သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတရွေးကောက်ပွဲ ရှေ့ခရီး


အမေရိကန်ပြည်ထောင်စုက အဓိက နိုင်ငံရေးပါတီကြီး ၂ ခုဖြစ်တဲ့ ဒီမိုကရက်နဲ့ ရီပတ်လဘီကန် ပါတီတို့ရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကာလတွေအတွင်းက စိတ်လှုပ်ရှားစရာ၊ အံ့အားသင့်စရာ မကောင်းသေးဘူးလို့ ယူဆကြမယ်ဆိုရင်တော့ အခု ပါတီ ၂ ခုလုံးက Hillary Clinton နဲ့ Donald Trump တို့ကို သမ္မတ ကိုယ်စားလှယ်လောင်းတွေအဖြစ် အသီးသီး ရွေးချယ်လိုက်ကြပြီဖြစ်တဲ့အတွက် ရှေ့မှာတော့ စိတ်လှုပ်ရှားဖွယ်ရာ အများကြီး တွေ့လာရမှာ ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ကိုယ်စားလှယ်လောင်း ၂ ဦးအနေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကလည်း အများအပြား ရှိနေတာပါ။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲရဲ့ ကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့ Hillary Clinton ရော၊ Donald Trump ပါ ၂ ဦးစလုံးဟာ သူတို့ ပါတီအသီးသီးရဲ့ သမ္မတကိုယ်စားလှယ်လောင်းတွေ ဖြစ်လာကြဖို့အတွက် Primary လို့ခေါ်တဲ့ ပါတီတွင်း ပဏာမရွေးချယ်မှုတွေအတွင်း ပါတီဝင်အဖြစ် မှတ်ပုံတင်ထားကြသူတွေ သူတို့ကို ထောက်ခံ အားပေးကြဖို့ ၁ နှစ်လောက်နီးပါး မဲဆွယ်စည်းရုံးခဲ့ကြရတာပါ။

ဒါပေမဲ့ မဲဆန္ဒရှင်တွေဟာ အရင် ရွေးကောက်ပွဲတွေနဲ့မတူပဲ သူတို့ကိုယ် သူတို့ ဘယ်ပါတီဝင်မှ မဟုတ်တဲ့ တသီးပုဂ္ဂလတွေအဖြစ် သတ်မှတ်လာကြတဲ့အတွက် သမ္မတလောင်းတွေကလည်း ဒီရွေးကောက်ပွဲကာလအတွင်း သူတို့ကို အဓိကထား စည်းရုံးကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် ဒီတသီးပုဂ္ဂလတွေဟာ အရေးအပါဆုံး မဲဆန္ဒရှင်တွေ ဖြစ်လာပါတယ်။

မဲဆွယ်စည်းရုံးမှုတွေအတွက် ပါတီရံပုံငွေဟာ အရေးကြီးပါတယ်။ ဒါကြောင့်လည်း သမ္မတ ကိုယ်စားလှယ်လောင်း ၂ ဦးစလုံးဟာ ငွေကြေးတတ်နိုင်တဲ့ ထောက်ခံသူတွေအနေနဲ့ သူတို့ရဲ့ Campaign အတွက် အလှုငွေ ထည့်ဝင်ကြဖို့ စည်းရုံးကြရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကာလအတွင်း ဒေါ်လာ သန်းရာနဲ့ချီ သုံးစွဲကြရတာကြောင့် ရွေးကောက်ပွဲအတွက် ရံပုံငွေ အလုံအလောက် ရခြင်း မရခြင်း ဆိုတာဟာ ရွေးကောက်ပွဲ အနိုင်အရှုံးကိုပါ အဆုံးအဖြတ် ပေးနိုင်တာကြောင့် ကိုယ့်ပြိုင်ဖက်ထက်သာအောင် ရံပုံငွေကို အပြိုင်အဆိုင် ရှာကြရတာပါ။

အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ Clinton ရဲ့ Campaign ဟာ လက်ရှိမှာ ဒေါ်လာ ၄၄ သန်း ရှိနေပြီး Trump ရဲ့ Campaign ကတော့ ဒေါ်လာ သန်း ၂၀ ရှိတယ်လို့ ဆိုပါတယ်။ Hillary Clinton ဟာ ရွေးကောက်ပွဲ ကာလအတွင်း အခုချိန်ထိ ဒေါ်လာ သန်း ၂၃၀ သုံးစွဲခဲ့ပြီး Donald Trump ကတော့ ၇၁ သန်း သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတ Barack Obama ၂၀၁၂ ခုနှစ်မှာ ပြန်လည် ရွေးကောက်ခံရဖို့အတွက် ဒေါ်လာ ၇၇၅ သန်း သုံစွဲခဲ့ရတယ်လို့ ဆိုပါတယ်။

