သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတလောင်း အကြိုရွေးချယ်ပွဲ Clinton နဲ့ Trump အနိုင်ရ


အမေရိကန်ပြည်ထောင်စု ပြည်နယ် ၆ ခုမှာ အင်္ဂါနေ့ကျင်းပတဲ့ ဒီမိုကရက်ပါတီအတွက် သမ္မတလောင်း အကြိုရွေးချယ်ပွဲတွေမှာ အခု အသံလွှင့်နေချိန်မှာပဲ New Jersey ပြည်နယ်မှာတော့ မဲရုံတွေ ပိတ်သွားပါပြီ။

လောလောဆယ် မဲရလဒ်တွေအရ Hillary Clinton က ၅၇% သူ့ရဲ့ပြိုင်ဘက် Bernie Sanders က ၄၃% အသီးသီး အနိုင်ရနေကြပါတယ်။ အစောပိုင်းထဲက နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ဖြစ်နေပြီလို့ သတင်းထုတ်ပြန်မှုတွေလည်း ရှိပါတယ်။

လိုအပ်တဲ့ပါတီကိုယ်စားလှယ် ၂,၃၈၃ ယောက်ကို Mrs. Clinton ရရှိထားပြီလို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ အဲဒီထဲမှာ ဘယ်ကိုယ်စားလှယ်လောင်းကို မဆို လွတ်လပ်စွာရွေးချယ်နိုင်တဲ့ Superdelegates ၅၇၁ ယောက်ရဲ့ ထောက်ခံမှုလဲ ပါဝင်ပါတယ်။ သူတို့ရဲ့မဲတွေကတော့ ပါတီညီလာခံကျမှ အတည်ဖြစ်မှာပါ။

ဒါပေမဲ့ မကြာခင်နာရီပိုင်းအတွင်းမှာ Clinton က အောင်ပွဲခံမိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။ သူ့ရဲ့ပြိုင်ဘက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကတော့ အင်္ဂါနေ့အစောပိုင်းအထိ California ပြည်နယ်မှာ မဲဆွယ်ခဲ့ပါတယ်။

Hillary Clinton သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့ အခြေအနေမှာ အမေရိကန်က အမျိုးသမီးတယောက်ကို သမ္မတလောင်းအဖြစ် ရွေးချယ်တဲ့ သမိုင်းတင်ပြီလို့ ဒီမိုကရက်ပါတီ လွှတ်တော်အမတ်တွေရော ရီပတ်ဘလီကန် ပါတီအမတ်တွေကပါ အင်္ဂါနေ့က ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ သူမအပေါ် ထောက်ခံမှုပေးတဲ့ အပိုင်းမှာတော့ သဘောထားတွေ ကွဲပြားနေကြဆဲဖြစ်ပါတယ်။

New Mexico ၊ တောင် Dakota တို့မှာ မဲရုံတွေပိတ်ပြီး ဒီမိုကရက်ဘက်က Clinton က Sanders ကို အနိုင်ရရှိသွားပါတယ်။ မြောက် Dakota၊ Montana နဲ့ California ပြည်နယ်တွေမှာတော့ အခုအသံလွှင့်နေချိန်အထိ မဲပေးနေကြဆဲဖြစ်ပါတယ်။ ရီပတ်ဘလီကန်ပါတီဘက်မှာတော့ New Jersey ပြည်နယ်မှာ Donald Trump က ၈၀% အပြတ်အသတ် အနိုင်ရနေပါတယ်။

ဒေသစံတော်ချိန် ည ၉ နာရီ နယူးယောက်မှာ သူက အောင်ပွဲခံမိန့်ခွန်းပြောကြားရာမှာ ပြည်သူတွေကို သူ့အနေနဲ့ ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်တဲ့အကြောင်း ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ သွေးစည်း ညီညွတ်ဖု့ိ သူက တိုက်တွန်းလိုက်ပြီး Clinton ကိုတော့ တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။

ဒီမိုကရက်ပါတီက သမ္မတလောင်းဖြစ်ဖို့ သေချာသွားပြီဖြစ်တဲ့ Hillary Clinton ကတော့ ည ၉ နာရီ ၄၅ မှာ သူ့ရဲ့ အောင်ပွဲခံမိန့်ခွန်း ပြောကြားဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG