ဖြေသွားတာဖြစ်ပါတယ်။
ဒီအရေးယူမှုတွေ ဖယ်ရှားရေးအတွက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲက အရေးပါပေမဲ့ ဒီကိစ္စတစ်ခုတည်း အပေါ် ကြည့်ပြီးဆုံးဖြတ်မှာ မဟုတ်တာကိုလည်း အမေရိကန် အထက်လွှတ်တော်အမတ်တွေက အလေးပေး ပြောသွားကြပါတယ်။ ပြည်သူတွေ လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး စတဲ့ ကိစ္စတွေကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တွေဖြစ်တယ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းနေတဲ့ အချိန်မှာရော အသွင်ကူးပြောင်းသွားပြီးချိန်မှာပါ အမေရိကန်အစိုးရနဲ့ ကွန်ဂရက်စ်လွှတ်တော်က တတ်နိုင်တဲ့ အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဂျွန်မက်ကိန်း၊ ဂျိုးဇက်လီဘာမန် တို့ ဦးဆောင်တဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေဟာ တနင်္ဂနွေနေ့ကစပြီး မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး တနင်္ဂနွေနေ့ နေ့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ တနင်္လာနေ့ကျရင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရ ခေါင်းဆောင်တွေ၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။