အမေရိကန်ပြည်ထောင်စုမှာ အကြွေးပြဿနာ ဖြေရှင်းဖို့ နိုင်ငံရေး ခေါင်းဆောင်တွေ ခေါင်းချင်းရိုက်နေကြတာကို အနီးကပ် စောင့်ကြည့်နေကြသူတွေထဲမှာ ရွှေကုန်သည်တွေလည်း ပါပါတယ်။ အမေရိကန်ဒေါ်လာ တန်ဖိုး သိသိသာသာ ကျနေသလို ရွှေဈေးကလည်း စံချိန်တင်လောက်အောင် တအောင်စကို ဒေါ်လာ ၁,၆၀၀ ကျော်သွားပါတယ်။ ရွှေကို စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတခုလို သဘောထားကြရုံမက အဆင်တန်ဆာအဖြစ်လည်း ဝတ်ဆင်ကြတဲ့ အာရှနိုင်ငံတွေမှာ ရွှေအရောင်းအဝယ်က သွက်နေဆဲ ဖြစ်ပေမဲ့ ဒီ့ထက်သာ ဈေးတွေ တက်လာမယ်ဆိုရင် အရောင်းအဝယ် ထိခိုက်မှာကို ရွှေရောင်းသူတွေရော ဝယ်သူတွေပါ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိတ် ပေါင် ဒေါ်စန် (Kate Pound Dawson) ရဲ့ သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
၁ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ရွှေပြားတချပ်ရဲ့ တန်ဖိုးက ဒေါ်လာ ၅၀,၀၀၀ လောက် ဈေးပေါက်နေချိန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရွှေတန်းမှာ ရွှေလာဝယ်ကြသူတချို့က ရွှေထည် လက်ဝတ်လက်စားထက် ရွှေပြားတွေကို ပြောင်းဝယ်လာကြပါတယ်။ ဟွာဆန်ဟန်း (Hua Seng Heng) ရွှေဆိုင်မှာ ရွှေဝယ်သူတွေနဲ့ စည်ကားနေပေမဲ့ ဆိုင်ရဲ့ဦးဆောင်ညွှန်ကြားရေးမှူး ထာနာရတ် ဖာဆူဝမ် (Tanarat Pasawongse) ကတော့ စိတ်ပူနေပါတယ်။ သူက အမေရိကန်က ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ ညှိနှိုင်းမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေသူပါ။
“တကယ်လို့သာ သူတို့ အသုံးစရိတ်ကို မလျှော့နိုင်ဘူး၊ အကြွေးယူနိုင်တဲ့ နှုန်းကို မမြှင့်နိုင်ဘူးဆိုရင် အကြွေးပြန်မဆပ်နိုင်မယ့် ပြဿနာဖြစ်ပြီး ဒီအခြေအနေ ဖြစ်လို့ကတော့ ရွှေဈေးတွေ ဒီ့ထက်ကို ထပ်တက်ဦးမှာပဲ။”
ရွှေဈေးတွေ ထပ်တက်လာရင် အရောင်းကျလာနိုင်တယ်လို့ ထာနာရတ်လိုပဲ တခြား ရွှေရောင်းတဲ့သူတွေက ပြောနေကြပါတယ်။ ရွှေကို စွဲစွဲမက်မက် ဝတ်ဆင်ကြရုံမက မင်္ဂလာဆောင်တွေမှာ လက်ဖွဲ့အနေနဲ့ပါ ပေးကြတဲ့ အိန္ဒိယနိုင်ငံမှာတော့ အခုကတည်းကကို အရောင်းအဝယ်ပုံစံက စပြောင်းနေပါပြီ။
“အိန္ဒိယ မင်္ဂလာဆောင်က ရွှေမပါလို့ကို မဖြစ်ပါဘူး၊ စိန်မပါလို့လည်း မရပါဘူး။ ဒီတော့ ကျမကတော့ လက်ဖွဲ့ပေးရမှာပဲ။ ဒါပေမဲ့ ပေးတဲ့ပမာဏကို လျှော့လိုက်ရတော့မှာကတော့ အသေအချာပါပဲ။”
ဥရောပနိုင်ငံတွေက အကြွေးပြဿနာကြောင့်ရော အခုလက်ရှိ ဖြစ်နေတဲ့ အမေရိကန်က အကြွေးပြန်ဆပ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေကြောင့်ပါ ဒီနှစ်ထဲမှာကို တက်ခဲ့တဲ့ ရွှေရဲ့တန်ဖိုးက ၁၅% ရှိနေပါပြီ။ တချို့အစိုးရတွေက ငွေကြေးအကျပ်ရိုက်မှုကို ဖြေရှင်းတဲ့ အနေနဲ့ ငွေတွေ ထပ်ပြီး ထုတ်ကြတဲ့အတွက် ငွေကြေးတန်ဖိုးတွေက ကျဆင်းလာနေတာနဲ့ တချိန်တည်းမှာပဲ ဈေးတက်နေတဲ့ ရွှေကို ဝယ်ထားတာက ခိုင်တယ်လို့ ထင်တဲ့သူတွေ ရှိတဲ့အတွက် ရွှေဈေးက တောက်လျှောက် တက်နေတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။