နေ့တဓူ၀ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေကတော့ ပါတီတွင်း ပဏာမရွေးကောက်ပွဲကာလတွေတုန်းနဲ့ ကွာခြားမှု ရှိမှာမဟုတ်ပါဘူး။

ဒါပေမဲ့ Swing State လို့ခေါ်တဲ့ ရွေးကောက်ပွဲ အနိုင်အရှုံးကို အဆုံးဖြတ်ပေးနိုင်တဲ့ အနေအထားရှိပြီး ဘယ်ပါတီကို မဲပေးမယ်လို့ ယတိပြတ် မဆုံးဖြတ်ရသေးတဲ့ ပြည်နယ်တွေကို အဓိက အာရုံစိုက် စည်းရုံးကြမှာလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Florida ၊ Ohio နဲ့ Pennsylvania စတဲ့ ပြည်နယ်တွေကတော့ အရေးပါတဲ့ ဆုံးဖြတ်ချက်ပေးနိုင်မယ့် ပြည်နယ်တွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဒုတိယ အရေးပါတဲ့အချက်ကတော့ စကားစစ်ထိုးပွဲတွေပဲဖြစ်ပါတယ်။

သမ္မတ ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်ကြတဲ့ Hillary Clinton နဲ့ Donald Trump တို့ရဲ့ စကားစစ်ထိုးပွဲ ၃ ကြိမ် ကျင်းပဖို့ ရှိတာမှာ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲကိုတော့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒုတိယ စကားစစ်ထိုးပွဲကိုတော့ အောက်တိုဘာလ ၉ ရက်နေ့နဲ့ တတိယနဲ့ နောက်ဆုံး ကားစစ်ထိုးပွဲကိုတော့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒုသမ္မတလောင်း ၂ ဦးဖြစ်ကြတဲ့ ဒီမိုကရက်ပါတီက Virginia ပြည်နယ် အထက်လွှတ်တော်အမတ် Tim Kaine နဲ့ ရီပတ်ဘလီကန်ပါတီက Indiana ပြည်နယ် အုပ်ချုပ်ရေးမှူး Mike Pence တို့ကတော့ အောက်တိုဘာလ ၄ ရက်နေ့မှာ စကားစစ်ထိုးပွဲ ၁ ကြိမ်သာ ပြုလုပ်ဖို့ ရှိပါတယ်။

စကားစစ်ထိုးပွဲတွေမှာတော့ ပါတီမဲဆွယ် စည်းရုံးပွဲတွေမှာ ထောက်ခံသူ ပရိတ်သတ်တွေရှေ့ ပြောရတာမျိုးမဟုတ်တဲ့အတွက် ကိုယ်စားလှယ်လောင်း ၂ ဦးအကြားက မူဝါဒဆိုင်ရာ ကွဲပြားမှုတွေကို အသေးစိတ် နိုက်နိုက်ချွတ်ချွတ် လေ့လာ သိရှိခွင့် ရကြမှာပါ။ Donald Trump ဟာ အုပ်ချုပ်ရေးအတွေ့အကြံမရှိသူ၊ စိတ်အတက်အကျ မြန်တဲ့သူ၊ ပြောချင်ရာ လျှောက်ပြောနေသူ တဦးဖြစ်ပြီး သမ္မတအရည်အချင်းနဲ့ ပြည့်စုံသူမဟုတ်ဘူးလို့ ဒီမိုကရက်ပါတီညီလာခံမှာ Hillary Clinton က မီးမောင်းထိုး ဝေဖန် ခဲ့ပါတယ်။

“သမ္မတရုံးခန်းထဲမှာ Donald Trump ရှိနေတဲ့အချိန် တကယ့် လက်တွေ့ပဋိပက္ခတွေနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေကို စဉ်းစားကြည့်ပါ၊ Tweet လုပ်ပြီး မြုဆွယ်လို့ရတဲ့ လူတဦးဟာ နျူကလီးယား ခလုပ်ကို နှိပ်ပိုင်ခွင့်ရှိတဲ့ သူအဖြစ် ယုံကြည်ထားလို့ ရနိုင်တဲ့သူတဦး မဟုတ်ပါဘူး။”

Donald Trump ကတော့ Hillary Clinton ဟာ သမ္မတ အိုဘားမားရဲ့ မပြီးဆုံးသေးတဲ့ ပေါ်လစီတွေ၊ လုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်မယ့်သူ ဖြစ်တယ်ဆိုလို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြုလုပ်တဲ့ မဲဆွယ် စည်းရုံးမှုတခုမှာ ပြောကြားခဲ့ပါတယ်။

“သမ္မတ အိုဘားမားရဲ့ အစိုးရကို နောက်ထပ် ၄ နှစ်သက်တမ်း ကျနော်တို့ တိုးမပေးနိုင်ပါဘူး။ Hillary Clinton ကို ရွေးကောက်တင်မြောက်တာဟာ အဲဒီအတိုင်းဖြစ်နေပါလိမ့်မယ်။ သမ္မတ အိုဘားမားကို နောက်ထပ် ၄ နှစ် ကျနော်တို့ ထပ်မပေးနိုင်ပါဘူး။”

ဒီရွေးကောက်ပွဲမှာ အရေးပါတဲ့ နောက်တချက်ကတော့ မဲဆန္ဒရှင်တွေ မနှစ်သက်တဲ့အချက်ကို ဘယ်လို ကျော်လွားနိုင်အောင် လုပ်ဆောင်ကြမလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ အရင် သမ္မတရွေးကောက်ပွဲတွေမှာ ပါတီ ၂ ခုအကြား ပေါ်လစီအရ မတူညီမှုတွေကို တိုက်ခိုက်ကြယုံတင်မကဘဲ ဒီနှစ် ရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ ဆန့်ကျင်ဘက် ပါတီဝင်တွေက ပြိုင်ဖက်ကိုယ်စားလှယ်လောင်းကို မနှစ်သက်မှုဟာ အဆုံးစွန်ကို ရောက်နေပြီး ကိုယ်စားလှယ်လောင်း ၂ ဦးစလုံးဟာလည်း အရင် သမ္မတ ကိုယ်စားလှယ်လောင်းတွေလိုမဟုတ်ပဲ လူကြိုက်အနဲဆုံးတွေ ဖြစ်နေတဲ့ကိစ္စပါ။ ဒါကြောင့်လည်း ၂ ဦးစလုံးက သူတို့မှာရှိတဲ့ မဲဆန္ဒရှင်တွေ မကြိုက်နှစ်သက်တဲ့အချက်တွေကို ကျော်လွှားနိုင်ဖို့ အစွမ်းကုန် ကြိုးစား လုပ်ယူကြရမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမဟာ မကောင်းတဲ့အချက်တွေကို အပြန်အလှန် ထောက်ပြကြတဲ့ အကျည်းတန်တဲ့ ရွေးကောက်ပွဲတခု ဖြစ်နိုင်တယ်လို့ Wall Street Journal က ဝါရင့်သတင်းထောက် Gerald Seib က သုံးသပ်ပါတယ်။

“ဒီရွေးကောက်ပွဲဟာ ရှုပ်ထွေးတဲ့၊ အကျည်းတန်တဲ့၊ သိမ့်မွေ့နူးညံ့မှု ကင်းမဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်တယ်ပါတယ်။ လူတွေ ကြိုက်တာ မကြိုက်တာ အပထား၊ ဒီရွေးကောက်ပွဲဟာ မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်ကို ကြိုက်နှစ်သက်လို့ မဲပေးတယ်ဆိုတာထက်၊ တဖက်လူကို မဲမပေးကြဖို့အတွက် မဲဆွယ် စည်းရုံးကြမယ့် ရွေးကောက်ပွဲ ဖြစ်လာပါလိမ့်။ ကျနော်ကတော့ အဲဒါမျိုးကို မနှစ်သက်ပါဘူး။ အဲဒီလို ဖြစ်လာမယ့်အတွက် ဒီရွေးကောက်ပွဲဟာ မလွဲမရှောင်သာပဲ အကျည်းတန်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာပါလိမ့်မယ်။”

Hillary Clinton နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်ခဲ့တဲ့ အီးမေးအရှုပ်တော်ပုံကြောင့် သူမဟာ မယုံကြည်ရသူအဖြစ် Donald Trump ရဲ့ Campaign က ဇောင်းပေး မဲဆွယ် စည်းရုံးနေသလို Hillary Conton ဖက်ကလည်း Donald Trump ဟာ ပေါ်လစီပိုင်းမှာ ဂဃနဏ သိရှိထားသူမဟုတ်ပဲ ပြောချင်ရာ လျှောက်ပြောနေတဲ့သူဖြစ်တဲ့အတွက် သမ္မတဖြစ်ဖို့ အရည်အချင်း မပြည့်ဝသူအဖြစ် ဝေဖန် ပြောဆိုနေကြတာပါ။ အခုချိန်ထိ ကောက်ခံထားတဲ့ လူထုစစ်တမ်းတွေအရကတော့ ကိုယ်စားလှယ်လောင်း ၂ ဦးအကြား ဘယ်သူနိုင်မယ်ဆိုတာ အတတ် မပြောနိုင်သေးတဲ့ အနေအထားမှာရှိနေပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG