သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတလောင်းတွေ အပြိုင် မဲဆွယ်စည်းရုံး

ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump နှင့် ဒီမိုကရက် သမ္မတလောင်း ဒုသမ္မတ Kamala Harris
ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump နှင့် ဒီမိုကရက် သမ္မတလောင်း ဒုသမ္မတ Kamala Harris

နိုဝင်ဘာလထဲ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အမေရိကားကို ရွှေ့ပြောင်းအခြေချ နေထိုင်လာသူတွေထဲ မဲပေးခွင့်ရှိသူဦးရေ ၂၄ သန်းနီးပါး ရှိတယ်လို့ Pew သုတေသနအဖွဲ့ရဲ့ လေ့လာချက် စစ်တမ်းက ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဒီလို လူတွေရဲ့ မဲတွေကလည်း လာမယ့်ရွေးကောက်ပွဲအတွက် အရေးပါပါတယ်။

ဒီမိုကရက် သမ္မတလောင်းဖြစ်တဲ့ ဒုသမ္မတ Kamala Harris ကတော့ မနေ့ သောကြာနေ့က အာရပ်နွယ်ဖွား အမေရိကန် အသိုင်းအဝိုင်းတချို့နဲ့ Michigan ပြည်နယ် Flint မြို့မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။ ဂါဇာစစ်ပွဲနဲ့ လက်ဘနွန်မှာပါ ပဋိပက္ခတွေ ကျယ်ပြန့်လာတဲ့အပေါ် အစိုးရရဲ့ တုံ့ပြန်ကိုင်တွယ်ပုံကို မကျေမနပ် ဖြစ်နေတဲ့ အာရပ်နွယ်ဖွားတွေရဲ့ ထောက်ခံမှုရဖို့ ကြိုးပမ်းတဲ့အနေနဲ့ အခုလို တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ လက်ရှိ ဂါဇာနဲ့ လက်ဘနွန်မှာ ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်းနဲ့ ဒီစစ်ပွဲတွေ အဆုံးသတ်ဖို့နဲ့ ဒေသတွင်း စစ်ပွဲတွေ ကျယ်ပြန့်မလာအောင် ဟန့်တားနိုင်ရေး သူ့ရဲ့ ကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း Kamala Harris ရဲ့ မဲဆွယ်လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက သူ့ကို ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းမှုကနေ ပွတ်ခါသီခါ လွတ်မြောက်ခဲ့တဲ့ Pennsylvania ပြည်နယ် Butler မြို့ကို ဒီကနေ့ ပြန်လည်သွားမှာ ဖြစ်ပါတယ်။ သေနတ်နဲ့ ပစ်ခံရလို့ မဲဆွယ်ပွဲ အဆုံးမသတ်ခဲ့ရတဲ့အတွက် ဒီနေ့ ထပ်သွားပြီး မဲဆွယ်မှာဖြစ်တယ်လို့ Trump က ပြောထားပါတယ်။

သောကြာနေ့ကတော့ ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်ကို မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ မုန်တိုင်း ကူညီကယ်ဆယ်ရေး ကိစ္စတွေကနေ စစ်မှုထမ်းဟောင်းတွေရဲ့အရေး၊ နိုင်ငံတကာ ဆက်ဆံရေးစတဲ့ အကြောင်းအရာ အများအပြားကို ပြောဆိုသွားခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG