သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်တွေအားလုံး အာဖဂန်ကပြန်ရုပ်ဖို့ အမေရိကန်စဉ်းစား


အမေရိကန် တပ်ဖွဲ့တွေအားလုံးကို အာဖဂန်နစ္စတန်နိုင်ငံကနေ ၂၀၁၄ နှစ်ကုန်မှာ အပြီး ပြန်ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က စဉ်းစားထားတယ်။ ဒါပေမဲ့ အဘက်ဘက်ကို ထည့်သွင်းစဉ်းစားနေတုန်းပဲ၊ လိုအပ်ရင် ပြင်ဆင်လို့ ရပါတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

Zero Option လို့ခေါ်တဲ့ အမေရိကန်တပ်ဖွဲ့တွေ တစ်ယောက်မကျန် ရုပ်သိမ်းရေးက စစ်ပွဲပြီး အာဖဂန်နစ္စတန်နိုင်ငံအတွက် ဖြစ်နိုင်ချေရှိတဲ့ အစီအစဉ်တွေထဲက တခုပဲ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က အင်္ဂါနေ့ကပဲ ပြောသွားပါတယ်။

ဒါပေမဲ့ ဘယ်ဆုံးဖြတ်ချက်မှ ချက်ချင်း ဖြစ်လာဦးမှာ မဟုတ်ဘူး။ ၂၀၁၄ နှစ်ကုန်ရောက်ဖို့ တနှစ်ခွဲတောင် လိုသေးတယ်လို့လည်း မစ္စတာ ကာနေး က ပြောသွားပါတယ်။

အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) နဲ့ ဆက်ဆံရတာ စိတ်ပျက်လွန်းလို့ သမ္မတ အိုဘားမား က အမေရိကန် တပ်ဖွဲ့တွေအားလုံးကို အာဖဂန်နစ္စတန် နိုင်ငံကနေ ပြန်ရုပ်သိမ်းဖို့ လေးလေးနက်နက် စဉ်းစားနေတယ်လို့ New York Times သတင်းစာက အင်္ဂါနေ့ကပဲ သတင်း ဖော်ပြသွားတာပါ။

အာဖဂန်နစ္စတန် နိုင်ငံကနေ ထွက်ခွာဖို့ ကိစ္စကို မစ္စတာ အိုဘားမား က ပိုမြန်အောင် လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်တယ်။ နောက်နှစ်လည်လောက်မှာ တပ်ဖွဲ့တွေ အမေရိကန်နိုင်ငံကို ပြန်ရောက်ကောင်း ပြန်ရောက်နိုင်တယ်လို့ New York Times မှာ ပြောထားပါတယ်။

လက်ရှိ အစီအစဉ်အရဆိုရင်တော့ ၂၀၁၄ နှစ်ကုန်မှာ အမေရိကန် တပ်ဖွဲ့အများစုကို ပြန်ရုပ်သိမ်းပြီး တပ်ဖွဲ့နည်းနည်းကို အာဖဂန်နိုင်ငံမှာ ချန်ထားဖို့ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ အာဖဂန်နိုင်ငံအနောက်ခြမ်းမှာ ကားတစီး လမ်းဘေးထောင်ဗုံး ထိလို့ ကားပေါ်ပါလာတဲ့ ရွာသားတွေထဲက ၁၇ ဦး သေဆုံးသွားရပါတယ်။ နိုင်ငံတောင်ပိုင်းက Kandahar လေတပ် အခြေစိုက်စခန်းမှာတော့ အာဖဂန် စစ်သားတဦးက ပစ်လိုက်လို့ NATO တပ်ဖွဲ့ဝင်တဦး သေဆုံးသွားရပါတယ်။
XS
SM
MD
LG