ငွေချေးယူနိုင်တဲ့ စိတ်ချရတဲ့ အဆင့်အတန်း သတ်မှတ်တဲ့ အေဂျင်စီ S&P က အမေရိကန် ပြည်ထောင်စုကို ပထမဆုံး အကြိမ်အဖြစ် အဆင့်လျှော့ချလိုက်တာ အပါအ၀င် ကြွေးမြီ အကျပ်အတည်း ပြဿနာကြောင့် ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်ကို ဂယက်ရိုက်ခတ်နေပါတယ်။
ဥရောပ ဗဟိုဘဏ်က အီတလီနဲ့ စပိန်နိုင်ငံကို ဘဏ္ဍာရေးအရ ကျားကန်ရေး ကြိုးပမ်းမှုကြောင့်လည်း ကမ္ဘာ့ဈေးကွက် မတည်မငြိမ် ဖြစ်နေရတာပါ။
နယူးယောက် အစုရှယ်ယာ ဈေးကွက်ဟာ ဒီနေ့ Wall Street ဘဏ္ဍာရေးဈေးကွက် မဖွင့်မီမှာဘဲ ဈေးကျရိပ် ရှိနေပြီး အာရှရဲ့ အဓိက ရှယ်ယာဈေးကွက် အညွှန်းကိန်းတွေဟာ ၂% ကနေ ၄% အထိ ဒီနေ့ တနင်္လာနေ့မှာ ဈေးကျသွားပါတယ်။
S&P အစုရှယ်ယာဈေးဟာ ဈေးဖွင့်ချိန်မှာ ၂% အထိ ကျမယ့်ပုံ ပေါ်နေတယ်လို့ ခန့်မှန်းထားပါတယ်။ S&P အေဂျင်စီက အမေရိကန်ကို အဆင့်နှိမ့်ချလိုက်ပြီး အမေရိကန် အစိုးရ ငွေကြေး စာချုပ်တွေကို ရင်းနှီးမြှုပ်နှံရင် စွန့်စားရမယ့် အန္တရာယ် ရှိတယ်ဆိုတဲ့ လက္ခဏာ ပြနေတယ်လို့ ယူဆရတာကြောင့် အမေရိကန် အစိုးရ ခေါင်းဆောင်ပိုင်းက S&P ကို ပြစ်တင် ဝေဖန်နေကြပါတယ်။
တချိန်တည်းမှာပဲ ဥရောပ ဗဟိုဘဏ်ကနေ ဥရောပဇုန် ကြွေးမြီ အကျပ်အတည်း စိတ်အေးရအောင် အီတလီနဲ့ စပိန်နိုင်ငံရဲ့ ငွေကြေးစာချုပ်တွေကို ၀ယ်ယူမယ်လို့ အာမခံလိုက်တဲ့အတွက် အီတလီနဲ့ စပိန် ငွေကြေးဈေးကွက် ဒီနေ့ ထိုးတက်သွားပါတယ်။ ဒါပေမဲ့ ဥရောပ ငွေကြေးဈေးကွက်ဟာ ဈေးဖွင့်ချိန်မှာ အနည်းငယ် ကျရိပ် တွေ့ရပါတယ်။
S&P အေဂျင်စီက အမေရိကန်ရဲ့ ငွေချေးနိုင်တဲ့ အဆင့်ကို AAA အဆင့်ကနေ လျှော့ချလိုက်တာဟာ သိပ်ကို ဆိုးဝါးတဲ့ ကောက်ချက်၊ အမြော်အမြင် မရှိတဲ့ ကောက်ချက် ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုက်သ်နာ (Timothy Geithner) က ဝေဖန်လိုက်ပါတယ်။