သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ ရွေးကောက်ပွဲအတွက် ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်မရှိနိုင်


ပြည်ပက မလိုလားသူတွေ အထူးသဖြင့် ရုရှားကလူတွေ အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်ကို သူတို့စိတ်တိုင်းကျ ဖြစ်လာအောင် electronic ခလုတ်နှိပ်မဲပေးစနစ်ကို ကမောက်ကမ လုပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေချိန်မှာ အမေရိကန်အစိုးရက သူတို့ရဲ့မဲပေးစနစ်က ခိုင်လုံစိတ်ချရတဲ့အကြောင်း တစုံတရာ စိုးရိမ်ဖွယ်မရှိကြောင်း အာမခံချက်ပေးနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

သူ့အစိုးရအနေနဲ့ မဲပေးတဲ့စက်တွေရဲ့လုံခြုံစိတ်ချရမှုကို အားဖြည့်ဆောင်ရွက်နေတယ်လို့ ဝါရှန်တန်မြို့တော်မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ Cyber လုံခြုံရေးညီလာခံမှာ အမိမြေလုံခြုံရေးနဲ့ အကြမ်းဖက်မှု တန်ပြန်ရေးအရာရှိ Lisa Monaco က ပြောကြားခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် George Putic ပေးပို့ထားတဲ့ သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။

အိမ်ဖြူတော်ရဲ့အမိမြေလုံခြုံရေးနဲ့ အကြမ်းဖက်မှု တန်ပြန်ရေးဆိုင်ရာ လက်ထောက် Lisa Monica ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးမားဆုံး ခြိမ်းခြောက်မှုတွေအဖြစ် သမ္မတ အိုဘားမားဆီ အစီရင်ခံရာမှာ အကြမ်းဖက်တိုက်ခိုက်မှု၊ Ebola၊ ဟာရီကိန်းတို့နဲ့အတူ Cyber လုံခြုံရေးခြိမ်းခြောက်မှုဟာလည်း မြင့်မားနေတယ်လို့ တင်ပြခဲ့ပါတယ်။

"ကျမသတိပြုမိတာကတော့ အမေရိကန်အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ခြိမ်းခြောက်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။"

အင်တာနက်ဆက်သွယ်ရေးနဲ့ ကွန်ပြူတာအချက်အလက်တွေကို ထိုးဖောက်နိုင်တဲ့ Hacker အရေအတွက် ပိုမို များပြားလာနေပါတယ်။ အစိုးရမဟုတ်တဲ့သူတွေရော သာမန်ရာဇဝတ်မှု ကျူးလွန်နေသူတွေပါ တွေ့ရပါတယ်။ သူတို့ဟာ ဘယ်သူဘယ်ဝါဆိုတာ ထိန်ဝှက်ပြီး ကိုယ်ရေးအချက်အလက် ခိုးယူတဲ့နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။

"တဖြည်းဖြည်းနဲ့ ဒီခြိမ်းခြောက်မှုဟာ နီးကပ်လာပါတယ်။ ရေတိုရေရှည် ခြိမ်းခြောက်မှုတွေ ဖြစ်ပါတယ်။"

မဲပေးတဲ့စက်တွေကတဆင့် အချက်အလက်တေ ွပေါက်ကြားသွားနိုင်တဲ့ကိစ္စနဲ့ ပတ်သက်တဲ့ ခိုင်လုံမှုကို ပြောကြားရာမှာတော့ Lisa Monica က အမေရိကန်မဲစနစ် အခြေခံအဆောက်အဦးဟာ အင်မတန် ခိုင်လုံစိတ်ချရတယ်ဆိုတာ သိစေချင်လို့ ဆိုပါတယ်။

"ဒါတွေဟာ ကောင်တီအဆင့် မြူနီစပယ်အဆင့်အထိ အပါအဝင် နိုင်ငံတွေ၊ ပြည်နယ်တွေ၊ ဒေသန္တရအဖွဲ့တွေက ထိန်းချုပ်စီစဉ်နေကြတာ ဖြစ်ပါတယ်။ ဒါ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းတခု မဟုတ်ပါဘူး။ ဒါတွေဟာ အင်မတန် ရှည်လျား ရှုတ်ထွေးပါတယ်။ ဒါကြောင့် ဆိုက်ဘာလုံခြုံရေး ရှုထောင့်ကကြည့်ရင် ကောင်းတဲ့ကိစ္စပါ။ မအောင်မြင်စရာအကြောင်း လုံး၀ မရှိပါဘူး။"

ဒါ့အပြင် အပြန်အလှန် ထိန်းညှိမှုစနစ်နဲ့ မီဒီယာတွေ မသိမမြင်နိုင်တဲ့အတွက်ကြောင့်လည်း အမေရိကန်မဲစနစ်တာ နှောင့်ယှက်လို့မရအောင် ခိုင်မာနေပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအရာရှိတွေ အမှုမဲ့ အမှတ်မဲ့ နေလို့တော့မရဘူးလို့လည်း Monoca က ဆိုပါတယ်။

"အခု ကျမတို့ခေတ်ဟာ အင်မတန် ရှုတ်ထွေးပွေလီတဲ့ခေတ် ဖြစ်ပါတယ်။ ကျမတို့ရဲ့ လုံခြုံရေးစနစ်ကို နည်းမျိုးစုံနဲ့ ချိုးဖောက်ဖို့ ကြိုးပမ်းနေသူတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် ကျမတို့ဟာ အမိမြေလုံခြုံရေးဌာနအပါအဝင် တခြားဌာနတွေနဲ့ ပူးပေါင်းပြီး မဲပေးတဲ့စက်တွေ၊ မဲစာရင်းတွေ လုံခြုံတိကျမှုရှိအောင် ကြိုးပမ်းနေပါတယ်။ ပြည်နယ်အရာရှိတွေ၊ ရွေးကောက်ပွဲအရာရှိတွေ၊ ကျွမ်းကျင်သူတွေနဲ့တကွ တာဝန်ရှိသူတွေ အားလုံးက အတတ်နိုင်ဆုံး ကြိုးပမ်းနေကြပါတယ်။"

အခုအခါ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စူးစမ်းမှု၊ အချက်အလက် ရယူဖို့ အားထုတ်မှုတွေ အများအပြားတွေ့ရပေမဲ့ ရလဒ်ကို ကပြောင်းကပြန် ဖြစ်အောင်လုပ်ဖို့ အားထုတ်မှု တစုံတရာ မတွေ့ရသေးဘူးလို့ အာဏာပိုင်တွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG