သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အရှေ့ပြည်နယ် ၅ ခုမှာ Trump နဲ့ Clinton နိုင်ဖို့ တစ်ပြေး


အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့မြောက်ဘက်က ပြည်နယ် ၅ ခုမှာ ပါတီတွင်း သမ္မတလောင်း ပဏာမရွေးကောက်ပွဲတွေ အင်္ဂါနေ့က ကျင်းပနေပါတယ်။ ဒီမိုကရက်တစ်ပါတီဘက်မှာ ရှေ့ဆုံးက ပြေးနေတဲ့ Hillary Clinton နဲ့ ရီပတ်ဘလစ်ကန်ဘက်မှာ ရှေ့ဆုံးက ပြေးနေတဲ့ ဘီလီယံနာသူဌေးကြီး Donald Trump တို့နှစ်ယောက် အခု ကျင်းပတဲ့ ပြည်နယ် ၅ ပြည်နယ်မှာ ထပ်နိုင်မယ်ဆိုရင်၊ ပါတီတွင်း သမ္မတလောင်းတွေဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ် အရေအတွက်တွေ ထပ်ပြီး ရသွားမှာဖြစ်ပါတယ်။ သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲ အခြေအနေနဲ့ အမေရိကန်နိုင်ငံရေး သုံးသပ်ချက်တချို့ကို ကိုသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။

အဂါၤနေ့ အမေရိကန်ပြည်ထောင်စုမှာ Connecticut, Delaware, Maryland, Pennsylvania နဲ့ Rhode Island တွေမှာ ပါတီတွင်းသမ္မတလောင်း ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပနေတာပါ။ အခု အသံလွှင့်ပြီး နာရီပိုင်းအတွင်းမှာပဲ မဲရုံတွေ ပိတ်မှာပါ။ ဒီ ပြည်နယ်တွေမှာလည်း ဒီမိုကရက်တစ်ပါတီဘက်က Hillary Clinton နဲ့ ရီပတ်ဘလစ်ကန်ဘက်က Donald Trump အနိုင်ရလိမ့်မယ်လို့ အများက ခန့်မှန်းထားကြပါတယ်။ ရီပတ်ဘလစ်ကန်ပါတီတွင်း ပြိုင်ဘက်တွေကလည်း Donald Turmp ပါတီရဲ့ သမ္မတလောင်း မဖြစ်ရေး နည်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်။ ဘီလီယံနာသူဌေးကြီး Donald Trump ကတော့ သူ့ကို မဲပေးကြဖို့ ထောက်ခံတဲ့သူတွေကို ဆက်ပြီး ဆော်သြနေပါတယ်။

“နောင် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် Donald Trump ကို မဲပေးလိုက်ပြီဆိုတာနဲ့ သူ အနိုင်ရပြီး သိပ်မကြာခင်၊ ကျနော်တို့ နိုင်ငံကြီး ကြီးမြတ်တဲ့နိုင်ငံ ပြန်ဖြစ်လာတော့မယ်ဆိုတာ ခင်ဗျား ယုံကြည်လိုက်ပါ၊ နောက်တကြိမ် အောင်မြင်မှုတွေ ရမှာ သေချာတယ်။”

ဒီမိုကရက်တစ်ပါတီဘက်မှာ သမ္မတလောင်းဖြစ်ရေး ကိုယ်စားလှယ်အများစုနဲ့ ရှေ့က ဦးဆောင်နေတဲ့ Hillary Clinton ကလည်း အဂါၤနေ့ အင်ဒီယားနားပြည်နယ် Hammond မြို့ Munster Steel ကုမ္ပဏီကို သွားရောက်တဲ့အချိန် သူက အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုတာပါ။

“ရီပတ်ဘလစ်ကန်ဘက်မှာ ရှေ့ကပြေးနေတဲ့ Donld Trump က အမေရိကန်ပြည်ထောင်စုမှာ အလုပ်သမားတွေရဲ့ လုပ်အားခ သိပ်မြင့်နေပြီလို့ ပြောတော့ ကျမ နားမလည်နိုင်အောင် ဖြစ်ရတယ်။ ဒါကြောင့်လည်း သူက အနိမ့်ဆုံးလုပ်အားခတွေ တိုးပေးရေးကို မထောက်ခံတာပါ။”

အခုအချိန်အထိတော့ Hillary Clinton ရဲ့ ပြိုင်ဘက် Bernie Sanders ကလည်း အလျှော့မပေးသေးပါဘူး။ ဒီမိုကရက်တစ်ပါတီအတွင်း သမ္မတလောင်းရွေးချယ်ပွဲတွေဟာ Hillary Clinton ကပဲ အပြတ် အနိုင်ရနိုင်တာကြောင့် ရှုတ်ထွေးမှု မရှိပေမဲ့ ရီပတ်ဘလစ်ကန် ပါတီဘက်ကမှာတော့ ဒီလို မဟုတ်ပါဘူး။ ဒီနေ့ မယ်ရီလမ်းပြည်နယ် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲမှာ မဲပေးခဲ့သူတဦးဖြစ်တဲ့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က အငြိမ်းစား ဌာနမှူးဟောင်း ဦးခင်မောင်ဌေးက သမ္မတလောင်း ရွေးချယ်ရေး ပဏာမ ရွေးချယ်ပွဲတွေအပေါ် အခုလို သုံးသပ်ပါတယ်။

“ရီပတ်ဘလစ်ကန်ပါတီမှာတော့ Trump ဘက်က ပြောတာက ပါတီညီလာခံ မတိုင်ခင်က ၁၂၃၇ ပါတီကိုယ်စားလှယ်တွေ ရမှာပါလို့ ပြောတယ်။ သို့သော်လည်းပဲ အဲဒီ ရီပတ်ဘလစ်ကန် ပါတီမှာကတော့ သိတဲ့အတိုင်းပဲ တော်တော်လေးကို ရှုတ်ရှုတ်ထွေးထွး၊ အတိုက်အခိုက်တွေကလည်း များနေတော့ ဘယ်လိုဘယ်ညာ ဖြစ်လာမယ်ဆိုတာကတော့ မျှော်မှန်းဖို့ ခက်တယ်။ သို့သော်လည်းပဲ ဒီနေ့ကျင်းပတဲ့ ပြည်နယ် ၅ ခုလုံးမှာ Trump က နိုင်ဖို့ များပါတယ်။ နိုင်ဖို့ များတော့ ကိုယ်စားလှယ်မဲ အရေအတွက်လည်း တက်သွားမှာပေါ့လေ၊ သူတို့အနေအထားကတော့ နည်းနည်းလေး ပြောရခက်တယ်။ အခုအထိကတော့ Trump ကတော့ အသာရနေတုန်းပါပဲ။”

ဒီမိုကရက်တစ်ပါတီတွင်းမှာ Hillary Clinton က ကိုယ်စားလှယ် အများစုနဲ့ အနိုင်ရနေပေမဲ့ ပြိုင်ဘက် အထက်လွှတ်တော်အမတ် Bernie Sanders ကို ထောက်ခံသူတွေလည်း အများအပြား ရှိပါတယ်။ Pennsylvania ပြည်နယ်က သမိုင်းသုတေသီ ဒေါ်ဖြူဖြူကတော့ Hillary Clinton ကို ထောက်ခံမဲပေးခဲ့သူပါ။ သူက ဒီနေ့ မဲရုံကအပြန် Bernie Sanders ကို ထောက်ခံသူတဦးနဲ့ ငြင်းခုန်ခဲ့တဲ့အကြောင်း ဗွီအိုအေကို အခုလို ပြန်ပြောပြပါတယ်။

“ငါကတော့ဟေ့ ရှင်းရှင်းပဲ၊ ငါတို့တိုင်းပြည်က မြန်မာနိုင်ငံမှာ အမျိုးသမီးက ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်နိုင်ခြေရှိရဲ့သားနဲ့ မဖြစ်ဘူး၊ ငါကတော့ ကလင်တန်ကို မဲပေးလိုက်တယ်။ မိန်းမ သမ္မတဖြစ်တာ ငါကြည့်ချင်လို့၊ ဟီလာရီကလင်တန်ကို ပေးတယ်လို့ ပြောလိုက်တယ်။ သူလုပ်နိုင်တဲ့ဟာတွေ အများကြီးရှိတယ်။ သူ့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဟီလာရီကလင်တန်ကို ရွေးလိုက်တာနဲ့ သူ့ယောကျာ်းက အရင်က သမ္မတဟောင်း၊ သူကလည်း First Gentleman အနေနဲ့ သူ့မိန်းမကို အများကြီး ပံ့ပိုးပေးမှာလို့၊ သူတို့နှစ်ယောက် ဦးနှောက်နဲ့ ငါတို့ တိုင်းပြည်က အများကြီး ထောင်တက်မှာလို့”

ရီပတ်ဘလစ်ကန်ဘက်မှာတော့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေသူတွေထဲက တဦးမှာ ပြတ်ပြတ်သားသား လိုအပ်တဲ့ ကိုယ်စားလှယ် အရေအတွက် မရဘူးဆိုရင်၊ ပါတီညီလာခံမှာ ထပ်ပြီး ရွေးချယ်ရမှာဖြစ်ပြီး၊ အထက်လွှတ်တော်အမတ် Ted Cruz က သူ့ဘက်က အလားအလာ ရှိတယ်လို့ ပြောနေပါတယ်။ ဒါပေမဲ့လည်း လေ့လာသူတွေကတော့ Ted Cruz ဘက်က မျှော်လင့်သလို ဖြစ်နိုင်ခြေ တဖြေးဖြေး နည်းလာနေတယ်လို့ မြင်ပါတယ်။ နောက်ဆုံးထွက်လာတဲ့ NBC ရုပ်သံရဲ့ လူထုစစ်တမ်းတွေမှာ Donald Trump အပေါ် ထောက်ခံမှုတွေ ပုံမှန်ရှိနေပြီး ရီပတ်ဘလစ်ကန်နဲ့ ရီပတ်ဘလစ်ကန်ကို ထောက်ခံသူတွေရဲ့ ၅၀% ထောက်ခံမှုရနေပြီဆိုပြီး ပြောဆိုနေကြောင်းပါ ခင်ဗျား။

XS
SM
MD
LG