သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတလောင်းတွေ အရှိန်မြှင့်မဲဆွယ်

အမေရိကန် ရွေးကောက်ပွဲ ကျင်းပဖို့ ၁၀ ရက်လောက်သာ လိုတော့ချိန်မှာ သမ္မတလောင်းတွေဟာ အနိုင်ရဖို့ အရေးကြီးတဲ့ ပြည်နယ်တွေကို သွားရောက် မဲဆွယ်မှုတွေ အရှိန်မြှင့်လုပ်နေကြပါတယ်။

အစဉ်အလာအားဖြင့် Republican ပါတီကို ထောက်ခံသူများတဲ့ Texas ပြည်နယ်မှာ Democrat သမ္မတလောင်း Kamala Harris သောကြာညက မဲဆွယ်ပွဲ လုပ်ခဲ့ရာမှာ နာမည်ကျော်အဆိုတော်တွေ ဖြစ်ကြတဲ့ Willie Nelson နဲ့ Beyoncé တို့ ပါဝင်မဲဆွယ်ခဲ့ကြပါတယ်။ အမေရိကန်မှာ စည်းလုံးညီညွတ်မှု၊ ဂုဏ်သိက္ခာနဲ့ အခွင့်အလမ်းတွေအတွက် သီချင်းသစ်ဆိုကြဖို့ အချိန်တန်ပြီလို့ Houston မြို့မှာလုပ်တဲ့ မဲဆွယ်ပွဲအတွင်း Beyoncé က ပြောကြားခဲ့ပါတယ်။

လူသိများ ကျော်ကြားသူအနေနဲ့ ဒီပွဲကိုလာတာ မဟုတ်သလို နိုင်ငံရေးသမားအနေနဲ့လည်း လာတာမဟုတ်ဘဲ သူ့ကလေးတွေအပါအဝင် ကလေးငယ်အားလုံး နေထိုင်နေကြတဲ့ ကမ္ဘာကြီးကို အလေးထားတဲ့ မိခင်တယောက်အနေနဲ့ ဒီပွဲကို လာတာဖြစ်တယ်လို့ ပြောသွားတာပါ။ ခွဲခြားဆက်ဆံမှုကင်းပြီး အကန့်အသတ် အတားအဆီးတွေမရှိတဲ့ အနာဂတ်မှာ သမီးတွေကို ကြီးပြင်းစေချင်တဲ့ဆန္ဒနဲ့ လာရောက်တာ ဖြစ်တယ်လို့ အဆိုတော် Beyoncé က ပြောကြားပြီး သမ္မတလောင်း Harris ကို လူသိရှင်ကြား ထောက်ခံခဲ့ပါတယ်။

သောကြာနေ့ညက မဲဆွယ်ပွဲမှာ အမျိုးသမီးတွေ သန္ဓေသားဖျက်ချခွင့်နဲ့ ကိုယ်ပိုင်လွတ်လပ်စွာ ဆုံးဖြတ်နိုင်ရေးကို အသားပေးပြီး သမ္မတလောင်း Kamala Harris ကပြောကြား မဲဆွယ်စည်းရုံးခဲ့ပါတယ်။

Republican သမ္မတလောင်း Donald Trump ကတော့ Michigan ပြည်နယ် Traverse မြို့မှာ လုပ်တဲ့ မဲဆွယ်ပွဲမှာ သူသာ သမ္မတဖြစ်လာခဲ့ရင် ငွေကြေးဖောင်းပွမှု အဆုံးသပ်သွားအောင် လုပ်ပေးမယ်လို့ ပြောကြားစည်းရုံးခဲ့ပါတယ်။ အမေရိကန်တွေရဲ့ အိပ်မက်တွေ ပြန်လည်အကောင်အထည် ပေါ်လာအောင်လုပ်ပေးမှာ ဖြစ်သလို နိုင်ငံထဲ တရားမဝင် ဝင်ရောက်သူတွေ ရပ်သွားအောင် ရှေ့တန်းတင်ဆောင်ရွက်ပေးမယ်လို့ သောကြာနေ့က မဲဆွယ်ပွဲမှာ သမ္မတလောင်း Trump က ပြောကြားခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG